ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်း

ပို့စ်တင်ချိန် - 10/21/2013 05:10:00 PM


ရေးသားသူ- ရဲမိုး

ခေတ်သစ်နိုင်ငံရေးကို မီဒီယာများကတစ်ဆင့် ဖတ်ရှုလေ့လာရသည့်အခါ ငယ်စဉ်က ကြည့်ခဲ့ရသည့် ဂျပန်နင်ဂျာကားများကို ပြန်သတိရသည်။

ညဥ့်သန်းခေါင်ယံမှာ တံတိုင်းကိုကျော်တက်လာသည့် မျက်နှာဖုံးစွပ်နင်ဂျာများ၊ သူတို့ကိုင်သည့် ကင်ဒိုဓားများနှင့် အဆိပ်လူးမြား၊ ရန်သူ၏အသက်ကို စက္ကန့်ပိုင်းအတွင်း နုတ်ယူနိုင်သည့် ကျွမ်းကျင်မှုများ....။

နင်ဂျာများ လုပ်ကြံသတ်ဖြတ်ခဲ့သည်က လူ့အသက်။ ခေတ်သစ်နိုင်ငံရေးကစားကွက်မှာ လုပ်ကြံသတ်ဖြတ်ကြသည်ကတော့ လူသား၏ဂုဏ်သိက္ခာ။

'Assassin' ကို “လူသတ်သမား” ဟု အနက်ဖွင့်ပြီး 'Assassination'ကိုတော့ “လုပ်ကြံသတ်ဖြတ်ခြင်း”ဟု ဆိုကြသည်။ 'Character Assassination' ဆိုသည့် “ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်း”ကတော့ ကိုယ်မနှစ်သက်သူတစ်ဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၊ လူတစ်စု၏ဂုဏ်သိက္ခာကို မသမာသည့် နည်းလမ်းများသုံးပြီး ဖျက်ဆီးချေမှုန်းခြင်းဖြစ်သည်။

တစ်နည်းအားဖြင့်ပြောရလျှင် မိမိ၏ရန်သူအပေါ် ပြည်သူလူထု၏ ထောက်ခံမှုချုပ်ငြိမ်းသွားအောင် ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ လုပ်ကြံခံရသူမှာ တစ်သက်လုံး ခေါင်းမထောင်နိုင်တော့သည့်အပြင် အသက်မွေးဝမ်းကျောင်းတစ်ခုလုံးကိုပါ စွန့်လွှတ်လိုက်ရတတ်သည်။ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးမှာ ကျင့်သုံးလာခဲ့ပြီး မီဒီယာနည်းပညာများ ပေါက်ကွဲတိုးတက်လာချိန်မှာ ပိုမိုအားကောင်းလာခဲ့သည့် “ဆယ့်နှစ်ကြိုးကဝေနည်းလမ်း”များဟု ပြောရမည်။

Character Assassination ကို လူပုဂ္ဂိုလ်အမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးက နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး ပြုလုပ်လေ့ရှိသည်။ နိုင်ငံရေးပါတီတစ်ခုက ပြိုင်ဘက်ပါတီခေါင်းဆောင်၏ ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်သည်။ ကမ္ဘာ့သမိုင်းမှာ အာဏာရှင်များက တော်လှန်ရေးခေါင်းဆောင်များကို အပုပ်ချကြသည်။ အတိုက်အခံများကလည်း အာဏာရအစိုးရအဖွဲ့ဝင်များ၏ လူထုယုံကြည်မှုကို တိုက်ခိုက်ချေမှုန်းကြသည်။ ထင်ရှားကျော်ကြားသူတစ်ဦးဦးကို သူ့ပြိုင်ဘက်များကလည်း မမှန်သတင်းများ လုပ်ကြံဖြန့်ဝေကြသည်။ နောက်ဆုံး လူသာမန် ပြည်သူများကပင် ကိုယ်မမြင်ဖူးသူတစ်ဦးဦး (သို့မဟုတ်) ကိုယ်မနှစ်သက်သူ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာကို အွန်လိုင်းပေါ်မှာ Enter တစ်ချက်ခေါက်ခြင်းဖြင့် ချေမှုန်းလေ့ရှိကြသည်။

