ထိုင်းတောင်ပိုင်းရှိ ATM စက် ၂၆ လုံးတွင် ဗုံးကွဲမှုများနှင့် အခြား တိုက်ခိုက်မှုများ ဖြစ်ပွား

ပို့စ်တင်ချိန် - 10/10/2013 11:40:00 AM




ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်လေးခုရှိ အလိုအလျောက် ငွေထုတ်ယူစက် ATM ၂၆ လုံးတွင် ဗုံးများ ထောင်ထားသည်ကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း၊ အများစုမှာ ပေါက်ကွဲခဲ့ကြောင်း၊ ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းတစ်ကျောင်း မီးရှို့ခံခဲ့ရကြောင်းနှင့် စစ်သည်များ တိုက်ခိုက်ခံခဲ့ ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယာလာပြည်နယ်၏ Muang ခရိုင်ရှိ ATM စက်ခြောက်လုံး၊ Yaha ခရိုင်တွင် လေးလုံး၊ Bannang Sata ခရိုင်တွင် တစ်လုံးနှင့် Khok Pho ခရိုင်တွင် နှစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ယာလာပြည်နယ် ရဲတပ်ဖွဲ့ က ထုတ်ပြန် ကြေညာခဲ့သော်လည်း Muang ခရိုင်နှင့် Khok Pho ခရိုင်တို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက် ကွဲမှုကြောင့် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲမှူးကြီး ဖိုဆူ အီဆူဝမ်က ပြောကြားခဲ့သည်။

ကျောင်းတစ်ကျောင်း အနီးရှိ ATM စက်နှင့် စားသောက်ဆိုင် တစ်ဆိုင်အနီးတွင်လည်း ဗုံးနှစ်လုံး တွေ့ရှိခဲ့ရာ မပေါက်ကွဲမီ ဖြုတ်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ပတ္တနီပြည်နယ် ငါးဖမ်း စက်လှေတစ်စင်းသည်လည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖျက်ဆီး ခံခဲ့ရကြောင်း၊ Sai Buri ခရိုင် တွင်လည်း ကျောင်းဆရာတစ်ဦးသည် သူပုန်များ၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ကျောင်းဆောင် သုံးဆောင်အားမီးရှို့ ခံခဲ့ရကြောင်း၊ အဝေးထိန်း စနစ်ဖြင့်ထိန်းချုပ် ဖောက်ခွဲသော လမ်းဘေးထောင် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် စစ်ဘက် တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ စီးနင်းလာသော မော်တော်ယာဉ်မှာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် နာရာသီဝပ် ပြည်နယ်ရှိ ATM စက်လေးလုံးနှင့် ဆောင်ခလာ ပြည်နယ်ရှိ ခရိုင်သုံးခု တို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း၊ သို့ရာတွင် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

မြ၀တီ