၂၀၁၅ရွေးကာက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည်မရှိလျှင် ဘယ်လိုမှတရားမျှတတဲ့ ကောက်ပွဲ ဖြစ်မလာနိုင်ဘူးဆိုသည့် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဦးကျော်စွာစိုးနှင့် တွေ့ ဆုံခြင်း

ပို့စ်တင်ချိန် - 10/26/2013 04:58:00 PM


အောက်တိုဘာ ၂၆။

၂၀၁၅ ရွေးကောက်ပွဲသည် တစ် ရက်နှင့်တစ်ရက် တစ်လနှင့်တစ်လ တစ်ဖြည်းဖြည်း မဲပေးရန်အတွက် နီးကပ်လာပြီဖြစ်ပြီး တရားဝင် ပါတီအဖြစ် မှတ်တင်ထားသည့် ပါတီ ၅၀ ကျော်ထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် တောင်သူ လယ်သမားဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ဥက္ကဋ္ဌ ဦးကျော်စွာစိုးကို လာမယ့် ၂၀၁၅ ရွှေးကောက်ပွဲနှင့် ပတ်သက်သမျှအား သွားရောက် မေးမြန်းဖြစ်ခဲ့သည်။

မေး။      ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဆိုတာကလည်း နီးလာပြီဆိုတော့ ဆရာတို့ အနေနဲ့ ဘာတွေကြိုပြီး ပြင်ဆင်ထားလဲ။

ဖြေ။       ။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင် နေတာကတော့ကြာပြီ။ မြို့နယ်ပေါင်း ၃၀ ကျော်မှာ မြို့နယ်ရုံးခွဲတွေ ဖွင့်ထားတယ် အခုထက် တိုးပြီးတော့ ဖွင့်နိုင်အောင်လည်း ကြိုးစားနေတယ်။ တောင်သူလယ်သမားတွေ မဲပေးနိုင်အောင် မဲပေးတတ် အောင်လည်း သွန်သင်နေတယ်။ ဘာလို့လည်းဆိုတော့ မဲပေးတာ နှစ်ကြိမ်ရှိနေပြီ။ တို့ပြည်သူတွေက သိပ်နားမလည် သေးဘူး။ ဒီတစ်ကြိမ်တော့ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ငါတို့လယ်သမားတို့ မဲပေးတတ်မှဘဲ အဆင်ပြေမှာ ဖြစ်တယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် အောင်နိုင်ရေး အဖွဲ့ကတော့ ၂၀၁၄ ပထမ အပတ်လောက်မှာ စဖွဲ့မယ်။ မြို့နယ်တွေမှာ ဦးတို့ အနေနဲ့ လိုက်ပြီးတော့ ပြောပြနေတယ်။

မေး။      ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဆရာတို့ အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် မြို့နယ်ပေါင်း ဘယ်လောက်ကို လျာထား လဲ။

ဖြေ။       ။ အခုဦးတို့ အနေနဲ့ လျာထားတာ မြို့နယ်ပေါင်း ၁၅၀ ပြည်သူ့လွှတ်တော် ၁၅၀။ တိုင်းဒေသကြီး လွှတ်တော်က ၃၀၀။ အမျိုးသား လွှတ်တော်က ၅၀လောက် လျာထားတယ်။ ဘာလို့ အမျိုးသား လွှတ်တော်ကို ဘာကြောင့် မသွားတာလည်းဆိုတော့ ဦးတို့ လယ်သမားတွေက ဥပဒေအကြံပြုတဲ့ နေရာမှာ အားနည်းတယ်။ အမျိုးသား လွှတ်တော်ဆိုတဲ့ နေရာက ပညာရှင်တွေသွားရတဲ့ နေရာလို့ ထင်တားတဲ့အတွက် သူတို့က သိပ်မသွားချင်ကြဘူး။ တိုင်းဒေသကြီး ကြတော့လည်း ဖိုက်တင်ချရမယ့်နေရာ၊ ပြည်သူ့ လွှတ်တော်ကျတော့လည်း ဖိုက်တင်ချရမယ့်နေရာ ဘယ်လိုဘဲ ဖြစ်နေဖြစ်နေ သူတို့ကပြတ် ပြတ်သားသား ပြောရမယ့် နေရာတွေမှာဘဲ သူတို့က နေချင်ကြတယ်။ အဲ့တော့ တိုင်းဒေသကြီးက ၃၀၀၊ ပြည်သူ့လွှတ်တော် က ၁၅၀၊ အမျိုးသား လွှတ်တော်က ၅၀၊ အားလုံးပေါင်း နေရာ ၅၀၀ လောက်တော့ မှန်းထားတယ်။

