တောင်ငူမြို့အနီး မြေဧက ၅၃၀၀ ပေါ်တွင် စက်မှုဥယျာဉ် မြို့တော်နှင့် အိမ်ရာစီမံကိန်း တည်ဆောက်ရန် ကေတုမတီ အများပိုင် ကုမ္ပဏီက အစိုးရသို့ တင်ပြ

ပို့စ်တင်ချိန် - 10/26/2013 12:48:00 PM


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အနီးရှိ မြေဧက ၅၃၀၀ ပေါ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း နှစ်ခုကို တည်ဆောက်ရန်အတွက် ကေတုမတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် Kaytumadi Development Public Co.,Ltd က သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

တောင်ငူလေဆိပ်နှင့် တောင်ငူဘူတာ ကြီးတို့နှင့် နီးစပ်သည့် နေရာရှိ လယ်ယာမြေနှင့် ဥယျာဉ်မြေ ဧရိယာ ဧက ၄၈၀၀ ပေါ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှုဥယျာဉ် မြို့တော် အမည်ရှိ စီမံကိန်းကို Kaytumadi Development Public Co.,Ltd မှ အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။

တောင်ငူမြို့ရှိ ကောင်းမှုတော်ဘုရား ကြီးနှင့် ကျုံးကြီးအနီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသို့ ဆက်သွယ်ထားသော ထီးလှိုင်လမ်းမကြီး နံဘေးရှိ မြေဧက ၅၀၀ ပေါ်တွင် အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

စက်မှုဥယျာဉ် စီမံကိန်းအတွက် လယ်နှင့် ဥယျာဉ်ခြံမြေ ဧက ၄၈၀၀၊ အိမ်ရာစီမံကိန်း အတွက် ဧက ၅၀၀ စုစုပေါင်း မြေဧရိယာ ဧက ၅၃၀၀ ဖြစ်ပြီး အဆိုပါ မြေများမှာ Kaytumadi Development Public Co.,Ltd က ပိုင်ဆိုင်သော မြေများဖြစ်သည်ဟု ထည့်သွင်းတင်ပြ ထားကြောင်းလည်း သိရသည်။

Kaytumadi Development Public Co.,Ltd သည် အဆိုပါ စီမံကိန်းနှစ်ခုကို ငါးနှစ်အတွင်း အပြီးတည်ဆောက် လိုကြောင်းနှင့် စီမံကိန်း နှစ်ခုအတွက် ငွေကျပ်သန်းပေါင်း ၅၀၀၀ အထိ မြှုပ်နှံသွားမည်ဟု တင်ပြထားကြောင်း သိရသည်။

စက်မှုဥယျာဉ်မြို့တော် စီမံကိန်းတွင် ဟိုတယ်၊ စက်မှု အပါအ၀င် စီးပွားရေး လုပ်ငန်းပေါင်းများစွာ ထည့်သွင်းရန် စီစဉ်ထားကြောင်း၊ လုပ်ငန်းပေါင်း ၂၅ ခုအထိ ထည့်သွင်းလုပ်ကိုင်ရန် စီစဉ်ထားသည်။ အိမ်ရာစီမံကိန်းတွင် လုပ်ငန်းပေါင်း ခုနစ်ခုအထိ ထည့်သွင်း တည်ဆောက်မည် ဖြစ်ကြောင်းနှင့် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ Kaytumadi Development Public Co.,Ltd က တင်ပြထားကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ယခုအခါ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များသို့ ဆက်လက် တင်ပြထားပြီး Kaytumadi Development Public Co.,Ltd သည် ကျပ်သန်းပေါင်း ၃၀၀၀၀၀ ဖြင့် မတည်ထားသော ကုမ္ပဏီဖြစ်ကြောင်း၊ CB ဘဏ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်အေးနှင့် ဆက်စပ်သော ကုမ္ပဏီဖြစ်သည်။

(နိုင်ငံတကာ အဆင့်မီ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း တည်ဆောက်မည့် မြေနေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
)
Eleven Media Group