ဆင်ခြေထောက်ဆေး တိုက်ကျွေးခဲ့သည့် တိုင်းဒေသကြီး အချို့တွင် ဆေးအာနိသင် သက်ရောက်မှုနှင့် ရောဂါဖြစ်နှုန်း အခြေအနေများကို စစ်ဆေးမည်

ပို့စ်တင်ချိန် - 10/01/2013 01:06:00 PM




ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး စီမံချက်အဖြစ် မြန်မာတစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ဆေးများ တိုက်ကျွေးခဲ့ပြီး တိုက်ကျွေးခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနက်မှ မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများတွင် ဆေးအာနိသင် သက်ရောက်မှုနှင့် ရောဂါဖြစ်နှုန်း အခြေအနေများကို စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းတိုင်းဒေသကြီး နှစ်ခုကို စစ်ဆေးရခြင်းမှာ ယင်းနေရာများတွင် ယခင်ကတည်းက ဆင်ခြေထောက်ရောဂါ ဖြစ်ပွားနှုန်း မြင့်မားခဲ့ပြီး အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ဆေးမတိုက်ကျွေးမီ ကတည်းက ဆေးတိုက်ကျွေးထားသည့် ဒေသများ ဖြစ်ကြောင်းနှင့် ယင်းဒေသများတွင် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားနှုန်းနှင့် ပတ်သက်၍ ကိန်းဂဏန်း အချက်အလက်များ ရရှိရန်၊ ဆေးအာနိသင် သက်ရောက်မှု အခြေအနေများနှင့် ဆေးဆက်လက် တိုက်ကျွေးရန် လိုအပ်မှုရှိမရှိ စသည်တို့သိရှိနိုင်စေရန် စစ်ဆေးမှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

''အခုစစ်ဆေးမယ့် ဒေသနှစ်ခုက အရင်ကတည်းက ရောဂါဖြစ်နှုန်းမြင့်ပြီး ဆေးတိုက်ကျွေးတဲ့ အကြိမ်အရေအတွက်ကလည်း ငါးကြိမ်အထက် ဆေးတိုက်ပြီးသား နေရာတွေ ဖြစ်တယ်။ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကျတော့ အခုမှ စတိုက်တာဖြစ်ပြီး စစ်ဆေးလို့ မရသေးတဲ့အတွက် ဒီဒေသနှစ်ခုကို ရွေးပြီးစစ်တာပါ။ စစ်ဆေးပြီးရင် ရောဂါနဲ့ ပတ်သက်တာတွေကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီး ဖြစ်နှုန်းတွေ ကျဆင်းသွားတယ်ဆိုရင် နောက်တစ်နှစ် ဆက်တိုက်ပြီးရင် အဲဒီဒေသတွေမှာ ဆေးဆက်တိုက်ဖို့ မလိုတော့ပါဘူး။ ဆေးမတိုက်တော့ပေမယ့် အခြေအနေကိုတော့ စောင့်ကြည့်ရမှာပါ။ ကျန်ဒေသ တွေကိုတော့ ဆက်တိုက်သွားဖို့ စီစဉ်ထားပါတယ်'' ဟု ကျန်းမာရေး ဦးစီးဌာန၊ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး စီမံချက်မှ ဒေါက်တာနီနီအေးက ပြောပြသည်။

ယခုစစ်ဆေးမည့် ဒေသနှစ်ခုအပြင် စက်တင်ဘာလ အတွင်းက ဆေးတိုက်ကျွေးမှု မရှိခဲ့သည့် ရခိုင်ပြည်နယ် ဒေသခံများတွင် ဆင်ခြေထောက်ရောဂါ ရှိမရှိ သွေးဖောက် စစ်ဆေးမှု ပြုလုပ်သွားရန် စီစဉ်ထားပြီး လာမည့်နှစ် ဆေးတိုက်ရာသီတွင် ဆေးတိုက်ကျွေးမှု မပြုလုပ်ရသေးသည့် ကချင်နှင့် ရခိုင်ပြည်နယ်များကိုပါ တိုက်ကျွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာလ အတွင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးတိုက်ကျွေးရာတွင် နေပြည်တော် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၁၉ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ၂၂ မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ၂၈ မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး ၂၈ မြို့နယ်၊ ကရင်ပြည်နယ် ခုနစ်မြို့နယ်၊ မွန်ပြည်နယ် ၁၀ မြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီး ၁၀ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ၂၆ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်များတွင် ဆေးတိုက်ကျွေးခဲ့သည်။

မြန်မာနိုင်ငံ၌ ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှု ပြန်လည်တွေ့ရှိ နေသည့်အတွက် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး စီမံချက်အဖြစ် တစ်နိုင်ငံလုံးအနှံ့ ဆေးများတိုက်ကျွေး နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားသူဦးရေ အနည်းငယ် မြင့်တက်နေခြင်းကြောင့် ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ဆင်ခြေထောက် ရောဂါပိုးသည် မြန်မာနိုင်ငံ အတွင်းရှိ ရှမ်း၊ ကယားနှင့် ချင်းပြည်နယ် များမှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ အမြစ်တွယ်လျက်ရှိပြီး မကွေး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်များတွင် ရောဂါတွေ့ရှိမှုနှုန်းမှာ တစ်ရာခိုင်နှုန်းအောက် လျော့နည်းနေပြီ ဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ်၌ ဆင်ခြေထောက် ရောဂါဆေးအား မြို့နယ်မှ တာဝန်ရှိသူများက လိုက်လံတိုက်ကျွေးနေစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)
Eleven Media Group