အတ္တလန္တိတ်ကို စံချိန်သစ်တင် ဖြတ်ကျော်ခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး ရွက်လှေ

ပို့စ်တင်ချိန် - 9/09/2013 03:26:00 PM


နေရောင်ခြည် စွမ်းအင် အသုံးပြု ကမ္ဘာ့အကြီးဆုံး ရွက်လှေသည် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော်ကာ စံချိန်ကောင်းတစ်ခု မှတ်ကျောက်တင်ခံနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရွက်လှေသည် အတ္တလန္တိတ်သမုဒ္ဒရာကို ၂၂ ရက်ဖြင့် အောင်အောင်မြင်မြင် ဖြတ်ကျော် ခုတ်မောင်းနိုင်ခဲ့သည်။ ယင်းသည် နေရောင်ခြည် စွမ်းအင်သုံး ရေယာဉ်တစ်စင်းအတွက် ကမ္ဘာ့စံချိန်တင် စွမ်းဆောင်မှုလည်း ဖြစ်လာသည်။ အင်ဂျင်သံ ဆူညံမှုလည်း လုံးဝမရှိသည့် ရေယာဉ်သည် ပြီးခဲ့သည့် သီတင်းပတ်က လန်ဒန်တွင် ဆိုက်ကပ်ထားခဲ့သည်။ ယင်းသည် ယခုသီတင်းပတ်တွင် ပြင်သစ်သို့ ပြောင်းရွှေ့ ဆိုက်ကပ်ရန် လျာထားပြီး ဖြစ်သည်။ MS Turanor PlanetSolarဟု အမည်ပေးထားသော ရေယာဉ်သည် ပေါ့ပါးသော ကာဘွန်ကိုယ်ထည်ဖြင့် ဆောက်လုပ်ထားသည်။

ယင်းသည် ၅၁၂ စတုရန်းမီတာ ကျယ်ဝန်းသော နေရောင်ခြည်စွမ်းအင်စု ရောင်ပြန်ပြား ၈၀၉ ပြားကို တပ်ဆင်ထားပြီး နေရောင်ခြည်ကို စုယူသိမ်းဆည်းကာ စွမ်းအင်အဖြစ် အသုံးပြု ခုတ်မောင်းနိုင်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှ စတင်ခရီးနှင်လာသော ရေယာဉ်သည် လမ်းတစ်လျှောက်တွင် ရေစီးကြောင်းများနှင့် စပ်လျဉ်းသည့် အချက်အလက်များကိုလည်း သုတေသနပြု မှတ်တမ်းတင်လာသည်။ အဆိုပါ အချက်အလက်များသည် ကမ္ဘာ့ပတ်ဝန်းကျင် ပြောင်းလဲမှုကို လေ့လာနေသည့် သိပ္ပံပညာရှင်များအတွက် များစွာ အထောက်အကူ ပြုစေမည်ဟု သိရသည်။

MS Turanor PlanetSolar ၏ ဆိုလာပြား ၈၀၉ ပြားတွင် စုစုပေါင်း ဆိုလာဆဲလ်ငယ် ၂၉၁၂၄ ခု ပါဝင်သည်။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်တိုက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သော ရေယာဉ်သည် အတ္တလန္တိတ်ကို ၂၂ ရက်ဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ဂင်းနစ် မှတ်တမ်းစာအုပ်မှ ယခင် ၂၆ ရက် စံချိန်ဟောင်းကို ရိုက်ချိုးပစ်ခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ တက္ကသိုလ်အတွက် နည်းပညာ ထောက်ပံ့မှုများ ပြုလုပ်ပေးသော ရေယာဉ်သည် အတ္တလန္တိတ်ကို ဖြတ်ကျော်ရာတွင် သိပ္ပံပညာရှင်များ အပါအဝင် လူ ၉ ဦးကို တင်ဆောင်လာခဲ့သည်။
ရေယာဉ်နှင့်အတူ လိုက်ပါခဲ့သည့် ပရော်ဖက်ဆာ မာတင်ဘန်နီစတန်က "MS Turanor PalnetSolarရဲ့ ရေနက်လေ့လာမှု သုတေသန ခရီးစဉ်ဟာ သမုဒ္ဒရာတွေနဲ့ ပတ်ဝန်းကျင် လေထုမှာ လက်တွေ့ ဖြစ်ပျက် ပြောင်းလဲနေမှုတွေကို အများကြီး အသစ်ရှာဖွေ တွေ့ရှိစေခဲ့ပါတယ်။ ရေယာဉ်မှာ လေ့လာရေး ကိရိယာတွေ တပ်ဆင်ထားပါတယ်။ ဒါပေမဲ့ တချို့ကတော့ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးတယ်"ဟု ဆိုသည်။ ၎င်းက ရေယာဉ်၏ အကူအညီဖြင့် ဂျနီဗာ တက္ကသိုလ်တွင် မှတ်တမ်းမတင်နိုင်သေးသည့် အချက်အလက်များကို စုဆောင်းနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။

MS Turanor PlanetSolarသည် ၃၅ မီတာရှည်ပြီး ၂၃ မီတာ အကျယ်ရှိသည်။ ယင်းသည် ပုံမှန်အားဖြင့် အမြန်နှုန်း ၆နော့နှုန်းဖြင့် မောင်းနှင်နိုင်သည်။ ရေယာဉ်ရှိ ဆိုလာပြားများသည် နေရောင်ခြည်ကို စုစည်းခံယူကာ လစ်သီယမ်အိုင်ယွန် ဘက်ထရီများဖြင့် အားဖြည့် သိုလှောင်စေကြောင်း သိရသည်။ ယခုရေယာဉ်၏ ခရီးစဉ်တစ်လျှောက် မြို့အများအပြားတွင် ဆိုက်ရောက် ရပ်နားခဲ့သေးသည်။ MS Turanor PalnetSolar ရေယာဉ်ကို နယူးဇီလန်မှ ကရိတ်ဂ်ျလွမ်းစ်က ဒီဇိုင်းရေးဆွဲပြီး ပေါ့ပါးသော ကိုယ်ထည်အဖြစ် ဖန်တီးရန် ကာဘွန်ကို အသုံးပြုခဲ့ခြင်းဟု သတင်းများက ဖော်ပြသွားသည်။

Planet