တချက်လောက်တော့ လှည့်ကြည့်စေချင်သည်။ (မင်းဒင်)

ပို့စ်တင်ချိန် - 10/19/2013 11:18:00 AM




၁။ ဗမာဖြစ်ရတဲ့ဒုက္ခ

ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတို့၏ ဘ၀ပုံရိပ်အချို့ကို ရံဖန်ရံခါ ကျနော်ရေးလေ့ရှိသည်။ စာဖတ်ပရိသတ်အချို့က `ဆောင်းပါးတွေထဲမှာ ရေးထားသလို ထိုင်းရောက်မြန်မာတွေရဲ့ ဘ၀ဟာ တကယ်ပဲဆိုးသလား´ဟု မေးမြန်းလာပါသည်။ လွန်ခဲ့ သောလက ရွှေလုပ်သားဂျာနယ်မှ အောက်ဖော်ပြပါ သတင်းသည် အထက်ပါမေးခွန်းအတွက်အကောင်းဆုံးသက်သေ ဖြစ်မည် ဟု ကျနော်မျှော်လင့်ပါသည်။

စက်တင်ဘာ၆ မြတ်ညို(အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ချန်ရပ်ကွက်တွင်နေထိုင်သည့်ရာဘာခြံအလုပ်သမားတစ်ဦးအား ခွေးကိုဆဲဆိုသဖြင့် ထိုင်း လူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။
ယမန်နေ့ ညနေ ၆နာရီကျော်ခန့်က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသူ ရာဘာခြံ အလုပ်သမားတစ်ဦးသည် အချိုရည်နှင့် မုန့်များ ၀ယ်ရန်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန်လာသည့်အခါ ခွေပိုင်ရှင်က အိမ်ရှေ့မှစောင့်နေပြီး ညာဘက်ရင်အုံနှင့်ညာဘက် မျက်ခုံးအပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်နှစ်ချက် ပစ်ခတ် လိုက်ခြင်းဖြစ်သည်။
ဦးလေး တော်စပ်သူ ကိုဇော်ဇော် က “ ခွေးလိုက်ကိုက်လို့ ဆဲမိတာကို သေနတ်နဲ့ပစ်သတ်ရတယ်လို့ဗျာ။ အချိုရည်ဗူးနဲ့ မုန့်ကိုကိုင်ပြီး နေရာမှာ ပွဲချင်းပြီးသေရတယ်။ ခွေးကို ကျနော့်တူက တစ်ခုခုနဲ့ လုပ်မိတယ်ဆိုလည်းတစ်မျိုး။ ကျနော်တို့ မြန်မာတွေဟာ ခွေးတစ်ကောင် လောက်တောင် တန်ဘိုးမရှိဘူးလား။ အသက်တစ်ချောင်း။ ဘ၀တစ်ခု ဒီလို လုပ်ချင်တိုင်း လုပ်လို့ ရစတမ်းလားဗျာ” ဟု ထိခိုက်ကြေကွဲ စွာဆိုသည်။
ကိုသိန်းမင်းစံသည် ထားဝယ်ခရိုင် ပုလောမြို့နယ်၊ ပလရွာ မှ ဦးကျော်မင်း၊ ဒေါ်ထွေးရီ တို့၏ သား လူပျိုလူလွတ်ဖြစ်ကြောင်း သိရသည်။ ယခု လုပ်ကိုင်နေသည့် ရာဘာခြံတွင် ၄နှစ်တိုင်တိုင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးဖြစ်သည်။ အလောင်းအား စက်တင် ဘာလ ၇ ရက်နေ့တွင် သဂြိုဟ်မည်ဖြစ် သည်။

၂။ ထမင်းတစ်လုတ် တုတ်တစ်ချက်

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတို့၏ ဘ၀ကို အတိုဆုံးအရှင်းဆုံး ဥပမာပေးရလျှင် ထမင်းတစ်လုတ်၊တုတ်တစ်ချက်ဟူသော ဆိုရိုး သည် အံအ၀င်ဆုံးဖြစ်တန်ရာသည်။ကာလကြာညောင်းခဲ့သော စစ်သားအုပ်ချုပ်ရေးစံနစ်ကြောင့် ထမင်းနပ်မမှန်ကြသော တောနေ လူ တန်းစားအများအပြားမှာ ရေကြည်ရာမြက်နုရာရှာရင်း ထိုင်းဘက်ခြမ်းသို့ရောက်လာကြသည်။အစအဦးကသော် ကော့သောင်း၊ဘိတ်၊ ထားဝယ်၊မော်လမြိုင်၊ကရင်ပြည်နယ်ဘက်တို့မှ ကျေးလက်နေလူထုအများစုဖြစ်သော်ငြား နောင်သော် ရန်ကုန်မန္တလေးကဲ့သို့ မြို့ကြီး ပြကြီးမှ လူများပါ ထိုင်းနိုင်ငံတနံတလျားသို့ ပြိုဆင်းလာကြသည်။အဆိုပါ မြန်မာအားလုံးလိုလို ထိုင်းဥပဒေအရ၊ထိုင်းလူမျိုးတို့ လက်ရှောင်ကြသည့် ညစ်ပတ်ပေရေ၊ ကျန်းမာရေးထိခိုက်သော၊ ကြမ်းတမ်းပင်ပန်းသော အလုပ်များကိုသာ လုပ်ခွင့်ရကြသည်။
မြန်မာရွေ့ပြောင်းလုပ်သားတို့ကား ခေတ်မီတိုက်တာ အဆောက်အဦးများ အကြိုအကြားတွင် ၊ ပန်ကာတစ်လုံး၊ထမင်းပေါင်းအိုး တစ်လုံးဖြင့် ယိုင်နဲ့နဲ့အလုပ်သမားတန်းလျားများတွင်နေရကာမျှဖြင့် နတ်ဘုံနတ်နန်း ထင်မှတ်ကြရှာသည်။ဇာတိမြေကို စွန့်ရခြင်း ၏ဒုက္ခ၊လူလိုမနေရသည့်ဒုက္ခတို့ကို ထမင်းနပ်မှန်ခြင်းဖြင့် အလဲအထပ်ပြုကြရသည်။
နွားသတ်ရုံပို့မည့်နွားများကို တံဆိပ်တုံးရိုက်ပေးသည်နှင့် ဥပမာပြုအပ်သော အလုပ်သမားကဒ်(ဘတ်)များကိုင်ဆောင်ရသည့် ဘ၀မှ ယာယီနိုင်ငံကူးလက်မှတ်ပေးခြင်းကား အမြင်ကောင်းလှပါ၏။နားဝင်ချိုလှပါ၏။ နောက်ဆက်တွဲအနေဖြင့် နိုင်ငံတကာသွားလာနိုင် သည့် အနီရောင်နိုင်ငံကူးလက်မှတ်များအတွက်လည်း သာဓုဖြောင့်ဖြောင့် ခေါ်လိုလှပါ၏။ သို့သော် …..။
ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းအတွက် အကြီးအကျယ် အကျိုးဖြစ်ထွန်းသူတို့မှာ ထိုင်းလူမျိုးပိုင် အလုပ်သမားကုမ္ပဏီများ မြန်မာသံရုံးနှင့် မြန်မာပတ်စပို့ပွဲစားတချို့သာဖြစ်သည်။


မြန်မာရွေ့ပြောင်းအလုပ်သမားတို့သည်ထိုင်းအာဏာပိုင်တို့၏ အလိုအလျောက်ငွေထုတ်စက်(ATM)များဟု ဆိုနိုင်သည်။ဘတ်ရှိရှိ၊ မရှိရှိ၊ ပတ်စ်ပို့ရှိရှိ၊မရှိရှိ ဖမ်းသည်။ငွေညှစ်သည်။ မရရရာ ပုဒ်မတစ်ခုခု ပြောင်းတပ်သည်။ရွှေပေါင်လက်မှတ်ကိုပင် အလွတ်မပေး။ ရွေ့ပြောင်း အလုပ်သမားတွေမှာ ခေါ်စရာအဖေမရှိ။

၎။ မြန်မာကျွန်မျိုးဆက်သစ်

အစအဦးမှာ ပြည်တွင်းဇနပုဒ်တစ်ခုမှ မြန်မာအလုပ်သမားတစ်ဦး ဖူးခက်သို့လာရောက် အလုပ်လုပ်ကိုင်သည်။ စားဝတ်နေရေး ပြေလည်ရုံရှိသည်ကို ရွာမှာရှိနေသည့် အလုပ်လက်မဲ့တို့က အားကျသည်။နီးစပ်ရာဆွေနီးမျိုးစပ်တွေ အကုန်နီးပါး ဖူးခက်ကို ရောက်လာကြသည်။ မွန်ပြည်နယ်မော်လမြိုင်မြို့အနီးရှိ ကျောက်တန်းကျေးရွာကဲ့သို့ ရွာများမှဆိုလျှင် ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ကျေးရွာကောင်စီဥက္ကဋ္ဌ တွေပါ ဖူးခက်ကိုရောက်လာ၊ကြွလာကုန်ကြသည်။
ဖူးခက်မှာပင် နဖူးစာရွာလည်ကြသည်။ အိမ်ထောင်ဖက်ကာ သားသမီးပွားစီးကြသည်။ လေးငါးနှစ်အရွယ်တွင် ဇာတိရပ်ရွာသို့ ပြန်ပို့ ကာ မူလတန်းပညာအဆင့် သင်ယူနေကြသော်ငြား၊ကျောင်းစာကို စိတ်မ၀င်စား။ ဖူးခက်မှာနေထိုင်ကြီးပြင်းခဲ့ရစဉ်က နေ့စဉ်မှီဝဲရသည့် အားဖြည့်အချိုရည်နှင့် ကော်ဖီဗူးမျိုးစုံကိုသာ အထင်တကြီးတောင့်တသည်။အဆိုးတော့မဆိုသာပြန်ချေ။ ထိုထိုသော ဗူးမျိုးစုံသည် ရွာမှာ သူဌေးနှင့်ဘုန်းတော်ကြီးများသာမှီဝဲနိုင်သောအရာမဟုတ်လော။ ကြီးပြင်းလာသည့်တစ်နေ့ ဖူးခက်မှာအလုပ် သွားလုပ်မည်ဟူသော ကျွန်ခံရေး မျှော်မှန်းချက်သည် ကလေးတိုင်းလိုလို၏ စိတ်ဝယ်စွဲထင်နေခဲ့ကြပြီ။ထိုင်းနိုင်ငံသားတို့တစ်နေ့အလုပ်ချိန် ရှစ်နာရီဖြစ်သော်ငြား မြန်မာအလုပ်သမားအများစုမှာ တစ်နေ့လျှင် ဆယ့်နှစ်နာရီမျှ အလုပ်လုပ်ကြရသည်။လစာကား အတူတူ။
ထို့ကြောင့် အရွယ်မတိုင်မီ အိုမင်းမစွမ်းဖြစ်ကုန်ကြပြီး အသက်ငါးဆယ်ကျော်ခန့်တွင် လူမမာဘ၀ဖြင့် ဇာတိရွာမှာ ခေါင်းချကြသည်။ ထိုကွက်လပ်ကို သားသမီးမြေးမြစ်များက ကျွန်ကမွေးသည့်သဘောက်များအဖြစ် ၀င်ရောက်ဖြည့်ဆည်းရန် အသင့်ရှိနေကြသည်။ အကောင်းဆုံး လုပ်အားစိုက်ထုတ်နိုင်သည့် အရွယ်ကောင်း၊အားကောင်းမောင်းသန်မြန်မာအလုပ်သမား အလုပ်သမားများကို ဈေးပေါပေါနှင့် သန်းချီစေခိုင်းနိုင်သည့် ထိုင်းနိုင်ငံ တဟုန်ထိုး စည်ပင်နေသည်မှာ ထူးဆန်းလှသည်မဟုတ်။

၎။ သံရုံးသည်မျက်စိနားမရှိလေသလော။

ယခုဤစာကိုရေးနေချိန်တွင် ဖူးခက်မြို့ရှိ အကြီးဆုံးဈေးဆိုင်ကြီး စူပါချိ(Super Cheap) မီးလောင်နေဆဲဖြစ်ပါသည်။ အောက်တိုဘာ (၁၆) ရက်နေ့ည ကိုးနာရီခန့်က လောင်ကျွမ်းခဲ့သည့်မီးမှာ ယခုအချိန်အထိ အငွေ့မသေသေး။၄၈နာရီကျော်ခဲ့ပြီ။ဝါယာကြိုးရှော့ဖြစ်ရာ က စတင်သောမီးသည် အနီးအနားရှိမြို့နယ်မှ မီးသတ်ကားပေါင်းမြောက်များစွာဖြင့်ငြိမ်းသတ်သည့်တိုင် မီးစွယ်ကျိုးရုံသာရှိပြီး မီးလောင်ပြင်ထဲသို့ ယခုတိုင် ကယ်ဆယ်ရေးအဖွဲ့များ မ၀င်နိုင်ကြသေးချေ။အဆိုပါဈေးဆိုင်ကြီးတွင် မြန်မာအလုပ်သမား(၃၀၀၀)နီးပါး ရှိသည်။မီးလောင်သည့်အချိန်တွင် အလုပ်သမားနှင့်ဈေးဝယ် ထောင်ချီရှိနေသည်ဟု ဖူးခက်သတင်းစာများတွင်ဖော်ပြသည်။ဆယ်ဧက ခန့်အကျယ်အ၀န်းရှိသည့် ဧရာမဈေးဆိုင်းဝင်းကြီးပြာအတိကျသွားသည့် မီးလောင်မှုဖြစ်၍ ဖူးခက်သမိုင်းတွင် အကြီးကျယ်ဆုံးမီးဟု ဆိုနိုင် သည်။
`လူသုံးဆယ်လောက်သေတယ်´၊`အနည်းဆုံးတစ်ရာလောက်တော့ သေတယ်´၊`နှစ်ရာအထိအသေအပျောက်ရှိနိုင်တယ်´၊ သေမှာပေါ့၊ မီးလောင်တယ်ဆိုတာနဲ့ လုမဲ့ယက်မဲ့လူတွေဝင်မလာအောင်ဆိုပြီး ပင်မတံခါးကြီးတွေ အကုန်ပိတ်လိုက်တာကိုး´၊`တစ်ယောက်မှ မသေပါဘူး´၊`အသေအပျောက်စာရင်းအတိအကျမကောက်နိုင်သေးဘူး၊မီးလောင်ပြင်ထဲကို ၀င်ကြည့်မှ အတိအကျသိရမှာ´
လတ်တလောဖူးခက်မှာထွက်ပေါ်နေသည့်အရပ်သတင်းများကား စုံလှသည်။နှစ်စဉ်နိုင်ငံခြားဧည့်သည် လေးငါးသန်းလာရောက်နေသော ငွေတွင်း မြို့ကြီးဖြစ်၍ ထိုင်းမီဒီယာများအနေဖြင့် သတင်းအမှန်ကို ထုတ်ပြန်ရန် အခက်အခဲရှိနေနိုင်သည်။သေချာသည့်အချက်မှာ ထိုင်းသတင်း များတွင် စူပါချိရှိ အလုပ်သမားဦးရေကို ခုနစ်ရာဟုသာ ဖော်ပြသည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုးအရပ်ရပ်မှာ ထိုင်းဘတ် သန်းထောင်ချီသည် ဟု ထိုင်းအာဏာပိုင်ရပ်ကွက်မှဆိုသည်။
မြန်မာသံရုံးသည် မျက်စိမှိတ်နားပိတ်ကာ အိပ်ပျော်နေလေသလော။ `အမေရိကန်နိုင်ငံသားတစ်ယောက်ကို ထိပါးတာဟာ အမေရိကန် ပြည်ထောင်စုကို ထိပါးတာပါပဲ´ဟူသော စကားသံကိုနားမှာကြားယောင်သည်။ `တို့မြန်မာနိုင်ငံတာဝန်ရှိသူတွေက သုံးထောင်ဒုက္ခ ရောက်တာနည်းနေလို့ သုံးသောင်းပြည့်အောင် ၊သုံးသိန်းပြည့်အောင်စောင့်နေလေသလား´ အတွေးပွားရသည်။မီးလောင်မှုကြောင့် ထိုင်းနိုင်ငံသားအလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ဆိုသော်ငြား မြန်မာအလုပ်သမားတို့အရေးအရာအတွက် တခွန်းတပါဒ ပြောဆိုမည့်သူ ယခုတိုင်မရှိသေး။
အချို့အန်ဂျီအိုအမည်ခံအဖွဲ့တဖွဲ့တလေရှိကောင်းရှိနိုင်သော်ငြား မြန်မာ့အရေး အန်ဂျီအိုဟူသည် မည်သို့သောလူများဖြစ်သည်ကို အများသိပြီးဖြစ်၍ အကျယ်မရေ့းလိုချေ။လိုတိုရှင်းဆိုရလျှင် မျောက်ပြဆန်တောင်း ဟူသောစကားကိုသာ အမှတ်ရကြစေလိုသည်။


၅။ ကောင်စစ်ဝန်ရုံးအမြန်ဖွင့်ပါ။

ဖူးခက်မြို့တွင် နိုင်ငံခြားသားမျိုးစုံရှိသည်။ ဆွီဒင်၊တောင်ကိုးရီးယား၊ဗီယက်နမ်၊လာအို၊ ဂျပန်စသည်ဖြင့် နိုင်ငံအသီးသီး၏ ကောင်စစ်ဝန် ရုံးအမြောက်အမြားရှိသည်။ဖူးခက်တွင် မြန်မာလူမျိုးသိန်းချီရှိသော်ငြား မြန်မာလူမျိုးတို့၏ အရေးအရာကို ဂရုတစိုက်ကိုင်တွယ်ဖြေရှင်း ပေးမည့် ကောင်စစ်ဝန်ရုံး(သို့မဟုတ်) အလုပ်သမားကိုယ်စားလှယ်ရုံးကား မရှိ။ခေတ်ကြီးပြောင်းပြီဆိုပါလျှင် မြန်မာအလုပ်သမားအရေး ကိုထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးမည့် အလုပ်သမားကိုယ်စားလှယ်ရုံးများကို မြန်မာရွေ့ပြောင်းအလုပ်သမားဦးရေထူထပ် သည့် ထိုင်းနိုင်ငံတလွှားရှိ မြို့ကြီးအသီးသီးတွင် အမြန်ဆုံးဖွင့်သင့်သည်။
အဆိုပါရုံးများတွင် ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊အလုပ်သမားဥပဒေတို့ကို အကျွမ်းတ၀င်ရှိသည့် မြန်မာအရာရှိများ စေလွှတ် သင့်သည်။ယာယီနိုင်ငံကူးလက်မှတ်လုပ်စဉ်ကကဲ့သို့ အကြံအဖန်ပေါင်းစုံလုပ်၊ရသမျှ ပိုက်ဆံ၊အိပ်ကပ်ထဲထည့်ပြန်သည့် ၀န်ထမ်းများ စေလွှတ်လျှင်ကား နူရာဝဲစွဲ၊လဲရာသူခိုးထောင်းသကဲ့သို့ဖြစ်နေပေဦးမည်။
ကိုယ့်အထုတ်ကိုယ်ဖြည်၊ ကိုယ်ပေါင်းကိုယ်လှန်ထောင်းသည့် ဤစာမျိုးကို ရေးရသည်မှာ နှလုံးစိတ်ဝမ်းမချမ်းမြေ့ဖွယ်ဖြစ်သော်ငြား ၊ မီးလောင်ပြင်မှ မြန်မာရွေ့ပြောင်းအလုပ်သမားသုံးထောင်ကျော်အား မြန်မာတာဝန်ရှိသူတို့အနေဖြင့် တချက်မျှ ငဲ့ကွက်ကြည့်သည် ဆိုလျှင်ရေးရကျိုးနပ်သည်ဟု နှလုံးပိုက်မိသည်။


Reference and Credit to -(မင်းဒင်)