မေး။      ။ လာမယ့်၂၀၁၅ ရွေးကောက်ပွဲဟာ မှန်ကန်စွာနဲ့ ပြည်သူတွေ မဲပေးတတ်လိမ့်ဦးမယ်လို့ ဆရာ့ အနေနဲ့ထင်လား။

ဖြေ။       ။ အဲတာက မနည်း ပြောရဦးမှာ အခုအချိန်အထိ ကျေးလက်ဒေသမှာ အုပ်ချုပ်ရေးမှူးတွေ ကြောက်တဲ့ အစွဲက အခုအချိန် ပြည်သူတွေ စိတ်ထဲမှာ ရှိနေသေးတယ်။ အုပ်ချုပ်ရေးမှူးက ဟိုပါတီကို မဲမပေးနဲ့။ ဒီပါတီကိုမဲမပေးနဲ့ ဆိုရင်တောင်မှ အုပ်ချုပ် ရေးမှူးကိုကြောက်ပြီး မဲမပေးရဲတဲ့လူတွေ ရှိနေသေးတယ်။ ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးပိုင်ခွင့် ရှိတယ်ဆိုတာ သူတို့မသိ သေးဘူး။ မသိသေးတာကို သိအောင်လှည့်ပြီးတော့ ပြောနေရတာ အာပေါက်တော့မယ်။ ဒါမှဆင်းရဲသား ပါတီက ဆင်းရဲ သားတွေ တက်လာပြီး ဆင်းရဲသားတွေအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မှာ ဖြစ်တာကိုလဲ ရှင်းပြရတာကိုး။

မေး။      ။ လာမယ့် ၂၀၁၅  ရွေးကောက်ပွဲ ကျရင်ကော အဲ့ဒီရွေးကောက်ပွဲက တရားမျှတမှု ရှိလိမ့်မယ်လို့ ဆရာ့အနေနဲ့ထင်လား မသိဘူး။

ဖြေ။       ။ ဒေါ်အောင်ဆန်းစုကြည် ရှိနေရင်တော့ အဲဒီ ၂၀၁၅ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် မရှိဘူး ဆိုရင်တော့ တရားမျှတမှုရှိမှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဦးကိုယ်တိုင် ခံခဲ့တာ ဒေါ်အောင်ဆန်းစုကြည် မပါတုန်းက ဦးကိုလုပ်ထည့်လိုက်တယ်။ အဲတာကလည်း ပထမဦးဆုံး အတွေ့အကြုံ။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကြတော့ ဒေါ်အောင်ဆန်းစုကြည် ပါလာတော့ တော်ရုံတန်ရုံ မလုပ်ရဲတော့ဘူး။ ဒါကြောင့် ပါတီငယ်လေးတွေ အနေနဲ့ ခံပြီးတော့ ပြောနိုင်တဲ့ စွမ်းရည် မရှိပါဘူး။ ပါတီငယ်လေးတွေကခံပြီး ပြောနိုင်တဲ့ စွမ်းရည် မရှိတဲ့အတွက် ပါတီငယ်လေး အဆင့်ကနေ တိုးထွက်လာတဲ့ တောင်သူလယ်သမား ပါတီကတော့ ဖြည်းဖြည်းခြင်းနဲ့ ပါတီအလတ်လောက် ဖြစ်လာပြီ။ တောင်သူလယ်သမား ပါတီ အနေနဲ့ လာမယ့်၂၀၁၅ ရွေးကောက်ပွဲကို စွမ်းစွမ်းတမံနဲ့ တရားမျှတမှုရှိအောင် လုပ်ပေးပါလို့လည်း ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ပြောထားတယ်။

မေး။      ။ ဆရာ့အနေနဲ့ စောဏက ပြောသွားတဲ့ အထဲမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် ရှိနေမှသာလျှင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာဆိုတာ။

ဖြေ။       ။ မှန်တာပေါ့ ဒေါ်အောင်ဆန်းစုကြည် ပါမှသာလျှင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာပါ။ ဘာလို့လည်းဆိုတော့ အရင်တုန်းက တိုင်းပြည်မှာ ပါတီငယ်တွေကို အလေးထားခဲ့တာမှ မဟုတ်တာ။ ဒေါ်အောင်ဆန်းစုကြည် ပါလာမှ သူ့ကိုကြောက်လို့သာလျှင် မပြောရဲကြတာ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေရင်တော့ မှန်ကန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာ လိမ့်မယ်လို့ ဆရာ့အနေနဲ့ ထင်တယ်။

မေး။      ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် ပါတီငယ်လေးအတွက် နေရာ ရနိုင်လိမ့်မယ်လို့ ဆရာ့အနေနဲ့ ထင်လား မသိဘူး။

ဖြေ။       ။ ပါတီငယ်လေးတွေထဲမှာ တောင်သူလယ်သမား ပါတီဟာ ပါတီဝင်အင်အား ထိုက်သင့်သလောက် ရှိလာပြီရှိလာတဲ့ အတွက် ပါတီငယ် ၂၀ ကျော်နဲ့ ဦးနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်။ အဲ့တာကလည်း ညှိနှိုင်းစပဲ။ ပါတီငယ် အချင်းချင်း ညှိရတာတော့ လွယ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဦးကလည်း သူတို့လိုဘဲ ဘ၀တူကထဲ လာခဲ့တာ ဘ၀တူဘ၀တူခြင်းဆိုတော့ သူတို့ကလည်း ချစ်ကြတယ်။ ခင်ကြတယ်။ အားပေးကြတယ်။ ဦးက အမှန်အတိုင်း ပြောရရင် နိုင်ငံရေး ပါတီတွေ ကခေါင်းဆောင်တွေ အားလုံးသည် တိုင်းပြည်မှာ အလုပ်လုပ်ချင်လို့ ပါတီထောင်ထားကြတာ။ တိုင်းပြည်မှာ အလုပ်လုပ်ဖို့ ဆိုတာ ပြောပိုင်ခွင့်က လူတိုင်းမှာရှိတယ်။ လုပ်ပိုင်ခွင့်က လူတိုင်းမှာ မရှိဘူး။ အစိုးရအဖွဲ့စည်း ပါလာမှသာလျှင် လုပ်ပိုင် ခွင့်ရတာ။ အဲ့ဒီလုပ်ပိုင်ခွင့် ရရှိဖို့ကလည်း ပါတီငယ်လေးတွေက ကြိုးစားကြတယ်။ ရုံးကန်ကြတယ်။ အဲ့ဒီရုံးကန်တဲ့ အထဲမှာ အာဏာ မလိုချင်ပါဘူးဆိုတဲ့ ပါတီတစ်ယောက်မှတော့ မရှိဘူး။ အာဏာဆိုတာ ပြောစကားအရ ရိုင်းပေမယ့် အမှန်အတိုင်း ပြောရင်အာဏာဆိုတာ လုပ်ပိုင်ခွင့်ပါဘဲ။ လုပ်ပိုင်ခွင့်ကို မလိုချင်တဲ့ ပါတီငယ် တစ်ယောက်မှ မရှိဘူး။ လုပ်ပိုင်ခွင့် မရှိလို့ လုပ်ပိုင်ခွင့်ရှိဖို့ တို့တွေတက်ညီ လက်ညီ ပူးပေါင်းပြီးတော့မှ လုပ်မှသာလျှင် ရမယ်ဆိုတာ အားလုံးကသိတဲ့အတွက် ဒီ ၂၀ကျော်နဲ့ တက်ညီ လက်ညီလုပ်မယ်။

မေး။      ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီငယ် ၂၀ ကျော်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်ဆိုတော့ ဘယ်လို ပါတီငယ်တွေ နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမလဲ။

ဖြေ။       ။ ပါတီငယ် ၂၀ ကျော်ဆိုတာ ရန်ကုန်မှာရှိတဲ့ ပါတီတွေ အဓိက များတာပေါ့။ အဲ့တာလေးတော့ ဦးပြောလို့ မရသေးဘူး။ ပြောလို့ မရသေးတာ ဘာကြောင့်လည်းဆိုတော့ ဦးပြောလိုက်ရင် ဦးဖောင်းသွားမှာ သူတို့ခွင့်ပြုချက် မရှိဘဲ ဘယ်ပါတီ ဘယ်ပါတီ ပါတယ်လို့ ဦးအနေနဲ့ ပြောလို့ မရဘူး။

မေး။      ။ ဆရာ့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဘာများဖြည့်စွက်ပြီး ပြောချင်တာ ရှိလဲ။

ဖြေ။       ၂၀၁၅ ရွေးကောက်ပွဲအတွက် ဦးပြောချင်တာက အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တို့လယ်သမား ပါတီဟာ မြန်မာပြည်မှာ တစ်ခါမှ မပေါ်ဖူးဘူး။ အခုမှ ပထမဦးဆုံးပေါ်တာ လယ်သမားတွေကို ကိုယ်စားပြုတဲ့ ပါတီလည်းဖြစ်တယ်။ လယ်သမားကြီးတွေ လယ်သမား ကိုယ်စားလှယ်လောင်းတွေက သူတို့အကြောင်း လွှတ်တော်ထဲမှာ သွားပြောချင်နေကြ ပြီ။ ဘ၀တစ်လျှောက်လုံးလဲ ပြောခွင့်လည်း မရခဲ့ကြဘူး။ ပြောခွင့်လည်း မကြုံခဲ့ဖူးဘူး။ အခုပြောပြောခွင့် ရတော့မယ်ဆို တော့ လွှတ်တော်ထဲကို သွားပြောချင်နေကြပြီ။ အဲ့ဒီရောက်မှဘဲ ပြောတာ တရားဝင်တာကို တရားဝင် ပြောခွင့်ရဖို့ကို သူတို့အားကြိုး မာန်တက်နဲ့ ပါဝင်ယှဉ်ပြိုင်ကြလိမ့်မယ်။ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အခါမှာ တစ်သက်လုံး သူတို့ဆန်စပါး စိုက်ကြွေးလာတဲ့ ကျေးဇူးလေးကို ထောက်ပြီးတော့ ထမင်းစားဘူးတဲ့သူတိုင်း သူတို့ဒီတစ်ခေါက် သွားပြောချင်နေတာကို သွားပြောခွင့် ပေးလိုက်ပါ။ ဒါကြောင့် လယ်သမားကြီးတွေကို မျက်စိမှိတ်ပြီးတော့ ကျေးဇူးဆပ်စေချင်တယ်။ ကျေးဇူးဆပ်လိုက်ပါ။ သူတို့ပြောချင်တာ ပြောခွင့်ရလို့ရှိရင် သူတို့လည်း စိတ်သက်သာရာ ရောက်သွားမယ်။ အခုတော့ ပြောခွင့်လည်းမရ။ အမြဲတန်း နင်းပြားဘ၀နဲ့ဆိုတော့ ကျွန်တော် လယ်သမားပါဗျလို့ ပြောရမှာတောင် ရှက်နေပါတယ်ဆိုတဲ့ လူတန်းစား တစ်ရပ်ဖြစ် နေတယ်။ ဒါကြောင့် အဲ့ဟာကြီးကို လွှတ်တော်ကြီးထဲကို ရောက်ပြီးကာမှ လွှတ်တော်ထဲမှာ ကျကျနန တိုင်းပြည်ရဲ့ လုပ်ပိုင်ခွင့်တွေကို လယ်သမားကြီးတွေ လက်ထဲ ရောက်လာမယ်ဆိုရင် လယ်ယာကဏ္ဍလည်း တိုးတက်လာမှာ ဖြစ်တဲ့အတွက် ပြောချင်တာကတော့ တိုင်းသူပြည်သားအားလုံး ထမင်းစားတဲ့လူတိုင်း ဆန်စိုက်ပေးပြီး ကြွေးလာတဲ့ လယ်သမားတွေကို ဒီတစ်ခေါက်တော့ မျက်စိမှိတ်ပြီး မဲပေးလိုက်ပါလို့ ပြောချင်တယ်။

တွေ့ဆုံမေးမြန်းသူ- နှင်းနွယ်
မြန်မာ့ခေတ်