မိုးစက်ဝိုင်မြန်မာစစ်စစ်ဖြစ်ကြောင်း သက်သေပြမည်

ပို့စ်တင်ချိန် - 10/12/2013 11:50:00 AM


ကမ္ဘာ့မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်ဟာ ရှမ်း– မြန်မာ မိဘနှစ်ဦးက မွေးလာတဲ့ မြန်မာလူမျိုးစစ်စစ် တဦးဖြစ်တယ်ဆိုတာ သက်သေပြဖို့ စီစဉ်နေတယ်လို့Hello Madam MediaGroup ရဲ့ တာဝန်ရှိသူကိုချမ်းလင်းသူက ဧရာဝတီကို ပြောပါတယ်။

မိုးစက်ဝိုင်ရဲ့ တရုတ်ရိုးရာ ဝတ်စုံနဲ့ ဓာတ်ပုံတွေ၊ သတင်းတွေအွန်လိုင်းစာမျက်နှာတွေထက်မှာ ဆက်တိုက်ထွက်ပေါ်နေပြီးမိုးစက်ဝိုင်ဟာ တရုတ်လူမျိုးဖြစ်ကြောင်း၊တရုတ် နာမည်ရှိကြောင်း၊တရုတ် သတင်းဌာနတွေကလည်းမိုးစက်ဝိုင်အကြောင်း ရေးသားထားပြီးတရုတ်လူမျိုးအချင်းချင်း ချီးကျူးနေကြတာသာ ဖြစ်တဲ့အကြောင်းစတဲ့ သတင်းတွေလည်းထွက်နေပါတယ်။

အဲဒီလို သတင်းတွေကြောင့် တရုတ်လူမျိုးတယောက်က မြန်မာနိုင်ငံ ကိုယ်စားပြုမယ်အဖြစ်မပြိုင်သင့်ဘူးဆိုတာကို ဆန္ဒထုတ်ဖော်မယ်ဆိုပြီးတော့ကောလာဟလ တွေလည်းထွက်ခဲ့ပါတယ်။ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ပွဲဒီနေ့ ညနေ ၄ နာရီမှာ ပြုလုပ်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်ဘယ်အဖွဲ့အစည်းက၊ ဘယ်သူတွေကဆန္ဒထုတ်ဖော်မယ်ဆိုတာ မသိရသလို၊ဒီနေ့ ညနေမှာ ဆန္ဒထုတ်ဖော်တာ မျိုးလည်းမရှိခဲ့ပါဘူး။

“မိုးစက်ဝိုင်က တရုတ်လူမျိုးလုံးဝမဟုတ်ဘူး။ ရန်ကုန်မြို့မှာ မွေးခဲ့တဲ့မြန်မာလူမျိုးဖြစ်ကြောင်း သူ့ကိုမွေးခဲ့တဲ့ဆေးရုံကိုသက်သေ လှမ်းယူမယ်။ ပြီးရင် အားလုံးကို ပြောပြမယ်” လို့ကိုချမ်းလင်းသူကရှင်းပြပါတယ်။

မိုးစက်ဝိုင်ရဲ့ မိဘနှစ်ဦးဟာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းဒေသမှာ မွေးဖွားခဲ့တဲ့ရှမ်း–မြန်မာ လူမျိုးတွေ ဖြစ်ပြီးမိုးစက်ဝိုင်လို့ခေါ်တဲ့ မဝေဝေခိုင် (နာမည်ရင်း) ကိုတော့ ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီးသူ့ရဲ့ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်တွေမှာလည်း မြန်မာနိုင်ငံသားဖြစ်ကြောင်း ရေးသားထားတယ်လို့သိရပါတယ်။

အွန်လိုင်းစာမျက်နှာတွေထက်မှာ တရုတ်ဝတ်စုံ ဝတ်ဆင်ထားတဲ့မိုးစက်ဝိုင်ရဲ့ဓာတ်ပုံနဲ့ သတင်းတွေထွက်ပေါ်လာတဲ့အပေါ် Miss Universe Myanmar ပွဲတွေကို တာဝန်ယူကျင်းပမယ့်Hello Madam Media Groupက တာဝန်ရှိသူတွေအနေနဲ့ နောက်ကွယ်ကတိုက်ခိုက်နေတဲ့သူတွေကို စုံစမ်းသိရှိထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

