ထိန်းသိမ်းခံ အမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူတွေကို လွှတ်ပေးဖို့ တောင်းဆို

ပို့စ်တင်ချိန် - 9/28/2013 10:12:00 AM




ဖမ်းဆီးခံထားရတဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ အမျိုးသမီးတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) WON နဲ့ အမျိုးသမီးများအဖွဲ့ချုပ် WLB တို့ နှစ်ဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ ဒီနေ့ စာရေးသားတင်ပြလိုက်ပါတယ်။

လက်မှတ်ပေါင်း ၄၇ဝ ရေးထိုးပြီး နိုင်ငံတော်သမ္မတဆီ တင်ပြတာဖြစ်ကြောင်း အမျိုးသမီးအဖွဲ့များကွန်ရက် WON ကော်မတီဝင် ဒေါ်ရွှေရွှေစိန်လတ်က ပြောပါတယ်။

“အခုအချိန်မှာ နိုင်ငံရေးသမားတွေကို လွှတ်ပေးနေတဲ့အချိန်မှာ တောင်သူလယ်သမားအရေးကိစ္စ၊ ကျေးလက်နေလူထုအရေးကိစ္စ၊ လက်ပံတောင်းစီမံကိန်းနဲ့ ပတ်သက်ပြီးတော့မှ ကိုယ်ကျိုးကိုမကြည့်ဘဲနဲ့ အမျိုးသမီးတန်မဲ့ ရှေ့တန်းကနေပြီးတော့ ရွပ်ရွပ်ချွန်ချွန်လုပ်နေတဲ့ အမျိုးသမီးခေါင်းဆောင်တွေကို ထောင်ချထားတာကို ပြန်လွှတ်ပေးဖို့၊ အမျိုးသမီးဖိုရမ်ကို တက်ရောက်လာတဲ့ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ၄၇ဝ ပေါ့နော် လက်မှတ်ထိုးပြီးတော့ သမ္မတဆီကို ဒီနေ့ရက်စွဲနဲ့ ပို့တာပေါ့”

မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်နော်အုန်းလှ၊ ကချင်ပြည်နယ်က ဒေါ်ဘောက်ဂျာ၊ နတ္တလင်း အကျဉ်းထောင်မှာရှိနေတဲ့ ဒေါ်မြင့်မြင့်အေးနဲ့ ဒေါ်ခင်မိမိခိုင်အပါအဝင် အထိန်းသိမ်းခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတွေကို ပြန်လွှတ်ပေးဖို့ စာရေးသားတင်ပြတာလို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ဝ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့မှာ EXCEL တာဝါမှာကျင်းပတဲ့ မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ်ကို တက်ရောက်လာတဲ့ အမျိုးသမီး ကိုယ်စားလှယ်အားလုံးက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အဲဒီလက်မှတ်တွေရေးထိုး တင်ပြတဲ့စာကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဆီကိုလည်း ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese