တောင်ဥက္ကလာပမြို့နယ်တွင် စတိုးဆိုင်အတွင်းဝင်ရောက်ကာ ဓါးဖြင့်ထိုးသူနှင့် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 9/20/2013 09:17:00 AM



၁၀.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ
ဒေါ်ခိုင်သဇင်မျိုးသည် အတူနေ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်နှင့်အတူ
နေအိမ်အောက်ထပ်ရှိ ၎င်းတို့ပိုင်စတိုးဆိုင်တွင်ရှိနေစဉ် အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး အချိုရည်ဗူးနှင့် ကလေးကစားစရာအရုပ်ဝယ်ယူလိုကြောင်းပြောဆိုသဖြင့်
ဒေါ်ခိုင်သဇင်မျိုးမှ အချိုရည်ဗူးသွားယူနေစဉ် အဆိုပါအမျိုးသားမှ
ကောင်တာတွင်ထိုင်နေသည့် အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင်လာသော ပလပ်စတစ်အိတ်ဖြူဖြင့်ပတ်ထားသည့် ချွန်ထက်သောအရာဖြင့်ထိုး၍ထွက်ပြေးသွားခဲ့ကြောင်း၊ဒေါ်ခိုင်သဇင်မျိုးမှ သူခိုး၊သူခိုးဟုအော်ပြီး နောက်မှလိုက်စဉ် အဆိုပါသူမှာ ခေါင်းရင်း(၃)အိမ်
ကျော်ခန့်၌ ရပ်ထားသည့် အမှတ်မသိ ဗင်အဖြူရောင်ယာဉ်ပေါ်သို့
တက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ အစ်မဖြစ်သူဒေါ်မြင့်မြင့်ရှိန်
တွင် ၀ဲ/ယာရင်အုံအောက်တွင်ထိုးသွင်း ဒဏ်ရာ(၂)ချက်၊
ဝဲဂျိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသနေရသောကြောင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်း ခဲ့၍ တောင်ဥက္ကလာပမြို့မရဲစခန်း(ပ) ၃၃၆/၂၀၁၃၊ ပုဒ်မ၃၂၆ ဖြင့်
အမှုဖွင့်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏လမ်းညွှန်ချက်ဖြင့် ရဲမှူးသိန်းလွင်မှအနီးကပ်ကြီးကြပ်၍ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ
တပ်ဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့်
ပူးပေါင်းအဖွဲ့မှ အမှုနှင့်ပတ်သက်၍စုံစမ်းရရှိသည့် သတင်း
အချက်အလက်များ၊ အထောက်အထားရှာဖွေတွေ့ရှိချက်များအရ ၁၈.၉.၂၀၁၃ ရက်နေ့တွင် ပြစ်မှုကျူး လွန်သူများဖြစ်သည့်
ကြေးစား မြင့်အေး(ဘ)ဦးဖိုးကြည်၊ (လိပ်စာအတည်တကျမရှိသူ)နှင့် ဒါးပိန်မြို့နေသူများဖြစ်သည့် စီစဉ်ပေးသူလှမောင်(ဘ)ဦးသောင်းငွေ၊
ငွေပေးစေခိုင်းသူ သားအဖဖြစ်သည့် ဦးပေါက်(ခ)မြင့်လွင်၊(ဘ)ဦးပုနှင့်
၎င်း၏သားဖြစ်သူ ဇင်သန့်(ခ)ဇင်သန့်အောင် တို့(၄)ဦးအား စုံစမ်းရှာဖွေကာအသီးသီးဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ပြစ်မှုကျူးလွန်
