မန္တလေးရွှေနန်းတော်တွင် ဘုရင်မင်းနှစ်ဆက် နန်းသုံးအဆောင်အယောင်နှင့် အဆင်တန်ဆာ အပြည့်အစုံ ထားရှိမည်

ပို့စ်တင်ချိန် - 10/16/2013 05:56:00 PM



မန္တလေး ကျုံးမြို့ရိုးအတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်တွင် မင်းနှစ်ဆက် အဆင်တန်ဆာချင်း တူသည့် မင်းတုန်းမင်းနှင့် သီပေါမင်းနှစ်ပါး လက်ထက်က နန်းသုံး အဆောင်အယောင်နှင့် အဆင်တန်ဆာများ အပြည့်အစုံ ထားရှိရန် စီစဉ်လျက်ရှိကြောင်း မန္တလေးမြို့ခံ မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်နှင့် အဆိုပါလုပ်ငန်း ဆောင်ရွက်မည့် တာဝန်ရှိသူတို့က ပြောကြားသည်။

မြနန်းစံကျော် ရွှေနန်းတော်တွင် ယင်းကဲ့သို့ထားရှိရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ညွှန်ကြားခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေး)အပြင် မြန်မာမှုဗိသုကာ ပညာရှင်များ နှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဌာနမှတာဝန်ရှိသူ တစ်ဦးကဆိုသည်။
ယင်းကဲ့သို့ မြနန်းစံကျော်ရွှေနန်းတော် အတွင်း နန်းဆောင်အလိုက် အဆောင်အယောင် အဆင်တန်ဆာနှင့် နန်းသုံးပစ္စည်းများ ထားရှိခြင်းအတွက် ကုန်ကျစရိတ်များ ကို မန္တလေးတိုင်း ဒေသကြီး အစိုးရ အစီအစဉ်ဖြင့် သုံးစွဲသွားမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

မြနန်းစံကျော် ရွှေနန်းတော် တည်ဆောက်ခြင်း မူလရည်ရွယ်ချက်မှာ အဆောင်များ တည်ဆောက်၍ ယင်းအဆောင်အလိုက် နန်းသုံးအဆင်တန်ဆာနှင့် အဆောင်အယောင်များကို ထားရှိလိုခြင်းဖြစ်ပြီး ယင်းကဲ့သို့ ထားရှိခြင်းသည် ကောင်းမွန်သော အကြောင်းတရားတစ်ခု ဖြစ်ကြောင်း မန္တလေးမြို့ခံ မြန်မာမှုဗိသုကာ ပညာရှင် တမ္ပဝတီဦးဝင်းမောင်က ဆိုသည်။

အဆိုပါ မြနန်းစံကျော် ရွှေနန်းတော် အတွင်း ကုမ္ပဏီတစ်ခုက ပြီးခဲ့သည့် ၂၀ဝ၁ ခုနှစ်ခန့်တွင် မင်းတုန်းမင်းနှင့် သီပေါမင်းခေတ် နန်းဝတ်နန်းစား များကို ထားရှိကာ အဆိုပါ နန်းတော်သို့ လာရောက်လည်ပတ်သူ များကို သတ်မှတ် ငှားရမ်းခပေး၍ ဝတ်ဆင်ကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးခွင့် လုပ်ဆောင် ခဲ့ဖူးပြီး နောက်ပိုင်းတွင် ယင်းကုမ္ပဏီက ဆက်လက် မလုပ်ကိုင်တော့ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူက ထပ်လောင်း ပြောကြားသည်။

မြနန်းစံကျော် ရွှေနန်းတော်သည် မန္တလေးမြို့၏ သတ္တဌာန ခုနစ်ဌာနတွင် တစ်ဌာနအပါအဝင် ဖြစ်ကာ မင်းတုန်းမင်းတရားကြီး တည်ထားခဲ့သော နန်းတော်ဖြစ်ပြီး အမရပူရ နေပြည်တော်မှ မန္တလေး ရတနာပုံ နေပြည်တော်သို့ ပြောင်းရွှေ့ စံမြန်းတော်မူခဲ့သော ပထမဆုံးနန်းတော် ဖြစ်သည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဗုံးဒဏ်ကြောင့် မီးသင့်ခဲ့၍ ယခုတစ်ဖန် အသစ်ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်သည်။

ယခုလက်ရှိတွင် အဆိုပါရွှေနန်းတော်၌ ဘုရင်မင်းနှစ်ဆက်၏ အဆောင်အယောင်နှင့် အဆင်တန်ဆာ အနည်းငယ်သာ ထားရှိသည်။

The Voice Weekly