အီလက်ထရောနစ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကန့်ကွက်သူမရှိ အတည်ပြု

ပို့စ်တင်ချိန် - 10/23/2013 06:02:00 PM


နေပြည်တော်၊ အောက်တိုဘာ ၂၂

တပ်မတော်အစိုးရ လက်ထက်က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို လက်နက် တစ်ခုသဖွယ် အသုံးပြုကာ ဖမ်းဆီး ထောင်ချခဲ့သည့် အီလက်ထရောနစ် ဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်းအား ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် အားလုံးက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

တပ်မတော် အစိုးရက ၂၀၀၄ ခုနှစ်တွင် ရေးဆွဲထားသည့် အီလက်ထရောနစ် ဥပဒေတွင် ထောင်ဒဏ် ခုနစ်နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅ နှစ် ချမှတ်နိုင်သည်ဟု ရေးဆွဲ ထားသော်လည်း ပြန်လည် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထောင်ဒဏ် ငါးနှစ်မှ ခုနစ်နှစ် အထိသာ ချမှတ်နိုင်မည်ဖြစ်ပြီး ထောင်ဒဏ်အစား ငွေဒဏ် ကျခံနိုင်သည့် ပုဒ်မများ အသစ် ထပ်ဖြည့်ထားကြောင်း ယင်းဥပဒေကြမ်းကို တင်သွင်းသူ သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

အဆိုပါ ဥပဒေပုဒ်မ ၃၃ တွင် ပြစ်မှု ကျူးလွန်ပါက ငါးနှစ်မှ ခုနစ်နှစ်အထိ သို့မဟုတ် ငွေဒဏ် ကျပ်သိန်းငါးဆယ်မှ ကျပ်သိန်းတစ်ရာအထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြင်ဆင်ထားသည်ဟု ဦးသိန်းညွန့်က ဆိုသည်။

ယခင် ဥပဒေပါ ပူးပေါင်းကြံစည်ခြင်း၊ အားပေး ကူညီခြင်းများအတွက် ပြစ်ဒဏ် များကိုလည်း ပြောင်းလဲထားပြီး ယခုကဲ့သို့ ပြင်ဆင်နိုင်ခဲ့ခြင်းကြောင့် ငွေဒဏ် ဆောင်နိုင်ပါက ထောင်ဒဏ် ကျခံရမည် မဟုတ်ကြောင်း ဦးသိန်းညွန့်က ထပ်လောင်း ရှင်းပြသည်။

“အရင်တုန်းက ဥပဒေ တော်တော်များများက ဖိနှိပ်ဖို့၊ နိုင်ငံရေး အမြင်မတူ သူတွေကို နှိပ်ကွပ်ဖို့ ရေးဆွဲထားတာ များတယ်။ ဒီနေ့တော့ ခေတ်နဲ့ညီတဲ့၊ နိုင်ငံတကာ လက်ခံနိုင်ပြီး လူ့အခွင့်အရေး စံချိန် စံညွန်းနဲ့ ညီတဲ့၊ ကိုယ့်ဘက်က ဂုဏ်ယူနိုင်တဲ့ အချက်တွေပါတဲ့ ဒီဥပဒေကို ပြည်သူ့လွှတ်တော် မှာတော့ ချောချောမောမော အောင်မြင်သွားပါပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါ အီလက်ထရောနစ် ဥပဒေကြမ်း၏ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ အခန်းတွင် ထောင်ဒဏ် လျှော့ပေါ့ခြင်းနှင့် ငွေဒဏ် ချမှတ်နိုင်သော ပုဒ်မ ထပ်ဖြည့်ပေးရုံဖြင့် မလုံလောက်ကြောင်း၊ အဆိုပါ ဥပဒေသည် နိုင်ငံတကာ စံနှုန်းများဖြင့် ယှဉ်ရမည် ဖြစ်သောကြောင့် လူ့အခွင့်အရေးနှင့် မကိုက်ညီသည့် အချက်များကို ပိုမိုထည့်သွင်း ပြင်ဆင်စေလိုကြောင်း အဆိုပါ ဥပဒေဖြင့် ထောင်ဒဏ် ကျခံခဲ့ဖူးသူ ဦးဇော်သက်ထွေး က The Voice သို့ ပြောကြားသည်။

အဆိုပါ ဥပဒေကို ပြင်ဆင်ရန် ဥပဒေ ကြမ်းကို ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေးသို့ တင်သွင်းခဲ့ပြီး ယင်းဥပဒေကို ပြင်ဆင်ရန် လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသည်။

တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံရေးသမားများ၊ သတင်းစာဆရာများ နှင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် အစိုးရကို ဝေဖန် ပြောဆိုသူများကို အီလက်ထရောနစ် ဆက်သွယ်ရေး အက်ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သည်။
ယင်းဥပဒေကို အင်တာနက် အသုံးပြုမှု စတင်ကျယ်ပြန့်လာသော ၂၀၀၄ ခုနှစ်တွင် တပ်မတော်အစိုးရက ရေးဆွဲပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly