ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝန်ကြီးချုပ်နှင့် ဒီနေ့ တွေ့မည်

ပို့စ်တင်ချိန် - 10/24/2013 11:27:00 AM


ဥရောပ ခရီးစဉ်အတွင်း ဗြိတိန်ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် ၀န်ကြီးတွေနဲ့ ဒီကနေ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ဗြိတိန်အစိုးရ ပြန်ကြားရေးဌာနရဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

တွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဗြိတိန်အစိုးရ အင်တာနက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂၄ ရက်နေ့မှာ မြောက်အိုင်ယာလန်ကို သွားရောက်ပြီး ၂၅ ရက်နေ့မှာ ဆင်းဟတ်စ် စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂမှာ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့နဲ့ ဆာခါရော့ဖ် လူ့အခွင့်အရေးဆု လက်ခံရယူဖို့ ၁၅ ရက်ကြာ ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်နေ့ကတည်း စတင်ခဲ့တာဖြစ်ပါတယ်။

သူ့ခရီးစဉ်အတွင်းမှာ ဘယ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီစတဲ့ ဥရောပ ၅ နိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။

by ဒီဗွီဘီ