ဘဏ္ဍာရေးနှင့်ငွေကြေးတွင် အနှောင့်အယှက်ကြုံနိုင်ပြီး အစိုးရနှင့်တပ်တွင်း အပြောင်းအလဲကြုံမည်ဟု နက္ခတ်ဗေဒင်ပညာရှင်များဆို

ပို့စ်တင်ချိန် - 10/17/2013 08:45:00 AM


ရေးသားသူ- ဥက္ကာကိုကို၊ ပြည်သိမ်း

၂၀၁၃ ခုနှစ်၏ နှောင်းပိုင်းကာလတွင် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် အကောက်ခွန်ကိစ္စရပ်များနှင့်ပတ်သက်၍ အနှောင့်အယှက်ပြဿနာများစွာ ပေါ်ပေါက်လာနိုင်ပြီး အစိုးရ၀န်ကြီးဌာနအချို့တွင် ရာထူးနေရာအပြောင်းအလဲများ ဖြစ်ပေါ်မည်ဖြစ်ကာ နိုင်ငံ့စီးပွားရေး ကျဆင်းလာနိုင်ကြောင်း နက္ခတ်နှင့်ဗေဒင်ပညာရှင်ကြီးများက ဟောကိန်းထုတ်လိုက်သည်။

အောက်တိုဘာ ၁၉ ရက် သီတင်းကျွတ်လပြည့်နေ့တွင် လအရိပ်ဖျော့ကြတ်သည့်ဖြစ်စဉ်၊ လာမည့် နိုဝင်ဘာ ၃ ရက်တွင် နေအပြည့်ကြတ်သည့်ဖြစ်စဉ်နှင့် နိုဝင်ဘာ ၂၆ ရက်တွင် ဗုဒ္ဓဟူးဂြိုဟ်နှင့် စနေဂြိုဟ်တို့ နီးကပ်စွာ ပူးယှဉ်စစ်ထိုးသည့်ဖြစ်စဉ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် စိတြကြယ်နက္ခတ်မှ လခြမ်းသဏ္ဍာန် လမင်းကိုထွင်းဖောက်သည့်ဖြစ်စဉ်များ ဖြစ်ပေါ်မည်ဖြစ်သည်။

ယင်းဖြစ်စဉ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းတို့အပေါ် အနည်းနှင့်အများ ရိုက်ခတ်မှုရှိနိုင်ပြီး အထူးသဖြင့် ဘဏ္ဍာရေးနှင့် စီးပွားရေးနယ်ပယ်၊ အိမ်ခြံမြေဈေးကွက်တို့ကို အနှောင့်အယှက်ပေးလိမ့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုကဆိုသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ဖြစ်ပေါ်မည့် လအရိပ်ဖျော့ကြတ်သည့်ဖြစ်စဉ်သည် ကြည်လင်ဝင်းပသည့် လမင်းကို အရိပ်ပါးပါး ခေတ္တမျှဖုံးလွှမ်းခြင်းသာ ဖြစ်သည့်အတွက် အနှောင့်အယှက်မရှိနိုင်ဟု နက္ခတ်သိပ္ပံပညာရှင်က ပြောသည်။

သို့သော် နိုဝင်ဘာ ၃ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ ၁၆ မိနစ်တွင် ပေါ်ပေါက်မည့် နေအပြည့်ကြတ်မှုဖြစ်စဉ်မှာမူ နိုင်ငံအုပ်ချုပ်ရေးကဏ္ဍမှ အုပ်ချုပ်သူများအတွက် စိတ်အနှောင့်အယှက်သောကများရမည့် အခြေအနေများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ၎င်းဖြစ်စဉ်သည် တူရာသီခွင်အတွင်း ဖြစ်ပေါ်မည်ဖြစ်ကာ နေကြတ်ချိန်တွင် ဗုဒ္ဓဟူးဂြိုဟ်မှာ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဖောက်ပြန်သွားလာ၍ ပါဝင်ပတ်သက်မှုရှိနေကြောင်း သိရသည်။

“တိုင်းပြည်ရဲ့ ဘဏ္ဍာရေးပိုင်း၊ ငွေကြေးပိုင်းဆိုင်ရာမှာ ကြီးမားတဲ့အတိုက်အခံဖြစ်ရပ်တွေ ဖြစ်ပေါ်နိုင်တယ်။ ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အကြီးအကဲတွေရဲ့ အခန်းကဏ္ဍ အပြောင်းအလဲနဲ့ ကံအညံ့ကြုံနေမယ်။ နေကြတ်တဲ့နေ့ကနေပြီး ၂၀၁၃ နှစ်ကုန်အတွင်း ထူးခြားနိုင်ပါတယ်”ဟု ဦးဇေယျာကိုက ဟောကိန်းထုတ်သည်။

