တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွန်းနှင့် သစ်မာမျိုးစုံ တန် ၂၀ ကျော် ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 10/31/2013 01:26:00 PM


ကျိုင်းတုံ၊ အောက်တိုဘာ ၃၀

ကျိုင်းတုံ-မိုင်းလားကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာလ ၂၈ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်မာမျိုးစုံ တန် ၂၀ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့ ကျိုင်းတုံ-မိုင်းလား ကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၂၈ ရက်က ပြည်နယ် သစ်တောဦးစီးမှူး ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များကို သတင်းအရ စောင့်ဆိုင်း ရှာဖွေနေစဉ် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးနှင့် ၁၀ ဘီး ကုန်တင်ယာဉ် တစ်စီးတို့ကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ယင်းကဲ့သို့ သစ်အများအပြား ဖမ်းဆီးရမိခြင်းသည် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေနှင့် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။
“ကျွန်းခွဲသား အပါအဝင် ပိတောက်နဲ့ တမလန်း အမျိုးအစား သစ်လုံးနဲ့ သစ်ခွဲသားမျိုးစုံကို ကားနှစ်စီးအပြည့် တင်လာတာ။ သစ်လုံးတွေကို ကားအမိုးကိုင်း မဖြုတ်ဘဲ ဘယ်လို စနစ်တကျ တင်ထားလည်း မသိဘူး။ ကျွန်တော်တို့မှာတော့ သစ်လုံးတွေကို နှစ်ရက်တောင် ကားပေါ်က နေချယူရတယ်။ ကျိုင်းတုံဒေသက ကျွန်းနဲ သစ်မာအမျိုးအစား မပေါက်ရောက်ဘူး။ သစ်ခွဲခြမ်းတွေရဲ့ သက်တမ်းကို ကြည့်ရင်တော့ အနည်းဆုံး နှစ် ၄၀ သက်တမ်း အထက်ရှိမယ်” ဟု ဦးစိုးလွင်သူက သုံးသပ်ပြောဆိုသည်။

ယာဉ်မောင်း ဦးအောင်မင်း မောင်းနှင်လာသည့် ၈ဇ/၃၃၁၉ Nissan အစိမ်းရောင် ၁၂ ဘီးယာဉ်ပေါ်မှ ပိတောက်နှင့် တမလန်း အမျိုးအစား သစ်လုံးနှင့် သစ်ခွဲသား စုစုပေါင်းတန်ချိန် ၁၂ ဒသမ ၆၈၇ တန်နှင့် ယာဉ်မောင်းကိုတူး (ခ) ဦးတင့်လွင် မောင်းနှင်လာသည့် ၃ခ/၇၈၈၃ Nissan အပြာ/ခဲရောင် ၁၀ ဘီးယာဉ်ပေါ်မှ ကျွန်းသစ်နှင့် ပိတောက် အမျိုးအစား သစ်လုံးနှင့် ခွဲသား စုစုပေါင်းတန်ချိန် ၆ ဒသမ ၁၇၄၆ တန်ကို ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ဖမ်းဆီးရမိ စာရင်းများအရ သိရသည်။
“ဒီသစ်ခွဲခြမ်းတစ်ခုကို တရုတ်ပြည်ရောက်ရင် အနည်းဆုံးကျပ် ၁၀ သိန်းကျော် ရတယ်။ တရုတ်တွေက အဲဒီသစ်ခွဲခြမ်းတွေကို အချောကိုင် ဆေးသုတ်ပြီးတော့ စားပွဲနဲ့ ထိုင်ခုံတွေလုပ်တာ။ အခုသစ်တော ပြည်နယ်မှူး အသစ်ရောက်လာ ကတည်းက မိုင်းတုံ၊ မိုင်းဆတ်ဘက်လည်း သွားဖမ်းတယ်။ လုပ်ငန်းရှင်ကြီးတွေနားက အလုံးအရင်းနဲ့ ဖမ်းမိတာ ဒါပထမဆုံးပဲ” ဟု ယင်းသစ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် ကျွန်းနှင့် သစ်မျိုးစုံကို ၂၀၁၂ ခုနှစ်တွင် ၂၃ ကြိမ် ဖမ်းဆီးရမိခဲ့ပြီး သစ်တန်ချိန် ၄၆ ဒသမ ၁၇၃၇ တန်သာမက တောရိုင်းတိရစ္ဆာန် သင်းခွေချပ်အရှင် ၁၁ ကောင်နှင့် အသေသုံးကောင်ကို သိမ်းဆည်း နိုင်ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဧပြီလတွင် ၃ ဒသမ ၅၂ တန်၊ မေလတွင် ၅ ဒသမ ၀၀၂ တန်၊ ဇွန်လတွင် ၁ ဒသမ ၆၄ တန်၊ ဇူလိုင်လတွင် ၁ ဒသမ ၆၆၂၆ တန်နှင့် စက်တင်ဘာလတွင် ၁ ဒသမ ၅၁ တန်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တရားမဝင်သစ်များ သယ်ဆောင်လာသည့် ယာဉ်မောင်း ဦးအောင်မင်း (၂၉) နှစ်နှင့် ကိုတူး (ခ) ဦးတင့်လွင် (၄၇) နှစ်တို့ကို ကျိုင်းတုံ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးစိုးလွင်သူ၏ ပြောကြားချက်အရ သိရသည်။

ရန်နိုင် (သီလဝ)
The Voice Weekly