ငပလီကမ်းခြေတွင် ညမထွက်ရအမိန့် ရုပ်သိမ်း

ပို့စ်တင်ချိန် - 10/09/2013 06:24:00 PM



နိုင်ငံခြားသား ခရီးသည်များစွာ လာရောက်လေ့ရှိသည့် ကမ္ဘာသိ ကမ်းခြေတစ်ခုဖြစ်သော ရခိုင်ပြည်နယ် သံတွဲမြို့တွင် တည်ရှိသည့် ငပလီကမ်းခြေတွင် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို အောက်တိုဘာလ ၈ ရက်နေ့မှ စတင် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောကြားသည်။

ငပလီကမ်းခြေ အနေအထားသည် လုံခြုံရေးအခြေအနေအရ ကောင်းမွန်ပြီး ပဋိပက္ခ ဖြစ်ပွားနိုင်ခြေ မရှိသဖြင့် ယင်းသို့ ရုပ်သိမ်းခြင်းဖြစ်ကြောင်း၊ ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းလိုက်သဖြင့် ခရီးသွား လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်း များတွင် ပိုမိုအကျိုးဖြစ် ထွန်းစေမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများ ပြင်းထန်လာသဖြင့် အောက်တိုဘာလ ၁ ရက်နေ့တွင် ငပလီ အပါအဝင် သံတွဲမြို့တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ကို ထုတ်ပြန်ခဲ့သည်။

ပဋိပက္ခများ တည်ငြိမ်နေပြီ ဖြစ်သော်လည်း လုံခြုံရေး အခြေအနေအရ သံတွဲမြို့ပေါ်တွင် ပုဒ်မ ၁၄၄ကို ရုပ်သိမ်း၍ မဖြစ်နိုင်သေးကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်များက ပြောဆိုကြသည်။

ငပလီကမ်းခြေတွင် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းလိုက်သဖြင့် ခရီးသည် များအတွက် အဆင်ပြေသွားမည် ဖြစ်ကြောင်း၊ ငပလီကမ်းခြေ ပတ်ဝန်းကျင်တွင် ဘာသာခြားများ နေထိုင်ခြင်း မရှိသဖြင့် ပဋိပက္ခများ ဖြစ်ပွားမည်ကို မစိုးရိမ်ကြောင်း သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောကြားသည်။

သံတွဲမြို့နယ်တွင် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူငါးဦး သေဆုံးကာ နှစ်ဦးမှာ ပျောက်ဆုံးနေပြီး လေးဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ လူပေါင်း ၅၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့ရကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင် များထံမှ သိရှိရသည်။

The Voice Weekly