မိုးနတ်မင်းနှင့် အတင်းလက်ဆုံည

ပို့စ်တင်ချိန် - 10/22/2013 12:26:00 PM




Written by ရီနေနိုင်

တကယ်တော့ မိုးနတ်မင်းနှင့် စကားလက်ဆုံ သော်လည်းကောင်း၊ ထမင်းလက်ဆုံ သော်လည်းကောင်း ဖြစ်ကောင်း၏။ 'အတင်းလက်ဆုံ' ဆိုတော့ ထုံးစံအတိုင်း စာစီစာရိုက် ဆရာ ဆရာမလေးများ အချွန်ဖြင့်မပြီး မှားရိုက်လိုက် သလားဟု အထင်မှားစရာ ရှိသည်။ သို့သော် တကယ်ပဲ မိုးနတ်မင်းနှင့် 'အတင်းလက်ဆုံည' ဖြစ်သည်။ တစ်ညချမ်းမှာ မိုးကရွာ၊ မီးကပျက်၊ ဘက်ထရီကမရှိ ဖယောင်းတိုင် တိုတိတိနဲ့မို့ အိပ်ဖို့ပဲ ရှိသည်ဟု စိတ်ကူးလိုက်ချိန်မှာ မိုးနတ်မင်းကို တွေ့လိုက်ရတာ ဖြစ်သည်။ မှောင်မှောင်မည်းမည်းထဲ သူကလည်း မည်းမည်းဆိုတော့ အခုတလော မြန်မာသရဲကားတွေချည်း ကြည့်ကြည့် နေရတာမို့ အတော်ကြီး လန့်သွားကာ လိပ်ပြာမနည်း ပြန်ခေါ်လိုက်ရသည်။ ''ဟေ့လူ၊ ကျုပ်အခန်းထဲ မပြောမဆို ၀င်လာတာ ခင်ဗျား ဘယ်သူလဲ'' ဆိုတော့ ''ကိုယ်က မိုးနတ်မင်းပါကွာ'' ဟု လေပျော့ကလေးဖြင့် မိတ်ဆက် ရှာပါသည်။

''ဟာဘယ်က မိုးနတ်မင်းလဲ။ ကဗျာဆရာလား၊ စာရေးဆရာလား၊ အိပ်မက်ဆုံရာက အဆိုတော်လား။ ဆောရီးဗျာ ကျွန်တော်မကြားဖူးလို့။ ဒါထက် မိုးနတ်မင်း ဆိုတာက အနုပညာ နာမည်လား၊ ကလောင် နာမည်လား၊ နာမည်ရင်းလား''

''ဟာ ဒီကောင် ငကြောင်ပဲ။ မိုးနတ်မင်းပါဆိုမှ မိုးပေါ်က ဆင်းလာတဲ့ မိုးနတ်မင်းပေါ့ကွ။ မင်းငါ့နာမည် မကြားဖူးဘူးလို့များကွာ။ ကိုရီးယားကား မှန်မှန်မကြည့်ဘူး ထင်တယ်''

''သြော် မိုးပေါ်က မိုးနတ်မင်း ဟုတ်ရဲ့လားဗျာ။ ကိုယ်ရှိန်ကိုယ်ဝါလည်း မတောက်ပ။ ဇာတ်ထဲကလို အချွန်အတက်လည်းမပါ''

''ဟာ ကိုယ်တို့ဆီမှာလည်း မီးပျက်လို့ ဘက်ထရီ မသွင်းခဲ့ရတော့ ဘယ်လိုလုပ် ကိုယ်ရှိန်ကိုယ်ဝါ တောက်ပနိုင်ပါ့မလဲ။ အချွန်အတက် မပါဆို အဲဒီယူနီဖောင်းကြီးနဲ့ဆို မလွတ်လပ်လို့ကွ။ ၃၁ ဘုံမှာ ရောက်လေရာ မိုးနတ်မင်းလို့ သိနေလို့ ဘီယာဘားတို့ ကေတီဗီတို့ သွားဖို့တောင်မလွယ်။ ဒါကြောင့် အရပ်ဝတ်နဲ့ ထွက်လာရတာ။ ဟေ့ကောင် ပြုံးစိစိ လုပ်မနေနဲ့။ ကေတီဗွီတို့ ဘီယာဘားတို့ဆိုတာ မဟုတ်တာလုပ်တွေ ထောက်လှမ်းဖို့ သွားရတာကွ။ ကဲ ထားပါကွာ။ မင်းဆီလာတာက အခုတလော မင်းတို့ဆီက လူတွေက ငါ့ကိုတယ် အပြစ်ဆိုကြသကွ။ မိုးရွာလွန်းရင်ရွာလို့ မရွာတဲ့ ဆီကလည်း မရွာလို့ အဲဒါကွာ။ ငါလည်းတတ်နိုင်ရင် လုပ်ပေးချင်ပါတယ်။ အဲဒါ ငါတတ်နိုင်တဲ့ဟာ မဟုတ်ဘူးကွ။ အဲဒါ မင်းက စာရေးဆရာ ဆိုတော့ လူတွေသဘောပေါက်အောင် ရှင်းပြပေးဖို့ အကူအညီ တောင်းချင်လို့ကွာ''

