ဂျပန်ဒီဇိုင်နာ၏ အမြင်ဆန်းသော ဒီဇိုင်းများဖြင့် Adidas ဖိနပ်အသစ် ထွက်လာ

ပို့စ်တင်ချိန် - 10/28/2013 11:11:00 AM


အောင်သုတ

ဂျာမန်အားကစားပစ္စည်းကုမ္ပဏီတစ်ခုဖြစ်သော Adidas သည် Yama-moto f50 ဟု အမည်ပေးထားသည့် ဘောလုံးကန်ဖိနပ်ပုံစံသစ်တစ်မျိုးကို စတင်ထုတ်ဝေလိုက်ပြီး ခွေးခြင်္သေ့ရုပ်ပုံစံထည့်သွင်းထားသော အဆိုပါဖိနပ်မှာထုတ်ဝေခဲ့သည့် အားကစားဖိနပ်များထဲတွင် အဆိုးရွားဆုံးပုံစံဟု ဝေဖန်မှုများလည်းရှိခဲ့ သည်။

Yamamoto f50 ဖိနပ်ကို ဂျပန်လူမျိုး နာမည်ကြီးဒီဇိုင်နာ ယိုဂျီယာမာမိုတိုက ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး ဖိနပ်၏ ရှေ့ပိုင်းမျက်နှာစာအား ရှေးခေတ်ဂျပန်အင်ပါယာတို့၏ အထွတ်အမြတ်ထားသည့် ခွေးခြင်္သေ့ရုပ်ကို ထည့်သွင်းထားသည်။ အတိတ်ကာလနှင့် အနာဂတ်သိပ္ပံတီထွင်ဆန်းသစ်မှုတို့ကို ပေါင်းစပ်ကာ ဒီဇိုင်းထုတ် ထားခြင်းဖြစ်ပြီး မြင်နေကျပုံစံမျိုးမဟုတ်သည့်အတွက် ထူးခြားစွာဝေဖန်မှုများလည်းရှိနေသည်။

Yamamoto f50 ဖိနပ်သစ်များသည် ဒီဇိုင်းအရ ကွဲပြားမှုရှိသော်လည်း အရင်ထွက်ရှိထားသော Adizero F50 ဖိနပ်များနှင့် ဖွဲ့စည်းပုံတူညီမှုရှိပြီး ကစားသမားများအတွက် ပိုမိုပေါ့ပါးလျင်မြန်စေရန်မူ ကူညီနိုင်စေရန် ဖန်တီးထားကြောင်း Adidas က ဆိုခဲ့သည်။
Mizzima - News in Burmese