ဂုဏ်သိက္ခာကို လုပ်ကြံသတ်ဖြတ်ခြင်းသည် အမှန်အမှားက အဓိကမဟုတ်။ ရန်သူကို အမြစ်ဖြတ်အနိုင်ယူခြင်းက အဓိကဆိုသည့် အောက်လမ်းနည်းဖြစ်သည်။ ဘောလုံးစကားနှင့်ပြောရလျှင် ဒိုင်လူကြီးမျက်ကွယ်မှာ တစ်ဖက်ကစားသမား၏ ပေါင်ကြားကို ကန်ခြင်းဖြစ်သည်။ တရုတ်သိုင်းဝတ္ထုစကားနှင့် ပြောလျှင်တော့ အနက်ရောင်သိုင်းသမားတို့၏ လက်နက်ပုန်း။

Character Assassination လုပ်သည့်အခါ D လေးလုံးနည်းလမ်းကို အသုံးပြုကြသည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ ပထမဆုံး D ကတော့ Discredit ဖြစ်သည်။ အစွပ်စွဲခံရသူကို အသုံးမကျသူ၊ ဦးမဆောင်နိုင်သူ၊ အရည်အသွေးမရှိသူအဖြစ် ပုံဖော်ခြင်းဖြစ်သည်။

ဒုတိယ D ကတော့ Defamation ဖြစ်သည်။ မိမိတိုက်ခိုက်လိုသူ၏ဂုဏ်သရေကို မဟုတ်မမှန် လုပ်ကြံဖျက်ဆီးခြင်းဖြစ်သည်။ တတိယ D ကတော့ Demonize ။ ရန်သူကို မကောင်းဆိုးဝါးအသွင်၊ ကောက်ကျစ်ယုတ်မာသူအသွင်အဖြစ် ပုံဖျက်ခြင်းဖြစ်သည်။

စတုတ္ထ D ကတော့ Dehumanize ။ ရန်သူကို လူသားမဆန်သည့်၊ လူသားအဆင့်မရှိသည့် အရာတစ်ခုအဖြစ် ပုံဖော်ခြင်းဖြစ်သည်။

Character Assassination တွင်ကျယ်လာသည့် လူ့အဖွဲ့အစည်းတစ်ခုမှာ ကြီးမားသောအကျအဆုံး သုံးမျိုးရှိသည်။ ပထမအကျအဆုံးက စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာ၏ဂုဏ်သိက္ခာဖြစ်သည်။ လူထုမီဒီယာများ အားကောင်းလာသည့် ခေတ်သစ်မှာ ဂုဏ်သိက္ခာကို လုပ်ကြံသူများက မီဒီယာကို ထိုးဖောက်အသုံးချလာကြသည်။ သတိတမံအားနည်းသည့် သတင်းထောက်များနှင့် စာတည်းများ၏ ကလောင်သွားအကြားမှာ သတင်းစာများ အ၀ါရောင်သမ်းလာလေ့ရှိသည်။

ဒုတိယအကျအဆုံးကတော့ ပြည်သူလူထု၏အမှန်တရားကိုသိခွင့် (Right to Know)ဖြစ်သည်။ လိမ်ညာမှု၊ ၀ါဒဖြန့်ချိရေးနှင့် ကောလာဟလများက ပြည်သူတို့၏ အခြေခံအခွင့်အရေးဖြစ်သည့် အမှန်တရားကို သိခွင့်အပေါ်မှာ အဓမ္မကျင့်ခြင်း ဖြစ်သည်။

တတိယအကျအဆုံးကတော့ သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဖြစ်သည်။ အကြီးမားဆုံးနှင့် နှမြောစရာအကောင်းဆုံး ဆုံးရှုံးမှုလည်းဖြစ်သည်။ မဟုတ်မမှန်လုပ်ကြံမှုများနှင့် မတရားသည့်ယှဉ်ပြိုင်မှုနည်းလမ်းများ ဖောင်းပွလာမှုက လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုကို ညစ်ညမ်းစေသည်။ လူတို့၏ဆင်ခြင်နိုင်စွမ်းကို လျှော့ချသည်။ အမှန်တရားကိုသေးသိမ်အောင် ပြုလုပ်ခြင်းဖြင့် မှန်ကန်ထက်မြက်သူများ လူ့အဖွဲ့အစည်း၏ အရေးပါသောနေရာကို ရောက်မလာအောင် တားမြစ်ပါသည်။

