အခြေခံဥပဒေ ဆန္ဒကောက်ယူရာတွင် ပြည်သူများ ပါဝင်မှုအားနည်းဟု ဦးတင်ဦး ဆို

ပို့စ်တင်ချိန် - 10/22/2013 04:32:00 PM



အမျိုးသား ဒီမိုကရေစီ အဖွဲ့အချုပ် (NLD) ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး အတွက် ပြည်သူ့ဆန္ဒ ကောက်ယူရာတွင် ပြည်သူများ ပါဝင်မှု အားနည်းနေကြောင်း NLD ပါတီ နာယက သူရဦးတင်ဦးက ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမတွင် အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပသော အနောက်ပိုင်းခရိုင် ပြည်သူများ ဆန္ဒကောက်ယူပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒများ ကောက်ယူလျက် ရှိသော်လည်း ပြည်သူများမှာ ၎င်းတို့နှင့် သက်ဆိုင်ခြင်း မရှိသလို နေသောကြောင့် ပြည်သူများဆန္ဒ အကုန်လုံး ရယူရန် လွယ်ကူမှု မရှိကြောင်း ၎င်းကဆိုသည်။
“ပြည်သူအားလုံး ပါဝင်ဖို့က အချိန်သိပ်မရတာလည်း ပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ အခြေခံဥပဒေအတွက် ပြည်သူဆန္ဒ ကောက်ယူရာတွင် အခက်အခဲများ ရှိနေသော်လည်း တစ်နိုင်ငံလုံး အနှံ့ ကောက်ယူမှုကို နိုဝင်ဘာလ ၈ ရက်နေ့တွင် အပြီးသတ်မည် ဖြစ်ကြောင်း NLD အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီမှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
“ရတဲ့အချိန်နဲ့တော့ အပြီးလုပ်နေပါတယ်။ တိတိကျကျကတော့ အားလုံးကောက်ခံပြီးမှ သိရမယ်” ဟု ၎င်းကဆိုသည်။

NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် ၄၅ ရက်အတွင်း ပြည်သူ့ဆန္ဒ ကောက်ခံသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ထုတ်ပြန် ကြေညာထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး ပြည်သူ့ဆန္ဒများကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း ပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ နိုဝင်ဘာလ ၁၅ ရက် မတိုင်မီ ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီမှ ထုတ်ပြန် ကြေညာထားသည်။
The Voice Weekly