''ဟာ အဲဒါတော့ ဟုတ်တယ်ဗျို့။ မိုးနတ်မင်း နာမည်ခံပြီးတော့မှ ခေါင်းမရှောင် ချင်ပါနဲ့ဗျာ။ ကျွန်တော်လည်း အခုတလော ဘိုးတော်။ အဲလေ.. အန်ကယ် မိုးနတ်ကို အတော်ဒေါသ ဖြစ်နေတာဗျ။ ဘယ်ဗျာ မိုးရာသီက ကုန်ကိုမကုန်နိုင်ဘူး။ ရွာရင်လည်း ရုံးသွားရုံးပြန်။ ကျောင်းသွား ကျောင်းပြန်ချိန် မိုးရွာတော့ လမ်းပေါ်ရေတက်။ ကားတွေက နဂိုကပိတ်တဲ့အထဲ ရေတက်လို့ ယာဉ်ကြောတွေပျောက်။ တစ်ခါ ကားစက်ထဲရေ၀င် လို့ပျက်ပြီး ပိုပိတ်။ ဘရိတ်ရှူးတွေ ရေစို။ ဘရိတ်ကမမိ ကားတိုက်မှုတွေဖြစ်။ လူတွေသေကျေ ထိခိုက်။ လမ်းတွေပိုပိတ်။ အအေးမိပြီး ကလေးလူကြီး အားလုံး တုပ်ကွေးတွေဖြစ်။ ဒါတွေက အန်ကယ် မိုးနတ်ရဲ့ အပြစ်တွေပေါ့ဗျ။ ပြီးတော့ ရေများရာတော့ မိုးတွေရွာလို့ မိုးမရွာလို့ မိုးမျှော်ပါတယ်ဆိုတဲ့ နေရာမျိုးကျ တစ်စက်မှမရွာ။ ဘယ်လိုတွေများ လုပ်နေလဲ အန်ကယ် မိုးနတ်ရယ်။ စီမံခန့်ခွဲမှု ဒီလောက် ညံ့နေရင်လည်း နောက် နတ်မျိုးဆက်တွေကို မိုးနတ်မင်းလုပ်ဖို့ နေရာဖယ်ပေး လိုက်ပါလားဗျာ''

''ဟေ့ကောင် ဟေ့ကောင် မင်းမသိဘဲ ဘာမှ လျှောက်မပြောမနေနဲ့။ အဲဒါတွေငါနဲ့ မဆိုင်ဘူးကွ။ ငါတိုတိုပဲ ပြောမယ်။ မင်းတို့ လူ့ပြည်မှာ စက်မှုလုပ်ငန်းတွေက ကာဗွန်တွေ ထုတ်လွှတ်လို့ အိုဇုန်းလွှာလည်း အပေါက်ကြီးဖြစ်၊ ကမ္ဘာကြီးက ပူနွေးနဲ့ ရာသီဥတုတွေ ဖောက်ပြန်ရတဲ့အထဲ မင်းတို့နိုင်ငံက ရှိသမျှတောတွေ အကုန်လိုလိုခုတ်ပြီး 'လု' ပြည်က သစ်တွေ '၀' ပြည်ကို အကုန်ရောက်ကုန် ပြန်ရော။ အဲဒါကြောင့် မင်းတို့ဆီမှာ တောမရှိ။ ဒီတော့ မြေထဲက ရေကိုစုပ်ပြီး လေထဲထုတ်မယ့် သစ်ပင်မရှိ။ ဒါကြောင့် ရေငွေ့မရ။ ဒီတော့ မိုးခေါင်။ အဲဒါငါက ဘာတတ်နိုင်မှာလဲ။ ပြီးတော့ မင်းပြောတဲ့ ရေများရာ မိုးရွာတယ် ဆိုတာက သဘာဝကွ။ ငါလုပ်တာ မဟုတ်ဘူး။ မိုးဆိုတာက ရေရှိမှ ရွာလို့ရတာ။ မင်းတို့က တောတွေခုတ်။ ဆည်တွေကို ပျော်ပျော်ပါးပါးဆောက်။ ကျောက်တွေကို လက်နဲ့တူးတာ အားမရလို့ စက်တွေနဲ့တူး။ မြစ်တွေ ချောင်းတွေကောပြီး လုံးလုံးပျောက်တဲ့ ဟာပျောက်။ ဒီတော့ရေကြီးတဲ့ နေရာကြီး။ အဲဒီလို ရေပေါတဲ့နေရာမှာ ရေငွေ့ရတော့ မိုးကရွာမှာပဲ။ မိုးရွာရင် ရေကထပ်ကြီးမှာပဲ။ အဲဒါငါဘာမှ လုပ်လို့မရဘူး။ ပြီးတော့ မိုးရွာတယ် ဆိုတာက ရေရှိတာ တစ်ခုတည်းနဲ့ ရွာတာမဟုတ်ဘူး ဟဲ့ကောင်ရ။ ရာသီဥတု ဖောက်ပြန်ပြီး မိုးသက်မုန်တိုင်းတွေ ဖြစ်တဲ့အခါ သူတို့က ရှိသမျှရေငွေ့ အပေါ်လွှင့်တင်၊ အဲဒီမှာ ရေငွေ့တိမ်တိုက်ဖြစ်။ အဲဒီအခါကျလည်း ရွာတတ်တယ်။ ခုနကပြောတဲ့ အိုဇုန်းအပေါက်ကြီးတို့ ကမ္ဘာကြီး ပိုပူနွေးတာမို့လည်း ရေငွေ့တွေက အပေါ်တက်၊ တိမ်ဖြစ်။ ငွေ့ရည်ဖွဲ့ရာက ကမ္ဘာ့ဆွဲအားကြောင့် မထိန်းနိုင်တဲ့အခါ မိုးကမအောင့်နိုင် တော့ဘဲ တ၀ုန်းဝုန်း ရွာတော့တာပေါ့ကွာ။ ဒီလောက်ကြီး လေးလံလာတဲ့ ငွေ့ရည်စက်တွေ ထိန်းဖို့ဆိုတာ မဖြစ်နိုင်ဘူးကွ''