ခေတ်သစ်နိုင်ငံရေးသမိုင်းမှာတော့ အမေရိကန်သမ္မတဘီလ်ကလင်တန်ကို Character Assassination ပြုလုပ်ဖို့ ကြိုးစားသည့် ရီပက်ဘလေကန်ပါတီဝင်အချို့၏လုပ်ရပ်က ထင်ရှားသည်။

ကလင်တန်ကို ဖြုတ်ချဖို့အတွက် လိမ်ညာစွပ်စွဲမှုများ၊ အကွက်ဆင်မှုများနှင့် မှားယွင်းမှုအသေးအမွှားများကို ပုံကြီးချဲ့ဝေဖန်မှုများ ဖြစ်သည်။ နောက်ပိုင်းမှာ စုံစမ်းထောက်လှမ်း သတင်းစာဆရာနှစ်ဦးဖြစ်သည့် ဂျိုးကိုနာဆန်နှင့် ဂျင်းလီယွန်တို့က “သမ္မတကိုအမဲလိုက်ခြင်း” (The Hunting of the President)စာအုပ်မှာ ဖွင့်ချခဲ့ကြသည်။

အမေရိကန်သမ္မတဂျွန်ဆင် လက်ထက်မှ ဗီယက်နမ်စစ်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို သတင်းစာများထံ ဖွင့်ချသည့်အတွက် ပင်တဂွန်ဝန်ထမ်း ဒင်နီယယ်အဲလ်စဘက်ဂ်ကို စိတ်မနှံ့သူတစ်ဦးအဖြစ် ပြည်သူများကြားမှာ အမေရိကန်အစိုးရက Character Assassination ပြုလုပ်ခဲ့ဖူးသည်။

နိုင်ငံရေးဒီရေမြင့်လာသည့်အခါ ဂုဏ်သိက္ခာလုပ်ကြံမှုများကို ပိုသတိထားဖို့ လိုအပ်လာသည်။

မှန်ကန်ဖြောင့်မတ်စွာ ယှဉ်ပြိုင်ရဲသည့် စိတ်ဓာတ်၊ ကျင့်ဝတ်နှင့် သစ္စာကို အခြေခံသည့် နိုင်ငံရေးနှင့် ရဲရင့်တည်ကြည်သည့် မီဒီယာစနစ်ကို အားလုံးတည်ဆောက် လိုက်နာကြဖို့လိုသည်။ လူတစ်ဦးစီ၏ဂုဏ်သိက္ခာကို လေးစားသည့် တန်ဖိုးထားမှုစနစ် လိုသည်။ လုပ်ကြံတိုက်ခိုက်သည့် အလေ့အထကို ရန်သူမိတ်ဆွေမရွေး ဆန့်ကျင်ရဲသည့် စိတ်ဓာတ်ခွန်အားလိုသည်။ ကောလာဟလတစ်ခုနှင့် သတင်းတစ်ပုဒ်ကို မှန်ကန်စွာပိုင်းခြားတတ်သည့် ရင့်ကျက်မှုလိုသည်။ လူမှုမီဒီယာနှင့် ထက်မြက်သည့် မီဒီယာနည်းပညာကို ကျင့်ဝတ်ဖြင့် အသုံးချတတ်သည့် အလေ့အထလိုသည်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို မှန်ကန်စွာ ပြန်လည်တည်ဆောက်ကြဖို့ ကျွန်တော်တို့အားလုံး သဘောထားကြီးဖို့ လိုပါသည်။

သင့်တည်ကြည်မှုကို သင့်လူ့အဖွဲ့အစည်းက အလိုရှိနေပါသည်။ ။
7Day News Journal