ထောက်ခံစာအတုဖြင့် အလှူခံနေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအားအရေးယူ - 7Day Daily

ပို့စ်တင်ချိန် - 10/19/2013 03:23:00 PM


တရားဝင်အလှူခံခွင့်ပြုထားသည့် ထောက်ခံစာကို မိတ္တူဆွဲပြီး လိမ်လည်အလှူခံကာ ကိုယ်ကျိုးအတွက်သုံးစွဲနေသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအား အရေးယူခဲ့မှု အောက်တိုဘာ ၁၅ရက်က နေပြည်တော် ပျဉ်းမနားတွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ပျဉ်းမနားရှိ သာသနာထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဆရာတော်နှင့်အဖွဲ့ တို့သည် အောက်တိုဘာ ၁၅ရက် နံနက် ၁၀နာရီက ရွာကောက်ရပ်ကွက်တွင်း လိုက်လံအလှူခံနေသူ သုံးဦးအား စစ်ဆေးမေးမြန်းရာ အလှူခံဖြတ်ပိုင်းစာအုပ်တစ်အုပ်၊ အလှူခံခွင့်ပြုပါရန် လျှောက်ထားခြင်းခေါင်းစဉ်ပါ ကွန်ပျုတာဖြင့် ပြန်လည်ကူးထားသော ထောက်ခံစာတစ်စောင်တို့ တွေ့ရှိရသည်ဟုဆိုသည်။
ရန်အောင်(၂)ရပ်ကွက်နှင့် တောင်သာရပ်ကွက်နေ ဦးအောင်မြင့်ချို၊ မတင်တင်ဦးနှင့် မသန်းမြင့်တို့သည် ယခင်က တရားဝင်အလှူခံခဲ့ခြင်းဖြစ်သော်လည်း လွန်ခဲ့သောတစ်လခန့်က တာဝန်ရှိဓမ္မာရုံက ရပ်နားခိုင်းထားရာတွင် ထုတ်ပေးထားသော ထောက်ခံစာများကို ပြန်လည်အပ်နှံခဲ့ရကြောင်း၊ ထိုသို့မအပ်နှံမီ အဆိုပါထောက်ခံစာများကို မိတ္တူကူးကာ ထောက်ခံစာအတုဖြင့် ကိုယ်ကျိုးအတွက် လိုက်လံအလှူခံနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းတို့သုံးဦးအား နေပြည်တော်ပျဉ်းမနား မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၄၂၀/၄၆၈(လိမ်လည် မှု/စာရွက်စာတမ်းအတုပြုလုပ်မှု)ဖြင့် အရေးယူဆောင်ရွက်ထားပြီး လွန်ခဲ့သောတစ်လခန့်ကလည်း အလားတူစာရွက်စာတမ်းအတုဖြင့် အလှူခံနေသော အမျိုးသမီးသုံးဦးနှင့် စေခိုင်းသူ အမျိုးသားတစ်ဦးကိုလည်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။