''ခင်ဗျာ၊ ဒါဆို မိုးရွာတယ် ဆိုတာက မိုးနတ်မင်းကြီးရဲ့ ဟိုဒင်း..''

''တယ် ဒီကောင် အေး အဲဒီနည်းနဲ့များ မိုးရွာပေးလို့ရရင် ရေများများသောက်ပြီး မိုးခေါင်တာနဲ့ ဘာမသိ ညာမသိငါ့ကို ကျိန်ဆဲနေတဲ့ ဟာတွေဆီ ရွာပေးလိုက်ချင်ပါတယ်''

''ဟဲဟဲ အဲဒီလိုတော့ မညစ်ပတ်ပါနဲ့ မိုးနတ်မင်းရယ်။ ကျွန်တော်တို့ အောက်က လူတွေဆိုတာ မိုးနတ်မင်းတို့ အထက်က ညစ်ပြီဆိုရင် ရှောင်လွတ်နိုင်တာမှ မဟုတ်တာ ဒါနဲ့မိုးနတ်မင်းရာ။ ကမ္ဘာကြီးပူနွေးလို့ ရေငွေ့တွေ အပေါ်တက် မိုးရွာနိုင်တယ်ဆိုရင် အပူပိုင်း ဒေသတွေမှာ ဘာကြောင့် မိုးက ခေါင်ခေါင်နေတာလဲ ခင်ဗျ''

''ဟာ အဲဒီနေရာတွေမှာက ရေငွေ့တက်စရာ ရေမှာမရှိတာ။ အေးတစ်ခု ရှိတာက တစ်ခါတစ်ရံတော့ ရှိသမျှ ရေငွေ့လေးနဲ့ မိုးတိမ်ဖွဲ့ပြီး ရွာဖို့ကြိုးစားတာမျိုး ရှိနိုင်တယ်။ မိုးတိမ်တွေ မြင်ရမယ်။ ရွာမယောင်ပြုမယ်။ အေး ရွာလည်း ရွာတယ်ပေါ့ကွာ။ ဒါပေမဲ့ ပူလွန်းလို့ မိုးရေက မြေမရောက်ခင် လေထဲမှာတင် ပျောက်သွားတယ်။ ဒီတော့ မြေကြီးပေါ်ကလူက မိုးရွာမယ့် အရိပ်အယောင်ပဲ မြင်ရပြီး မိုးကိုမရလိုက်ဘူး။ အဲဒါမျိုးကို Phantom Rain လို့ခေါ်တယ်။ တစ္ဆေမိုးပေါ့ကွာ။ မင်းက စာဖတ်တဲ့ စာရေးဆရာ မဟုတ်တော့ ကြားဖူးမှာ မဟုတ်ပါဘူး'' သူပြောတာ မှန်နေသည့် အတွက် ကျွန်တော် အောင့်သက်သက်ဖြင့် ခံလိုက်ရသည်။