“တိုက်ခိုက်နေတဲ့သူတွေကိုကျနော်တို့ သိထားတယ်။ နောက်ကွယ်ကနေ ယှဉ်နေဖို့မရှိဘူး။ ဆက်ပြီးတိုက်ခိုက်နေဦးမယ် ဆိုရင်တော့ကျနော်တို့ အားလုံးရှေ့မှာ တရားဝင်ပြောသွားမှာပါ။ အခု လောလောဆယ်တော့ဘယ်သူဆိုတာ မပြောပြ ချင်သေးဘူး” လို့ကိုချမ်းလင်းသူက ပြောပါတယ်။

အွန်လိုင်းကောလာဟလတွေ ထွက်ပေါ်နေတဲ့အပေါ် Miss Universe Myanmar2013 ဆုရ မိုးစက်ဝိုင်ကို ဧရာဝတီကဆက်သွယ်မေးမြန်းပေမယ့် ဖုန်းကိုင်ခြင်းမရှိပါဘူး။

တရုတ်နိုင်ငံကအွန်လိုင်းစာမျက်နှာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ဖော်ပြနေကြတဲ့မိုးစက်ဝိုင်ရဲ့ တရုတ်ဝတ်စုံနဲ့ ပုံဟာ ၂၀၀၉ ခုနှစ်က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ဝတ်စုံလို့ သိရပါတယ်။ အဲဒီပွဲမှာ မြန်မာဝတ်စုံ၊ တရုတ်ဝတ်စုံနဲ့ညနေခင်းဝတ်စုံဆိုပြီး ယှဉ်ပြိုင်ခဲ့ရပေမယ့်မြန်မာဝတ်စုံနဲ့ညနေခင်း ဝတ်စုံပုံတွေတော့မပါလာဘဲတရုတ်ဝတ်စုံနဲ့ ပုံကိုသာ ရွေးပြီးတင်ထားသလို၊မိုးစက်ဝိုင်မှာ ဝေဝေခိုင်ဆိုတဲ့နာမည်ကလွဲလို့ တရုတ်နာမည်လုံးဝ မရှိဘူးလို့ ကိုချမ်းလင်းသူကိုပြောပါတယ်။

ဆက်လက်ပြီးကိုချမ်းလင်းသူက “မိုးစက်ဝိုင် တက်ရမယ့်စင်မြင့်က အကြီးဆုံးဖြစ်နေတော့ ပထမဆုံးအခွင့်အရေးကို ဘယ်သူမဆိုရချင်မှာပဲလေ။ မိုးစက်ဝိုင်နေရာမှာ ဘယ်သူဖြစ်ဖြစ်တိုက်ခိုက်ခံရမယ်ထင်တယ်” လို့အွန်လိုင်းစာမျက်နှာ တွေထက်မှာ ပျံ့နှံ့နေတဲ့သတင်းတွေအပေါ် သုံးသပ်ပါတယ်။

