တိုင်းရင်းသားခေါင်းဆောင်အချို့ လိုင်ဇာကို ရောက်ရှိ

ပို့စ်တင်ချိန် - 10/29/2013 08:15:00 AM



အစိုးရက အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲမှာ တိုင်းရင်းသားတွေအနေနဲ့ ဘယ်လို ပါဝင်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ ပေါင်းစုံပါဝင်တဲ့ ညီလာခံတရပ်ကို အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်ရှိရာ လိုင်ဇာမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့ခင်းမှာ ညီညွတ်သောတိုင်းရင်းသားဖက်ဒရယ်ကောင်စီ (ယူအန် အက်ဖ်စီ) အဖွဲ့က ခေါင်း ၁၁ ဦး ရောက်ရှိနေပြီဖြစ်ပြီး ကျန်တဲ့အဖွဲ့ကတော့ မနက်ဖြန်လောက်မှ ရောက်ရှိမယ်လို့ ကေအိုင်အို ပြန်ကြားရေးဌာနက အရာရှိတဦးက အခုလို ပြောပါတယ်။

ဒီညီလာခံအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော် အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့ကို ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။

ဒီညီလာခံရဲ့ အဓိက ဦးတည်ချက်ဟာ အစိုးရက ကမ်းလှမ်းထားတဲ့ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေအားလုံး ဘုံသဘော တူညီချက်ရဖို့ ဖြစ်တယ်လို့ ကေအိုင်အို ငြိမ်းချမ်း ရေး ဖော်ဆောင်မှု လုပ်ငန်းအဖွဲ့က ပြောခွင့်ရသူ ဦးဒေါင်ခါးက ဒီဗွီဘီကို ပြောထားပါတယ်။

ဒီညီလာခံမှာ သတင်းယူဖို့ ပြည်တွင်းပြည်ပက သတင်းထောက်တွေ လည်း ရောက်ရှိနေပါတယ်။

DVB