ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ရေပေါ်ဟိုတယ်သစ်အား ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်

ပို့စ်တင်ချိန် - 10/28/2013 11:08:00 AM

လှလှပပကုမ္ပဏီပိုင် ရေပေါ်ဟိုတယ်သင်္ဘော မြန်မာ့သင်္ဘောကျင်း လုပ်ငန်းတွင် လွန်းတင်ပြင်ဆင် ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မြန်မာ့သင်္ဘောကျင်း)

ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် ရေပေါ်ဟိုတယ်သစ်အား လာမည့်ဒီဇင်ဘာတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တိုးချဲ့တည်ဆောက်ရန် ဆိပ်ကမ်းအမှတ် (၃) ဗောတံတားမှ အမှတ် (၁) ကုန်းတွင်း ကုန်သေတ္တာစင် ထိပ်အထိ ကမ်းနားတစ်လျှောက် ရေကာတံတိုင်း ဆောက်လုပ်၍ မြေဖို့ပြီး မြေနေရာ တိုးချဲ့ခြင်းများ ပြုလုပ်ရန် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက သတ်မှတ်ခဲ့သည်။

အဆိုပါ ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ လှလှပပ ကုမ္ပဏီ လီမိတက်က ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှလှပပ ကုမ္ပဏီမှ ရေပေါ်ဟိုတယ် ဖွင့်လှစ်ရန် ဖင်လန်နိုင်ငံမှ တန်ချိန် ၂၀၀၀ ကျော်ရှိသည့် စက်မဲ့သင်္ဘော တစ်စီးအား ၀ယ်ယူခဲ့ကြောင်း သိရသည်။ ယင်းသင်္ဘောသည် သြဂုတ် ၁၈ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ယင်းသင်္ဘောအား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို မြန်မာ့သင်္ဘောကျင်းရှိ ၁၂၀၀၀ ရေလုံသင်္ဘောကျင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ စက်မဲ့သင်္ဘောသည် အလျား ၁၀၆ မီတာ၊ အကျယ်အ၀န်း ၁၈ ဒသမ ၄ မီတာ၊ ရေစူးနှစ်မီတာနှင့် တန်ချိန် ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

သင်္ဘောအား ပြုပြင်ခြင်း လုပ်ငန်းများကို စက်တင်ဘာလမှ စတင်လုပ်ဆောင်လျက်ရှိပြီး ဒီဇင်ဘာလအတွင်း အပြီးသတ် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် လှလှပပ ကုမ္ပဏီပိုင် ရေပေါ်ဟိုတယ် သင်္ဘောတွင် နှစ်ယောက်ခန်း ၁၀၄ ခန်း ပါဝင်ပြီး စားသောက်ခန်း နှစ်ခန်းနှင့် ဘားကောင်တာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group