ယခုရက်ပိုင်းအတွင်း အောက်တိုဘာ ၁၈ ရက်တွင် တနင်္ဂနွေဂြိုဟ်အပြောင်းအလဲရှိပြီး လကုန်ပိုင်းတွင် သောကြာဂြိုဟ်အပြောင်းအလဲနှင့် အင်္ဂါဂြိုဟ်မှာ မကြာမီကပင် ပြောင်းလဲထားခြင်းကြောင့် ယခုရက်ပိုင်းအတွင်း တပ်မတော်တွင် အရာရှိပိုင်းဆိုင်ရာ အပြောင်းအလဲအချို့ရှိနိုင်ကြောင်း၊ အောက်တိုဘာ ၁၈ ရက်မှစ၍ အောက်တိုဘာ ၃၁ ရက်အတွင်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုကဟောထားသည်။

“အုပ်ချုပ်သူအကြီးအကဲ၊ ဗိုလ်ချုပ်အဆင့်၊ တိုင်းမှူးအဆင့်တွေ အပြောင်းအလဲရှိတယ်။ ရာထူးခန့်ထားမှုနဲ့ အပြောင်းအရွှေ့တွေ ဒီရက်ပိုင်းအတွင်း ဖြစ်ကိုဖြစ်မယ်”ဟု ဆရာစံဇာဏီဘိုကပြောသည်။

တပ်ပိုင်းဆိုင်ရာ အပြောင်းအလဲအချို့ ဖြစ်ပေါ်သော်လည်း တိုင်းပြည်အတွက် ထူးထူးခြားခြား အကျိုးဖြစ်ထွန်းလိမ့်မည်မဟုတ်ဘဲ စီးပွားရေးနှင့်ပတ်သက်၍ ယခုကာလများအတွင်း ကောင်းသည့်အလားအလာ တစ်ခုမျှမမြင်သေးကြောင်း၊ ဗေဒင်ကိန်းခန်းအရ စီးပွားရေးလုပ်ငန်းများတွင် ယုတ်လျော့မှုများ ကြုံတွေ့နေရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“စီးပွားရေးပိုင်းက တိုးလာဖို့ထက် ယုတ်လျော့လာမှာကိုပဲမြင်တယ်။ အရောင်းအ၀ယ်စီးပွားရေးတွေ ခက်ခဲလာတာမျိုး မကြာခင်ကြုံတွေ့ရမယ်။ နောက်နယ်စပ်စီးပွားရေးကအစ၊ ကုန်သွယ်ရေးအဆုံး ခါတိုင်းလို ဖွံ့ဖြိုးလာမှုမျိုးမမြင်ဘူး။ ဂြိုဟ်အနေအထားတွေ မကောင်းဘူး”ဟု ဆရာစံဇာဏီဘိုက ဆက်လက်ပြောသည်။

နိုဝင်ဘာ ၂၆ ရက် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၈ မိနစ်တွင် ဖြစ်ပေါ်မည့် ဗုဒ္ဓဟူးနှင့် စနေဂြိုဟ်တို့ နီးကပ်စွာ ပူးယှဉ်စစ်ထိုးသည့်ဖြစ်စဉ်မှာ နှစ်ပေါင်းသုံးဆယ်ကြာမှ နှစ်ကြိမ်၊ သုံးကြိမ်ခန့်သာ ပေါ်ပေါက်တတ်ပြီး နိုင်ငံ၏အုပ်ချုပ်ရေးပိုင်းကို ကိုယ်စားပြုမည့်ဖြစ်စဉ်ဟု ဆိုသည်။

ထိုဖြစ်စဉ်ကြောင့်ပင် ဘဏ္ဍာရေးရာ၊ အခွန်ရေးရာကဏ္ဍများတွင် အခွန်ကောက်ခံမှုစနစ်နှင့်ပတ်သက်၍ ပဋိပက္ခများ၊ ပြည်သူလူထု၏ မကျေနပ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ကြီးမားသည့်ဆန္ဒဖော်ထုတ်မှုမျိုးအထိ ဖြစ်လာနိုင်ခြေရှိကြောင်း ဦးဇေယျာကိုကဟောသည်။