အခုလို တိုက်ခိုက်ခံနေရပေမယ့်လည်း Hello Madam Media Group နဲ့ ကာယကံရှင် မိုးစက်ဝိုင်အနေနဲ့တကူးတကကိစ္စတခုအနေနဲ့ ရှင်းပြနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မိုးစက်ဝိုင်ရဲ့ တရားဝင်facebook စာမျက်နှာမှာတော့“အခုလို ရှုပ်ထွေးကြမ်းတမ်း နေတဲ့ပြဿနာတွေ ကြားထဲကနေ မိုးစက်ကို ဆက်လက်ပြီးအားပေးချစ်ခင်ပေးနေတဲ့ ပရိသတ်ကြီးကိုလည်းမိုးစက်က အရမ်းချစ်ခင်ပြီးအရမ်းလည်း ကျေးဇူးတင်နေပါတယ်” လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်ကရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းများနဲ့တွေ့ဆုံပွဲမှာ မိုးစက်ဝိုင်ကို စာနယ်ဇင်းသမားတဦးက တခြားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ဖူးလားလို့မေးမြန်းခဲ့ရာမှာ မိုးစက်ဝိုင်ကသူ့အနေနဲ့၂၀၀၉ ခုနှစ် လောက်က ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်တဲ့ပွဲတခုမှာ ပါဝင်ခဲ့ဖူးတယ်လို့ဖြေပြီး ရက်ပိုင်းအတွင်းမှာပဲ အဲဒီတုန်းက သူပြိုင်ပွဲဝင်ခဲ့တဲ့တရုတ်ဝတ်စုံတွေနဲ့ ဓာတ်ပုံတွေထွက်လာခဲ့တာ တွေ့ရပါတယ်။

facebook စာမျက်နှာတွေ ထက်မှာတော့ မိုးစက်ဝိုင်နာမည်နဲ့ ဖွင့်ထားတဲ့ စာမျက်နှာက ဆယ်ခုထက်မနည်းရှိနေပြီးမိုးစက်ဝိုင် မုန်းတီးသူများဆိုတဲ့စာမျက်နှာလည်း ရှိနေတဲ့အပြင်အဲဒီ စာမျက်နှာမှာ Like လုပ်ထားသူပေါင်း ၂ သောင်းနီးပါးရှိနေတာ တွေ့ရပါတယ်။

မိုးစက်ဝိုင်ဆိုတဲ့နာမည်နဲ့ စာမျက်နှာ တိုင်းမှာတော့တရုတ်လူမျိုး၊မြန်မာလူမျိုး ဖြစ်တာ မဖြစ်တာ အရေးကြီးမကြီးဆိုတာကို ငြင်းခုန်နေကြသလိုအားပေးတဲ့သူတွေ အားမပေးဘူးဆိုတဲ့ကွန်မန့်တွေကိုလည်း ရေးသားထားတာတွေ ရှိပါတယ်။

MissUniverse Myanmar2013 ကျင်းပရေး ကော်မတီကလည်းမြန်မာနိုင်ငံကိုယ်စားပြု မယ်ရွေးချယ်ခဲ့ရာမှာ ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲဝင် စည်းကမ်းတွေအပြင်၊မြန်မာနိုင်ငံနဲ ကိုက်ညီမယ့် စည်းကမ်းတွေပါထည့်သွင်းခဲ့ပြီး လူထုကြားမှာ ရွေးချယ်ခဲ့တာလို့Hello Madam MediaGroup က ဆိုပါတယ်။

MISS UNIVERSE MYANMAR ဝက်ဘ်ဆိုက် မှာလည်းMiss UniverseMyanmar 2013 မိုးစက်ဝိုင်အား Online နှင့်facebook စာမျက်နှာများပေါ်တွင်လူနည်းတစုမှ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်၊အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင်သတင်းအချက်အလက် ထုတ်လွှင့်ခြင်းမျိုး မဟုတ်ဘဲ၊အတင်း ဖြန့်ဝေနေခြင်းများအားမိမိတို့၏ အမည်၊ မိမိတို့၏ဂုဏ်သိက္ခာ စောင့်ထိန်း ရေးသားပြောဆိုကြဖို့၊ထင်ယောင်ထင်မှား သတင်းအချက်အလက်တွေကိုရေးသားသူ လူနည်းစု အနေဖြင့် မည်ကဲ့သို့ ရည်ရွယ်ချက်မျိုးဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်ကိုMISS UNIVERSE MYANMAR ORGANIZATION နှင့်မိုးစက်ဝိုင်ကို အားပေးကြသော မိဘပြည်သူများကသိရှိသော်လည်း ယင်းတို့၏ ဂုဏ်သိက္ခာအားငဲ့ညှာ ထောက်ထားသော အားဖြင့် တိုက်တွန်းရေးသားလိုက်ခြင်း ဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

ဧရာဝတီ