ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်က ဖြစ်ခဲ့သမျှမေ့ခိုင်း၍ ဂါရ၀ပြုကန်တော့ခြင်း မိမိကို တောင်းပန်ရန်မလို စစ်အစိုးရအဖွဲ့ဝင်များ တိုင်းပြည်ကိုသာ ၀န်ချတောင်းပန်ဖို့ကောင်းဟု ဟံသာဝတီ ဦးဝင်းတင်ပြော

ပို့စ်တင်ချိန် - 10/25/2013 05:27:00 PM


ရန်ကုန်၊အောက်တိုဘာ ၂၂

ယခင် အစိုးရများလက်ထက် ထောက်လှမ်းရေး အကြီးအကဲနှင့် နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က ၎င်းတာဝန်ထမ်းဆောင်စဉ် အချိန်များက အဓိက အတိုက်အခံတစ်ဦးအဖြစ် သဘောထားခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သော ယခု NLD သဘာပတိ ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဂါရ၀ပြု ကန့်တော့၍ ဖြစ်ခဲ့သမျှ ကိစ္စရပ်များကို မေ့ဖျောက်ပစ်ရန် ပြောကြားခဲ့သည့် ဖြစ်စဉ် အပေါ် ဆရာကြီး ဟံသာဝတီဦးဝင်းက မိမိကို တောင်းပန်ရန် မလိုကြောင်းနှင့် တိုင်းပြည်ကို ၀န်ချ တောင်းပန်ဖို့သာ ကောင်းကြောင်း ပြောကြားလိုက်သည်။

ယခု အောက်တိုဘာလ (၁၆) ရက်နေ့က ကွယ်လွန်သွားသော သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း၏ နာရေးသို့ အောက်တိုဘာလ (၁၉)ရက်နေ့က ဆရာကြီး ဟံသာဝတီဦးဝင်းတင် သွားရောက်စဉ် ဦးခင်ညွန့်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့ ဖြစ်စဉ်အပေါ် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအ၀င် နီးစပ်ရာ တပည့်များက ဆရာကြီး ဟံသာဝတီဦးဝင်းတင်ထံ ၀ါကျွတ်ကာလ သွားရောက် ဂါရ၀ပြု ကန်တော့စဉ် မေးမြန်းရာ ဆရာကြီးက ပြန်လည် ဖြေကြားမှုပြုရင်း အထက်ပါကဲ့သို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

““ငါ့ဘာသာငါ RFA ရုံးကို ခဏသွားတယ်။ ပြီးတော့ သခင်သိန်းမောင်အိမ် ၀င်တယ်။ ပြီးမှ ဂါးဒီးယန်း ဦးစိန်ဝင်း မိသားစုကို သတင်းသွားမေးတာ။ လူတွေက အထဲက ကြမ်းပြင်ပေါ် ထိုင်နေတယ်။ ငါက ကြမ်းပေါ်ထိုင်ပြီး အထခက်လို့ အပြင် ဆင်ဝင်အောက် ထိုင်နေတာ။ … အရင်ကတည်းကလည်း ဦးစိန်ဝင်းက ဆင်ဝင်အောက်မှာ အလုပ်လုပ်တယ်၊ စကားပြောတယ်။ ငါတို့သွားလည်း အဲဒီအောက် ထိုင်ဖြစ်တာပဲ။ ဦးစိန်ဝင်း ကိုယ်တိုင် ကလည်း အဲ့နေရာကို ကြိုက်တယ်။ ပေါ့ပေါ့ပါးပါးပေါ့ကွာ။အဲဒီနေ့ကလည်း ငါက မအေးအေးဝင်းနဲ့ စကား ပြောတာ။ အထဲကြမ်းပေါ်တော့ လူတွေထိုင်နေတာ တွေ့ပါတယ်။ အထဲက တစ်ယောက်ထွက်လာပြီး ငါ့ကို ဆရာကြီးဆိုလို့ ငါမော့ကြည့်တယ်။ သူကသူ့ဟာ သူမိတ်ဆက်တယ်။ သူ့ကိုငါက မသိဘူး။ ဒီဗိုလ်ခင်ညွန့်ကို အပြင်မှာလည်း မမြင်ဖူးဘူး။ မသိဘူး။ သူ့ကိုအပြင်မှာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် မမြင်ဖူးဘူး။ သိလည်း မသိဘူး။ သူပြောတာတော့ စုံနေတာပေါ့ကွာ။ အတော်လေးလည်း အာသွက် လျှာသွက်ကွ။ (NLD ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဦးခင်ညွန့် ကျောက်တန်းအခြေပြု နိုင်ငံရေးလုပ်မယ် ကြားတယ် အဘဟု စကားထောက်ပြောကြားသည်။) လုပ်မှာပေါ့။ သူနဂိုနိုင်ငံရေး ၀ါသနာပါတာကိုး။ လူထု စည်းရုံးရေးတွေ လည်း လုပ်ဖူးတယ်။ လူတွေလက်အုပ်ချီတာ သူကစတယ်လို့ ငါထင်တယ်။ မသေချာဘူး။ တွေ့တော့ သူက ပြောတာက အရင်ဟာတွေလည်း စိတ်ထဲမထားပါနဲ့။ ဆရာကြီးတို့လို လူတွေ တိုင်းပြည်မှာ လိုအပ်တယ်။ ဒီလို အတွေ့အကြုံများတဲ့ သူတွေ တိုင်းပြည်မှာ လိုတယ်။ ဆရာကြီး အသက် ဘယ်လောက်လဲ မေးတော့ (၈၄) ဆိုတော့ ကျွန်တော်က (၇၅) ပါ။ ဆရာကြီးက ကျွန်တော့်ထက် (၉) နှစ်ကြီးတယ် ဆိုပြီး မတ်တတ်ပဲ လက်အုပ် ချီတာပါ။ ထိုင်မကန်တော့ပါဘူး။ သူ့ကို ခွင့်လွှတ်ပါ ဘာညာလည်း မပြောပါဘူး။ ငါလည်း လမ်းကျတော့ အဖော် တစ်ယောက်ကို ပြောတယ်။ ဒီလူတွေ နောင်တမရဘူး။ ငါ့ကို သီးခြား တောင်းပန်ရမယ် မပြောဘူး။ ဒါပေမဲ့ ဒီလူတွေ တိုင်းပြည် ၀န်ချဖို့ ကောင်းတယ်။ သူတို့ လုပ်ခဲ့တာတွေဟာ အလွန်အကျွံတွေချည်းပဲ။ သူတို့တွေဟာ ဟိုပြော ဒီပြောနဲ့ အပြစ်မဲ့သလို နေနေမယ်ဆိုရင် အစဉ်အလာဆိုးဟာ အမြဲတည်တော့မယ်။ သူတို့ ကိုယ်တိုင်လည်း အပြစ်သားတွေအဖြစ် ဆုံးပါးရလိမ့်မယ်””ဟု ပြောသည်။