''အဲဒီ ဖဲန်တွန်မ်ရိမ်းဆိုတဲ့ တစ္ဆေမိုးမျိုး အကြောင်း တွေးမိတော့ မင်းတို့အခု ဆင်းရဲမှု ပပျောက်ရေးတို့ဘာတို့ လုပ်တာဟာ ခြောက်သွေ့တဲ့ နေရာကို မိုးရွာအောင် လုပ်တာမျိုးပဲလို့ ငါစဉ်းစားမိတယ်ကွ။ ဒါပေမဲ့ မိုးဆိုတာက ရေများရာမှာပဲ ရွာတတ်တာ သဘာဝမို့ ခြောက်သွေ့တဲ့ ဘ၀တွေကို စိုပြည်အောင် စနစ်တကျ အရင်လုပ်ပြီးမှ မိုးရွာပေးလို့ အဆင်ပြေမှာ သိထားဖို့ မင်းကတစ်ဆင့် ပြောချင်တာပါကွာ။ ဒါကိုမသိဘဲ လူမြင်ကောင်းအောင်ရုံ ရွာချရင်တော့ လမ်းတစ်ဝက် လေထဲတင်ပျောက်ပြီး မိုးမျှော်သူလက်ထဲ ရောက်သင့်သလောက် မရောက် ဖြစ်မှာကို တွေးမိလို့ကွ။ ဒါက ကြုံလို့ ပြောတာပါ။ ငါနဲ့တော့ မပတ်သက်ပါဘူး။ ငါနဲ့ ပတ်သက်တာက မင်းတို့တွေ သစ်ပင်တွေ ကိုယ်တိုင်ခုတ်လိုခုတ်။ သူများဝင်ခုတ်လိုခုတ်နဲ့ တစ်တောလုံး ကုန်ကုန်သွားတာဟာ ဘယ်လောက် ဆိုးတယ်ဆိုတာ မသိတာကို ငါအသည်း ယားနေတာ။ ခုထိလည်း နယ်စပ်တွေမှာ တစ်နေ့တစ်နေ့ သစ်ပင်ကြီးတွေ ရာချီပြီး လှဲကောင်း နေတုန်းဆိုပဲ။ သစ်တောကို တစ်ပိုင်းတစ်စိတ် ခုတ်ရင်တောင် သစ်ရွက်တွေက မြေထဲက ရေစုပ်ပြီး လေထဲလွှတ်တာ နည်းသွားလို့ မိုးရွာတာ လျော့သွားတာပဲကွ။ တစ်တောလုံး ခုတ်လိုက်တော့ ဘာပြောကောင်းမလဲ။ အေး မိုးနတ်မင်း မပြောနဲ့။ မိုးနတ်မင်း အဖေရှိရင်လည်း ကယ်နိုင်မှာ မဟုတ်ဘူး။ ပြီးတောမှ မိုးရွာရင် ရွာပြန်တယ်။ ခေါင်ရင် ခေါင်ပြန်ပြီနဲ့ ငါ့ကိုလာလာ အပြစ်ဆိုနေကြတယ်။ မိုးရွာလို့ လမ်းပိတ်တာ ငါနဲ့ဘာဆိုင်လဲ။ ကားတွေ သွင်းတာလည်း သွင်းပေါ့ကွာ။ လမ်းပေါ်ကားတွေ စည်းကမ်းမဲ့ရပ်တာ။ လမ်းကြပ်ရင် ဟိုဘက်ယာဉ်ကြောကို စည်းကမ်းမဲ့ ၀င်မောင်းတာ။ မီးပွိုင့်စိမ်းနေရက် လူစောင့်တင်တာ။ ကားပါကင်နေရာ မစီစဉ်ပေးနိုင်တာ။ လူတွေကလည်း မီးပွိုင့်စိမ်းနေရက်နဲ့ ကားရှေ့အုပ်စုလိုက် ဇွတ်ဖြတ်တာ စတဲ့ စည်းကမ်းမဲ့လွန်း တာတွေကို ပြင်ဖို့လုပ်မှပေါ့ကွာ။ ပြီးတော့လည်း ဟိုဒင်း..မိုးရွာရင် လမ်းပေါ် ရေတက်တာက ငါနဲ့မဆိုင်ဘူးကွ။ တကယ်တော့..''

မိုးနတ်မင်း တကယ် လာသွားတာလား၊ အိပ်မက်တာလား။ ဒါမှမဟုတ် မိုးနတ်မင်းက ဆောင်းပါး တစ်ပုဒ်စာ စပွန်စာလုပ်ပြီး အိပ်မက်ပေးတာ လားတော့မသိ။ ဘာပဲဖြစ်ဖြစ် နောင်များလည်း တွေ့ချင် ဆွေးနွေးချင် အတင်းပြောချင် ပါသေးသည်။

ဆီးယူ မိုးနတ်မင်း။

ရန်ကုန်မြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်ကို စက်တင်ဘာ လကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ) အောင်မျိုးသန့်

Eleven Media Group