ပျူမြို့သုံးမြို့ ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းရန်စစ်ဆေးမှု ကျူးကျော်များကြောင့် အခက်တွေ့ဟုဆို

ပို့စ်တင်ချိန် - 9/10/2013 08:33:00 AM



မြန်မာ့ရှေးဟောင်း ပျူမြို့သုံးမြို့ဖြစ်သော ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာမြို့တို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က သြဂုတ်လအတွင်း လာရောက်စစ်ဆေးစဉ် ကျူးကျော် နေထိုင်မှုများကြောင့် အခက်အခဲအချို့ တွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေး ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရှေးဟောင်းအမွေအနှစ် ဧရိယာအဖြစ် သတ်မှတ်တဲ့ အပေါ်မှာ လူနေအိမ်ခြေတွေနဲ့ မလွတ်တာ၊ ကျူးကျော်တွေ နေထိုင်တာတွေရှိလို့ အခက်အခဲ အနည်းငယ် ရှိခဲ့တယ်။ ရှေးဟောင်းဧရိယာ သတ်သတ်မှတ်မှတ်ဖြစ်ပြီး UNESCO အနေနဲ့ အဲဒါတွေကို စိတ်ဝင်စားမှုရှိအောင် ကြိုးစား လုပ်ဆောင်နေရတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

အေဒီ တစ်ရာစုခန့်က စတင်တည် ထောင်ခဲ့သော အဆိုပါ မြို့ဟောင်းများတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ရေးသားဖော်ပြထားသော ရွှေပေလွှာ၂၀ ကို တူးဖော်ရရှိထားပြီး ဘာသာရေး အဆောက်အအုံများဖြစ်သော ဘောဘောကြီးဘုရား၊ ဘုရားကြီး၊ ဘုရားမစသည့် ဘုရားများကို မူလရှေးမူ လက်ရာမပျက် ကျန်ရှိနေသေးသဖြင့် ထူးခြားချက် ဖြစ်ကြောင်း၊ ပျူခေတ် ရှေးဟောင်း အနုပညာလက်ရာများစွာ ကျန်ရှိနေသည့် မြို့များလည်း ဖြစ်သဖြင့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်သင့်ကြောင်း အဆိုပါဌာနရှိ မြန်မာမှု ဗိသုကာပညာရှင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ပျူသုံးမြို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန် UNESCO သို့ ယခုနှစ် ဇန်နဝါရီလက စာရင်းသွင်းထားကြောင်း၊ အဆိုပါ ပျူသုံးမြို့ကို လာရောက် စစ်ဆေးပြီးပါက လာမည့် ၂၀၁၄ ခုနှစ် အတွင်း ရလဒ်များကို ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံဆိုသည်။

အဆိုပါ ပျူမြို့ဟောင်းသုံးမြို့သည် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ကုက္ကိုင်းကြီး ကျေးရွာအနီးရှိ ဗိဿနိုးမြို့ဟောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ဟန်လင်း ကျေးရွာရှိ ဟန်လင်းမြို့ဟောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ မှော်ဇာကျေးရွာအနီးရှိ သရေခေတ္တရာ မြို့ဟောင်းတို့ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လက မန္တလေးမြို့တော် မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားရှိ ကျောက်စာများကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် UNESCO က သတ်မှတ်ပေးခဲ့သည်။
The Voice Weekly