အာဏာသိမ်း အစိုးရအဖွဲ့ဝင်များ အားလုံးအနေဖြင့် ၎င်းတို့၏ လုပ်ဆောင်ခဲ့မှုများအပေါ် တိုင်းပြည်ကို ၀န်ချ တောင်းပန်သင့်ကြောင်း ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ၌ ပြောကြားခဲ့သေးသည်။

ဦးခင်ညွန့်သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အစပြုသူ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပင် ပြောကြားမှု ရှိသည့် ဦးနေ၀င်း၏ တပည့်အရင်းတစ်ဦး ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီစနစ် ပျက်သုဉ်းပြီးနောက် စစ်တပ်မှ တိုင်းပြည်အာဏာကို သိမ်းယူမှု ပြုလုပ်မှုတွင် အဓိက ခေါင်းဆောင်တစ်ဦး အဖြစ် ပါဝင်ခဲ့သည်။ ထို့ပြင် န၀တ၊ နယက အစိုးရ နှစ်ဆက်စလုံးတွင် ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့ပြီး အစိုးရနှင့် အတိုက်အခံဖြစ်သော ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းမှု ပြုလုပ်သည့် နိုင်ငံရေးသမားများကို ဖမ်းဆီး အကျဉ်းချမှုများတွင်လည်း အဓိက ပါဝင်ခဲ့သူ ဖြစ်သည်။

၎င်းသည် နယကအစိုးရ လက်ထက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့အစိုးရ ခေါင်းဆောင်များ အချင်းချင်း မသင့်မြတ်မှုဟု သုံးသပ်ကြသော ဖြစ်စဉ်ဖြင့် တာဝန်များမှ ရပ်စဲ ခံရကာ ၎င်းအကြီးအကဲ တာဝန်ယူထားသော ထောက်လှမ်းရေးဌာနရှိ လူအများအပြားနှင့်အတူ နှစ်ရှည် အကျဉ်းချ ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

၎င်းပြန်လည် လွတ်မြောက်လာပြီးနောက် လုပ်ကိုင်ဆောင်ရွက်မှုများကို ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ““ရှင်းရှင်း ပြောရရင် အခု ဗိုလ်ခင်ညွန့် လွတ်လာပြီး ဟိုတုန်းက ဗိုလ်အောင်ကြီး လုပ်သွားတဲ့ နည်းပဲ လက်ဖက်ရည်ဆိုင် ထောင်တဲ့ဟာ လုပ်ပြန်ပြီ။ အဲဒီကနေပြီးတော့ နိုင်ငံရေးမလုပ်ပါဘူး ပြောပြီးတော့ ဗိုလ်အောင်ကြီးလည်း နိုင်ငံရေးထဲ ၀င်လာတာပဲ။ ဗိုလ်ခင်ညွန့်လည်း ဒီလို လက္ခဏာတွေကို အများကြီး ပြတယ်””ဟု သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့်၌ သုံးသပ် ပြောကြားခဲ့သေးသည်။

