ရန်ကုန်မြို့တော် မြေအောက်ရေ အလွန်အကျွံ အသုံးပြုမှု ထိန်းချုပ်ရန်လိုဟုဆို

ပို့စ်တင်ချိန် - 10/24/2013 05:27:00 PM


ရန်ကုန်၊ အောက်တိုဘာ ၂၃

ရန်ကုန်မြို့တော်တွင် ကန်ထရိုက်တိုက်များ ဆောက်လုပ်ရာ၌ အဝီစိတွင်းများ တူးဖော်၍ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူ သုံးစွဲလာမှုကြောင့် မြေကျွံကျမှုများ မဖြစ်ပေါ်စေရန် မြေအောက်ရေ အလွန်အကျွံ သုံးစွဲမှုကို ထိန်းချုပ် လျှော့ချရန် လိုအပ်ကြောင်း ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် (အငြိမ်းစား) ဦးဘရွှေက ပြောကြားသည်။

မြေအောက်ရေများ အလွန်အကျွံ သုံးစွဲမှုကို မထိန်းချုပ်နိုင်ပါက နှစ် အနည်းငယ်အတွင်း မြေကျွံမှုများနှင့် ရေချိုပျက်စီးကာ ရေငန် ဝင်ခြင်းများ ဖြစ်ပွားလာနိုင်သောကြောင့် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က ထိန်းချုပ်လျှော့ချရန် လိုအပ်ပြီး အဆိုပါ အဝီစိတွင်း တူးဖော်မှုများကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုရန်၊ ဂျိုးဖြူရေနှင့် မြေပေါ်တွင် သုံးစွဲနိုင်သော ရေများကို အသုံးပြုခွင့်ပေးရန်၊ အဝီစိတွင်း အက်ဥပဒေကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြ ပြောကြားသည်။
“မြေအောက်ရေတွေကို မဆင်မခြင် ထုတ်သုံးရင် မြေအောက်မှာရှိတဲ့ ရေထု ပမာဏတွေ လျော့နည်းသွားတာကြောင့် အပေါ်က ဖိအားကို မခံနိုင်တော့ဘဲ မြေကျွံတာတွေ၊ မြစ်ချောင်းနဲ့နီးတဲ့ နေရာတွေမှာ ရေငန်လိုက်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်” ဟု ဦးဘရွှေက ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင် ကန်ထရိုက် ဆောက်လုပ်မှု လုပ်ငန်းများ များပြားလာခြင်းနှင့်အတူ အဝီစိတွင်း တူးဖော်မှုများလည်း မြင့်တက် လာရခြင်းမှာ ကန်ထရိုက် ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် ယင်းတိုက် တွင် နေထိုင်သူများ အသုံးပြုမည့်ရေကို ဂျိုဖြူပိုက်များမှ သုံးစွဲခွင့် မပြုထားကြောင်း၊ ကန်ထရိုက်တိုက်များ ဆောက်လုပ်စဉ် ကာလတွင် အဝီစီတွင်းတူးကာ သုံးစွဲလျက် ရှိသောကြောင့် အဝီစိတွင်းများ များပြားလာခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“ကန်ထရိုက်တိုက်တွေကို ဂျိုးဖြူရေ သုံးခွင့် ပေးမထားတာက အများပြည်သူတွေ ရေပြတ်လပ်မှု ကြုံမှာဆိုးလို့ပါ။ ကန်ထရိုက် တိုက်ဆောက်ရင် အဝိစီတွင်း တူးရမယ်လို့တော့ ထုတ်ပြန်ထားတာ မရှိပါဘူး” ဟု ၎င်းက ရှင်းပြသည်။

ကန်ထရိုက်တိုက်များ ဆောက်လုပ်မှုတွင် ရေရရှိမှု လွယ်ကူစေရန် အဝိစီတွင်း တူးဖော်ရခြင်း ဖြစ်ပြီး ဂျိုးဖြူရေသုံးစွဲခွင့် ရရှိပါက အဝီစိတွင်း တူးဖော်ရန် လျှောက်ထားရသည့်အချိန်၊ ငွေကြေး ကုန်ကျမှု များကို သက်သာစေနိုင်သောကြောင့် ဂျိုးဖြူရေ သုံးစွဲခွင့်ကို အမြန်ဆုံး အကောင်အထည် ဖော်စေလိုကြောင်း တောင်ဥက္ကလာမြို့နယ် အခြေစိုက် ကန်ထရိုက် ဆောက်လုပ်ရေး လုပ်ကိုင်သူ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

The Voice Weekly