စဉ်က အသုံးပြုခဲ့သည့် စူပါရုဗင် (တက္ကစီ)ယာဉ်နှင့် အခြားဆက်စပ်သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ အမှုမှ ဓါးဖြင့်ထိုးခြင်းခံရသူ
ဒေါ်မြင့်မြင့်ရှိန်နှင့် စားသောက်ဆိုင် ကိစ္စစကားများကာ
တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင်အပြန်အလှန်အမှုရင်ဆိုင်နေသူ
မြင့်လွင် (ဒေါ်မြင့်မြင့်ရှိန်၏အစ်မဖြစ်သူဒေါ်ခင်ခင်စိန်၏ခင်ပွန်း) နှင့်
သားဖြစ်သူ ဇင်သန့်အောင်တို့သည် အမှုရှုံးမည် စိုးသောကြောင့် လှမောင်(မြင့်လွင်နှင့်ညီအစ်ကိုဝမ်းကွဲတော်သူ)နှင့် တိုင်ပင်ခဲ့ပြီး
လှမောင် မှလူငှား၍သတ်ရန်အကြံပေးကာ မြင့်အေးနှင့် ဆက်သွယ်
ပေးခဲ့ကြောင်း၊ (၆)လပိုင်းအတွင်းက လှမောင်မှ ထောက်ကြန့်လမ်းဆုံ
အနီးရှိ ဘီယာဆိုင်တွင် မြင့်လွင်နှင့် ဇင်သန့်အောင်တို့အား မြင့်အေးနှင့်
တွေ့ဆုံပေးကာ ဒေါ်မြင့်မြင့်ရှိန်အားသတ်ရန် ငွေကျပ်သိန်း(၅၀)ဖြင့်
ဈေးသတ်မှတ်ခဲ့ကြပြီး စရံအဖြစ်ငွေကျပ်(၄)သိန်းအား (၂)ခါခွဲပေး
ခဲ့ပြီးနောက် ဒေါ်မြင်မြင့်ရှိန်နှင့်ဈေးဆိုင်တို့အားမှတ်မိစေရန် မြင့်အေးအား (၂)ကြိမ်လိုက်လံပြသပေးခဲ့ကြောင်း၊ အချင်းဖြစ်နေ့ တွင်လှမောင်မှ
မြင့်အေးအားဆက်သွယ်ချိန်းဆိုပြီး ဇင်သန့်အောင်မှ ၎င်းပိုင် စူပါရုဗင်(တက္ကစီ)ယာဉ်အားမောင်းနှင်ကာ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒ၀န်ဈေးရှေ့၊ သုမင်္ဂလာလမ်းပေါ်တွင် မြင့်အေးအား သွားရောက်
ခေါ်ဆောင်ခဲ့ကြောင်း၊ ဇင်သန့်အောင်မှလမ်းတွင် ၎င်း၏ယာဉ်နံပါတ်ကို တိပ်ဖြင့်ကပ်ကာအုပ်ထားခဲ့ကြောင်း၊ ဒေါ်မြင့်မြင့်ရှိန် နေထိုင်သည့် စတိုးဆိုင်အနီး သို့မြင့်အေးအား ပို့ဆောင်ပေးကာ လှမောင် နှင့်
ဇင်သန့်အောင်တို့မှ ယာဉ်ပါ်၌ အသင့်စောင့်နေခဲ့ကြကြောင်း၊
မြင့်အေးမှ ဒေါ်မြင့်မြင့်ရှိန်အား ဓါးဖြင့်ထိုးခဲ့ကာ ယာဉ်ရှိရာသို့ပြန်ပြေး
လာပြီး မောင်းနှင်ထွက်ပြေးလာခဲ့ကြကြောင်း၊ ယာဉ်ပေါ်၌
မြင့်အေးအား ငွေကျပ်(၅)သိန်းထပ်မံပေးခဲ့ပြီး သံသုမာလမ်းပေါ်တွင်
ချထားပေးခဲ့ကြောင်း၊ လှမောင်နှင့် ဇင်သန့်အောင်တို့မှ ယာဉ်နံပါတ်တွင် ကပ်ထားသည့် တိပ်အားခွာ၍ ဒါးပိန်မြို့သို့ ပြန်ခဲ့ကြကြောင်း၊
၁၃.၉.၂၀၁၃ ရက်နေ့တွင် မြင့်လွင်မှ ငွေကျပ်သိန်း(၃၀)အား လှမောင်မှတဆင့် မြင့်အေးထံသို့ထပ်မံပေးခဲ့သည်ကို စစ်ဆေးပေါ်ပေါက်
ခဲ့သဖြင့် အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police