ယခင် စစ်အာဏာသိမ်း အစိုးရ အဖွဲ့အတွင်း ပါဝင်ခဲ့သူများ အနေဖြင့် ၎င်းတို့ ပြုမူ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ တိုင်းပြည်နှင့် ပြည်သူလူထုကို ၀န်ချ တောင်းပန်ရေးအပေါ် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ““သူတို့တွေဟာ တိုင်းပြည်အတွက် မှားယွင်းတဲ့ အလုပ်တွေကို လုပ်ခဲ့ပြီးပြီ။ တာဝန် မရှိဘူးလို့ ပြောလို့မရဘူး။ ဦးသိန်းစိန်မှာ တာဝန်တွေ အများကြီးရှိတယ်။ ဦးရွှေမန်းမှာ တာဝန်တွေ အများကြီးရှိတယ်။ ဦးခင်ညွန့်မှာ တာဝန်တွေ အများကြီး ရှိတယ်။ ဗိုလ်ခင်ညွန့်က ပြောတယ် အဲဒါတွေ ပြောမနေပါနဲ့တဲ့။ လူတိုင်းဟာ ပြောချင်တဲ့ သူတွေ တစ်ယောက် တစ်မျိုး ပြောရရင်သမိုင်းဟာ အသံတွေအမျိုးမျိုး ထွက်နေမှာပဲ။ ဒါတွေ မလုပ်နဲ့ အခုအချိန်မှာ အားလုံး မေ့ပစ် နိုင်ရမယ်တဲ့။ ဘယ်လိုလုပ် မေ့ပစ်နိုင်မလဲ။ ကျုပ်တို့မှာ ဘာအပြစ်မှ မရှိဘူး။ ကျုပ်တို့ ဘာမှလည်း မလုပ်ဘူး။ ဆိုင်လည်း မဆိုင်ဘူး။ သိလည်း မသိဘူး ဆိုပြီးတော့ အထက်အမိန့်ပဲ တည်ဆဲဥပဒေ ဗိုလ်ခင်ညွန့် ပြောတဲ့ဟာမျိုး ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်တို့ ဘာမှမသိဘူး။ ကျုပ်တို့က တည်ဆဲ ဥပဒေအတိုင်း လုပ်ခဲ့တာဆိုတဲ့ မျောက်သုံးကောင် ၀ါဒအတိုင်း။ မမြင်ဘူး၊ မကြားဘူး၊ မပြောဘူး ဆိုပြီးတော့၊ ပါးစပ်ပိတ်ပြီးတော့၊ နားပိတ် မျက်စိပိတ် ပြီးတော့  ဗိုလ်ခင်ညွန့်လို ပုဂ္ဂိုလ်တွေက ကျင့်သုံး နေတယ်။ ဒါမျိုးတွေ ကျွန်တော်တို့ လက်မခံနိုင်ဘူးဗျ။ လက်မခံနိုင်ဘူး။ သူတို့မှာ တာဝန်ရှိတယ်။ သူတို့က ပြင်ရမယ်။ ပြောင်းရမယ်။ ဒီလူတွေဟာ လူမသေရင်တောင်နေမယ်၊ နိုင်ငံရေးတော့ သေရလိ့မ်မယ် ဟုတ်လား။ အလားတူပဲ ဗိုလ်ခင်ညွန့်နဲ့ ပတ်သက် ပြီးတော့လည်း သူတို့ဘက်က ဘာမှ အပြစ်မရှိဘူး။ တည်ဆဲဥပဒေအရ လုပ်တယ်လို့ ပြောတယ်။ အဲလိုဆိုရင် တည်ဆဲဥပဒေဆိုတာ ဘယ်သူတွေ လုပ်ထားတဲ့ ဥပဒေလဲ။ သူတို့ လုပ်ထားတဲ့ ဥပဒေ။ ကျွန်တော်တို့ မေ့ချင်ပါတယ်။ ကျွန်တော်တို့ အရမ်းတော့ မေ့လို့မရဘူး။ ကျွန်တော်တို့ ခွင့်လွှတ်ချင်ပါတယ် အရမ်းတော့ ခွင့်လွှတ်လို့ မရဘူး။ သူတို့ကလည်း ပြင်ရလိမ့်မယ်”” ဟုလည်း သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့်၌ ပြောကြားခဲ့သည်။

လင်းယုန်

မြန်မာသံတော်ဆင့်