“ကမ္ဘာမှာရှိတဲ့ အိမ်ခြံမြေအခွန်စနစ်ကြောင့် လွှတ်တော်မှာ ထူးထူးခြားခြား ထောက်ပြဆွေးနွေးမှုတွေ၊ ပညာရှင်တွေက နိုင်ငံတကာစံနှုန်းနဲ့ ထောက်ပြတာတွေဖြစ်လာပြီး ပြန်ပြောင်းလဲရမယ့် ဖြစ်ရပ်တွေဖြစ်ပေါ်လာနိုင်တယ်”ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာ ၂၇ ရက်၊ မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၂၉ မိနစ်တွင် ကန်ရာသီအတွင်း စိတြနက္ခတ်ကြယ်က အလင်းအား ၄၀ ရာခိုင်နှုန်းရှိသည့် လခြမ်းသဏ္ဍာန်လမင်းကို ထွင်းဖောက်သည့်ဖြစ်စဉ် ပေါ်ပေါက်မည်ဖြစ်ပြီး စိတြကြယ်နက္ခတ်မှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရယူခဲ့သည့် ဇာတာအရ ဘဏ္ဍာရေးနှင့် အကောက်ခွန်ကိစ္စရပ်များကို ကိုယ်စားပြုလျက်ရှိသည့်အပြင် ထိုအချိန်၌ ကန်ရာသီအတွင်း အင်္ဂါဂြိုဟ်တည်ရှိနေသောကြောင့် အစိုးရအတွင်းရှိ ၀န်ကြီးအဆင့် ပုဂ္ဂိုလ်ကြီးများ၏ ငွေကြေးဆိုင်ရာ ပြဿနာကိစ္စရပ်များ ထူးခြားစွာပေါ်ပေါက်နိုင်ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် ရာဇ၀တ်မှုထူပြောမည့် အခြေအနေရှိပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုများ၊ လူသတ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း၊ မီးဘေးနှင့်ပတ်သက်၍ အထူးဂရုပြုကြစေလိုကြောင်း ဆရာစံဇာဏီဘိုကအကြံပြုသည်။

စီးပွားရေးနှင့်ပတ်သက်၍ နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ အိမ်ခြံမြေကစားသူများ ဆုံးရှုံးမှုများနိုင်ကြောင်း ဟောကိန်းထုတ်ပါသည်။

အချုပ်အားဖြင့် သုံးသပ်ရပါက ယခုအောက်တိုဘာမှ နှစ်ကုန်ပိုင်း ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးနှင့်အကောက်ခွန်ကိစ္စရပ်များ၌ အနှောင့်အယှက်များစွာ ကြုံတွေ့နိုင်ခြင်း၊ တပ်မတော်နှင့် အစိုးရ၀န်ကြီးဌာနအချို့တွင် နေရာအပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ရာထူးကြီးမြင့်သူများတွင် ငွေကြေးပြဿနာများ ပေါ်ပေါက်လာနိုင်ခြင်း၊ အကောက်ခွန်ကိစ္စရပ်များကို နိုင်ငံတကာနှင့်လျော်ညီစေရန် ပြင်ဆင်ရခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်ဟု ၎င်းတို့ကဟောကိန်းထုတ်သည်။

စီးပွားရေးနှင့်ပတ်သက်၍ အဆိုးအညံ့ဘက်သို့ ကြုံတွေ့ရဖွယ်ရှိပြီး အိမ်ခြံမြေဈေးကွက် ကမောက်ကမဖြစ်မှုများ ပေါ်ပေါက်လာနိုင်သည်။

မီဒီယာနယ်ပယ်တွင် ထုတ်ဝေရေးနှင့် ရုပ်သံထုတ်လွှင့်မှုများအကြား ပြင်းထန်သည့် အတိုက်အခံပြဿနာရပ်များ ပေါ်ပေါက်မည်ဖြစ်ပြီး ထင်ပေါ်သည့်စာရေးဆရာ၊ ထုတ်ဝေသူတို့နှင့် အစိုးရပိုင်းကြားတွင် ကြီးမားသည့်ပြဿနာရပ်များ ပေါ်ပေါက်လာနိုင်ကြောင်း ဦးဇေယျာကိုကဆိုသည်။ ။


ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal