အာဏာရှင်၏ ရန်သူ ကာတွန်းဆရာ

ပို့စ်တင်ချိန် - 10/11/2013 03:44:00 PM


"စွန့်စားမှုတွေအတွက် အဆင်သင့် ပြင်မထားဘူး ဆိုရင် ကျွန်တော့်ကိုယ် ကျွန်တော် အနုပညာရှင်လို့ ဘယ်ပြောလို့ရပါ့မလဲ" ဟု ဆီးရီးယား ကာတွန်းဆရာ အလီဖာဇတ်က ပြောကြားသည်။

၂၀၁၁ခုနှစ် သြဂုတ် ၂၅ရက်နေ့တွင် အဆိုပါ ကာတွန်းဆရာ အရိုက်ခံရသည်။ ဆီးရီးယားခေါင်းဆောင် ဘာရှားအယ်အာဆတ်ကို သရော်သည့် ကာတွန်းများ ဆွဲခဲ့သောကြောင့် ဖြစ်သည်။ ရိုက်သွားသူများက မျက်နှာဖုံးစွပ်ထားသော အစိုးရကိုသစ္စာခံသည့် ပြည်သူ့ စစ်များဖြစ်သည်။
မြို့လယ်ကောင်တွင် သူ့ကားထဲမှ ဆွဲထုတ်ကာ ရိုက်သည်။ အထူးသဖြင့် လက်နှစ်ဖက်စလုံးကို ရိုက်ချိုးသည်။ လေဆိပ်သွားသည့် လမ်းနံဘေးတွင် သူခိုးကြမ်းပိုးကို ရိုက်ပြီးလွှင့်ပစ်ခဲ့သလို ပစ်ချသွားသည်။ "ခေါင်းဆောင်ကို မပြောင်နဲ့ ဒါသတိပေးတာ" ဟုလည်း ပြောသွားသေးသည်။

ယင်းဖြစ်ရပ်ကို ထောက်ပြ၍ ဆီးရီးယားအစိုးရသည် သူ့ကို ကလန်ကဆန် လုပ်သူမှန်သမျှကို လက်သံပြောင်ပြောင် နှိပ်ကွပ်လေ့ရှိကြောင်း အတိုက်အခံ အင်အားစုက ထောက်ပြသည်။
သူဆွဲခဲ့သည့် ကာတွန်းက လစ်ဗျားတွင် ကဒါဖီ ဖြုတ်ချခံရပြီး ကားဖြင့်ထွက်ပြေးစဉ် အာဆတ်ကလည်း အထုပ်အပိုးဖြင့် ကားကြုံလိုက်ခွင့် ပြုပါရန် ပြောနေသည့် ပုံဖြစ်သည်။
ဆိုလိုသည်က အာဆတ်လည်း ကဒါဖီ နောက်လိုက်ရမည့် ပုံမျိုး သရော်လိုက်ခြင်းဖြစ်သည်။ ထိုဟာသက အာဆတ်နှင့် သူ့ဘက်တော်သားများ အတွက် မရယ်ရပေ။ ထိုပုံကို ဆတ်ဆတ်ခါ နာကြသည်။

ယင်းသို့ ရိုက်နှက်လက်ချိုးလိုက်တော့ ကာတွန်းဆရာက နောက်ဆုတ်သွားသည် ထင်ပါသလား။ မရပ်ပါ။ ဆေးရုံတွင် သွေးအလိမ်းလိမ်း ဒဏ်ရာဖြင့် ပြုံးစိစိဓာတ်ပုံက လူမှုကွန်ရက် မီဒီယာများပေါ် တက်လာပြီး အွန်လိုင်း အသုံးပြုသူ လူတော်တော်များက သူ့ပုံကို ၄င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများမှ Profile ဓာတ်ပုံများ အဖြစ်သို့ပြောင်းကာ သူ့ကို ထောက်ခံကြောင်း ပြသကြသည်။
ရဲဘော်ရဲဘက် ကမ္ဘာ့ကာတွန်းဆရာများ ကလည်း အလီဖာဇက်က ဆီးရီးယားခေါင်းဆောင် အာဆတ်ကို ကလောင်တံဖြင့် လိုက်ထိုးနေသည့် ပုံများ၊ သူ့ကာတွန်းများကို အာဏာရှင်တို့ ကြောက်နေသည့် ပုံများ ဝိုင်းဝန်းရေးဆွဲကြပြီး သူ့အတွက် ဂုဏ်ပြုပေးကြသည်။

သူ့ကို ချဖို့ အာဆတ်က တိုက်ရိုက်အမိန့်ပေး မပေး မသေချာသော်လည်း ကာတွန်းဆရာ ဖာဇက်က အာဆတ်ကို မတွေ့ချင်တော့ကြောင်း လူသိထင်ရှား ပြောဆိုခဲ့သည်။ သို့သော် အာဆတ်၏ လုပ်ရပ်များကို လှောင်ပြောင်သရော်သည့် ကာတွန်းများတော့ ဆက်ဆွဲနေဦးမည်ဟု ပြောကြားသည်။
"ကျွန်တော့်ဟာ ကာတွန်းဆရာဖြစ်ဖို့ မွေးဖွားလာတာဗျ။ မကောင်းတာတွေ လုပ်တဲ့ အုပ်စိုးသူတွေကို ကလန်ကဆန် လုပ်ဖို့နဲ့ သူတို့နဲ့မတူတာတွေ လုပ်ဖို့ပါ"ဟု အလီဖာဇက်က ပြောပါသည်။

ကာတွန်းဆရာ ဖာဇက်သည် ထိုကိစ္စဖြစ်မှ အာဏာရှင်ခေါင်းဆောင်များ၏ ခြိမ်းခြောက်မှုမျိုးကို ခံရခြင်းမဟုတ်ပေ။ အရင်ကလည်း အကြိမ်ကြိမ် ကြုံခဲ့ဖူး သည်။
အီရတ်က ဆက်ဒမ်ဟူစိန်က သူ့ကို သတ်ပစ်မည်ဟု ပြောဖူးသည်။ အီရတ်၊ ဂျော်ဒန်၊ လစ်ဗျားတို့က သူပြောင်ခဲ့သည့် ပုံများကြောင့် အမည်ပျက်စာရင်း သွင်းဖူးသည်။ မည်သည့်အရာကမျှ သူ့ကို ရပ်တန့်ခြင်းငှာ မစွမ်းပေ။ အရှေ့အလယ်ပိုင်းဒေသနှင့် ကမ္ဘာ့ သတင်းစာကြီးများတွင် သြဇာကြီး ကာတွန်းဆရာကြီး တစ်ယောက်အဖြစ် သူရပ်တည်လာခဲ့သည်။

နောက်ပိုင်းတွင် အသက် ၆၂ နှစ်ရောက်နေပြီ ဖြစ်သည့် ကာတွန်းဆရာကြီးလည်း သူ့အသက်အန္တရာယ် လုံခြုံရေးအတွက် ဆီးရီးယားထဲမှာ ဘယ်လိုမှ နေလို့မရ သည့်အတွက် ကူဝိတ်သို့ပြောင်းနေရပြီး ကာတွန်းဆက် ရေးနေခဲ့သည်။

"အနုပညာပုံစံ အမျိုးမျိုးမှာ ကာတွန်းတွေဟာ အာဏာရှင်တွေကို ဆော်ရာမှာ ရှေ့တန်းမှာပါတယ်ဗျ” ဟု ၄င်းက ပြောကြားသည်။ မစ္စတာ အလီဖာဇက်သည် အရှေ့အလယ်ပိုင်းဒေသမှ သက်ရှိထင်ရှား ရှိသေးသော သြဇာကြီး အနုပညာရှင်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ဆီးရီးယားပြည်တွင်း၊ အာရပ်ဒေသများနှင့် နိုင်ငံတကာ သတင်းစာကြီးများတွင် ရုပ်ပုံပေါင်း တစ်သောင်းခွဲကျော် ရေးသားခဲ့ပြီးဖြစ်ကာ အာရပ် ကာတွန်းဆရာများ အသင်း၏ ခေါင်းဆောင်အဖြစ်လည်း လက်ရှိလုပ်ကိုင်နေသည်။

အလီဖာဇက်ကို ၁၉၅၁ခုနှစ်တွင် ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟာမာမြို့တော်တွင် မွေးဖွားခဲ့ပြီး ထိုဒေသမှာပင် ကြီးပြင်းခဲ့သည်။ သူ၏ ပထမဆုံး ပရော်ဖက်ရှင်နယ် ကာတွန်း သတင်းစာမျက်နှာဖုံးတွင် ပုံနှိပ်ခံရစဉ်က အသက် ၁၂ နှစ်သာ ရှိသေးသည်။ နောက်ပိုင်း ထိုသတင်းစာကို အာဏာရ ဘာ့သ်ပါတီ က ပိတ်သိမ်းလိုက်သည်။ ၁၉၆၉ ၌ အစိုးရ သတင်းစာတွင် ဝင်လုပ်ခဲ့သည်။ ၁၉၇၀တွင် ဒမတ်စကတ်တက္ကသိုလ် ပန်းချီဌာနတွင် ကျောင်းတက်ခဲ့သည်။

၁၉၈၀ ကာလများတွင်တော့ မစ္စတာဖာဇက်ကို နိုင်ငံတကာက အသိအမှတ်ပြုခဲ့ပြီ ဖြစ်သည်။ ဘာလင်တွင် ကျင်းပသော နိုင်ငံတကာ အင်တာဂရက်ဖစ် ပွဲတော်တွင် ပထမဆု ရရှိခဲ့သည်။
ပြင်သစ်သတင်းစာကြီး Le Monde တွင် သူ့ကာတွန်းများ စပါလာခဲ့သည့် ပြင်သစ်တွင် တစ်ကိုယ်တော်ပြပွဲ လုပ်ခဲ့ပြီး ထိုပွဲတွင်ပြခဲ့သော ပုံများကြောင့် ဆက်ဒမ်ဟူစိန်ထံမှ သတ်မည်ဟု ခြိမ်းခြောက်သံများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ခရစ်နှစ် ၂၀၀၀ ဒီဇင်ဘာတွင် ဖာဇက်ကအာရပ်လို အလင်းပြသူဟု အမည်ရသည့် ကိုယ်ပိုင်စာစောင် တစ်စောင် ထုတ်ဝေခဲ့သည်။ နိုင်ငံရေး သရော်စာများကို ဇောင်းပေး ဖော်ပြလေ့ရှိသည်။ ထိုစာစောင်က ၂၀၀၃ ခုနှစ်လောက်အထိသာ ခံသည်။ အစိုးရ၏ ဆင်ဆာနှင့် ငွေကြေးမလုံလောက်မှု များကြောင့် ထိုစာစောင် ရပ်သွားသည်။

ကာတွန်းဆရာကြီး ဖာဇက်သည် ၂၀၀၂ခုနှစ်တွင် ဒတ်ခ်ျမင်းသား ကလော့စ် ချီးမြှင့်သည့် ယဉ်ကျေးမှုနှင့်ဖွံ့ဖြိုးရေးဆု ကိုလည်းကောင်း၊ ၂၀၁၁ခုနှစ်တွင် ဥရောပ သမဂ္ဂ EU ကချီးမြှင့်သည့် လွတ်လပ်စွာ ပြောရေးဆိုခွင့် ဆု Shakharov Prize ကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် လက်ဘနွန်က ချီးမြှင့်သည့် ထူးချွန်ဆုကို လည်းကောင်း၊ ယခု ၂၀၁၃တွင် ချက်သမ္မတနိုင်ငံက ပေးအပ်သည့် Vaclave Habel လူ့အခွင့်အရေးဆုကို လည်းကောင်း ရရှိထားသည်။
ထို့ပြင် ၂၀၁၂ခုနှစ်တွင် Time မဂ္ဂဇင်းက နှစ် ၁၀၀ ၏ သြဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ရာတွင် ထည့်သွင်း ဖော်ပြထားသည်။

"ကျွန်တော်က လူတွေကို ကြောက်စရာမလိုဘူး ဆိုတာ ပြချင်တာပါ"ဟု ဖာဇက်က ဆိုသည်။

(သန့်ဇင်စိုး)
The Voice Weekly