Software Park တစ်ခုပေါ်ပေါက်လာရန် တောင်းဆိုမည်

ပို့စ်တင်ချိန် - 9/17/2013 10:16:00 AM

နည်းပညာနယ်ပယ်မှ Software သမားများကို စုစည်းနိုင်ရန်နှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်းများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် သီးသန့် ICT Park တစ်ခု သို့မဟုတ် သီးသန့် Software Park တစ်ခုကို တောင်းဆိုသွားမည်ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။


လေလ့ာတွေ့ရှိချက်အရ တက္ကသိုလ်ကျောင်းများမှ တစ်နှစ်လျှင် နည်းပညာလုပ်သား ၆ ထောင်မှ ၈ ထောင်အကြား ဆင်းသက်လာသော်လည်း အဆိုပါ ကျောင်းဆင်းလုပ်သားများအတွက် လုပ်ငန်းခွင်နယ်ပယ်၌ အလုပ်အကိုင်နှင့် အခွင့်အလမ်း မရှိကြောင်း သိရသည်။


“စုစည်းထားတဲ့အသံတွေ လိုချင်တယ်။ ဒါတွေသာ အသင်းချုပ်ကိုရောက်ရင် ဒါကိုင်ပြီး တောင်းဆိုသွားမယ်။ ဖြစ်ချင်တာတော့ အိုင်တီသီးသန့်ဖြစ်ချင်တယ်။ ဒီနယ်ပယ်က ရှေ့လျှောက်ပြီး အလားအလာတွေ အများကြီးရှိတာတွေ့ရတယ်။ ပုံမှန် SME နဲ့တောင် မရောစေချင်ဘဲနဲ့ လုံးဝအထူးသီးသန့် Sector တစ်ခုအနေနဲ့ ဖြစ်ချင်တယ်” ဟု ဦးဇော်မင်းဦးကပြောသည်။


ထူးချွန်သည့် လူတော်များကို Industry အတွင်း မည်သို့ထိန်းသိမ်းရမည်ကို စဉ်းစားရမည့်အချိန်ဖြစ်ကြောင်း၊ Industry အတွင်း၌ စုပေါင်းရေးဆွဲထားသည့် Frame Work မရှိကြောင်းနှင့် အိုင်တီနယ်ပယ်အတွင်းသို့ ဝင်ရောက်လုပ်ကိုင်လာသည့် ပြည်ပကုမ္ပဏီများကလည်း ပြည်တွင်းလုပ်သားများကို ခေါ်ဆောင်သွားကြကြောင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း နာယက ဦးရဲမြတ်သူက ဆိုသည်။


“ Potential တွေ အများကြီးရှိနေမှန်းသိတယ်။ ကွန်ပျူတာကျောင်းတွေက ထွက်လာတဲ့ Potential ကိုလည်းမသုံးနိုင်သေးဘူး။ ဘာဖြစ်နေတာလဲဆိုတာ ကျွန်တော်တို့စဉ်းစားရမယ်” ဟု ဦးဇော်မင်းဦးက ပြောသည်။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တောင်းဆိုရန်ပြင်ဆင်နေသော သီးသန့် ICT Park အတွက် ဝန်ကြီးဌာနအများအပြားနှင့် ညှိနှိုင်းရမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောသည်။


မြင့်ကျော်လှိုင်၊ ဝေဝေ