ထရုံလူမျိုးစု၏ နောက်ဆုံးသုံးယောက်

ပို့စ်တင်ချိန် - 10/02/2013 06:21:00 PM


ရေးသားသူ- ရဲနောင်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်၌ဖြစ်သည်။ သူ့လက်ထဲတွင်ကိုင်ထားသော ကော်ဖီခွက်ကို တစ်ဝက်ပင် ကုန်အောင်သောက်ခွင့်မရပါ။ “ဓာတ်ပုံရိုက်ချင်လို့”ဟု ခွင့်ပြုချက်တောင်းခံသူ အမျိုးသား၊ အမျိုးသမီးအချို့က သူနှင့်တွဲလျက် ဓာတ်ပုံရိုက်ခံကြသည်။ လက်ကိုင်ဖုန်း၊ ကင်မရာများအပြင် သတင်းဌာနများ၏ ကင်မရာမီးများက တဖျပ်ဖျပ်လင်းကုန်ကြ၏။

နှစ်ဆယ့်လေးနာရီ အချိန်အပိုင်းအခြားအတွင်း သူ၏အကြောင်းနှင့်ဓာတ်ပုံများ သတင်းစာမျက်နှာအချို့တွင် ပါလာသည်။ ဖေ့စ်ဘွတ်ခ်ကဲ့သို့သော အင်တာနက်စာမျက်နှာများတွင်ပါ ပျံ့နှံ့သွားသည်။ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခရောင်းကျေးရွာမှ ထရုံတိုင်းရင်းသားကိုဒါဝိကို မြန်မာ-အမေရိကန်ချစ်ကြည်ရေး ဂမ်လန်ရာဇီတောင်တက်ခရီးစဉ်အပြန်တွင် ထူးကုမ္ပဏီက ရန်ကုန်မြို့သို့ အလည်အပတ်ခေါ်ဆောင်လာစဉ် ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်သည်။

ကိုဒါဝိသည် မြန်မာနိုင်ငံရှိ လူပုမျိုးရိုးဖြစ်သည့် ထရုံလူမျိုးစု၏ နောက်ဆုံးလက်ကျန်သုံးဦးထဲမှ တစ်ဦးဖြစ်သည်။

မဖြူမညိုအသားအရေနှင့် နှုတ်ခမ်းမွေးပါးပါးရှည်ရှည်ရှိသော ကိုဒါဝိက “ပျော်ဖို့ကောင်းပါတယ်”ဟု ဓာတ်ပုံရိုက်ခံနေရင်း တိုင်းရင်းသားဘာသာစကားတစ်ခုဖြင့် ပြောသည်။ စကားနည်း၍ ခပ်တည်တည်နေတတ်သော မျက်နှာသွင်ပြင်ရှိသော်လည်း ကျဉ်းသွယ်သောမျက်ဝန်းများတွင် သူ၏အတွင်းစိတ်ရိုးသားမှုကို အလွယ်တကူတွေ့မြင်နိုင်သည်။ ထရုံလူမျိုးစု၏ ၀ိသေသတစ်ခုဖြစ်သည့် အရပ်သုံးပေခွဲသာသာရှိသော သူ့အရပ်အမြင့်က အသက်(၆၀)နီးပါးရှိသည်ဟုဆိုလျှင် မယုံနိုင်စရာဖြစ်ပါလိမ့်မည်။

အရှေ့တောင်အာရှ၏ အမြင့်ဆုံးဟုသတ်မှတ်ထားသော ပေတစ်သောင်းကိုးထောင်ကျော်မြင့်သည့် ခါကာဘိုရာဇီနှင့် ဂမ်လန်ရာဇီရေခဲတောင်ခြေရင်းရှိ ခရောင်းကျေးရွာတွင် ကိုဒါဝိတို့ မိသားစုအစဉ်အဆက် နေထိုင်ခဲ့ကြသည်ဟုဆိုသည်။ မြန်မာပြည်၏မြောက်ဘက်အစွန်ဆုံး တိဗက်လူမျိုးများနေထိုင်သည့် တဟွမ်ဒမ်းရွာနှင့် ခရောင်းရွာမှာ လေးမိုင်ခန့်သာကွာဝေး၏။

အိမ်ခြေသုံးဆယ်ခန့်ရှိသော ခရောင်းရွာတွင် အများစုမှာ ရ၀မ်တိုင်းရင်းသားများဖြစ်ပြီး ထရုံလူပုတိုင်းရင်းသားမှာ ကိုဒါဝိတို့ မောင်နှမသုံးယောက်သာ ကျန်ရှိတော့သည်။

“ဘာမှတော့မဖြစ်ပါဘူး။ တစ်ခါတစ်ခါစိတ်မကောင်းဘူး။ အရင်တုန်းက အမေ၊ အဖေတို့ရှိတယ်”ဟု ခရောင်းရွာတွင် ထရုံတိုင်းရင်းသား တဖြည်းဖြည်းလျော့နည်းလာခြင်းအပေါ် ကိုဒါဝိက ရ၀မ်တိုင်းရင်းသားစကားဖြင့် ပြောလိုက်သည်။

လွန်ခဲ့သောဆယ်နှစ်ခန့်က ဆုံးပါးခဲ့သော သူနှင့်လူမျိုးတူ အမျိုးသမီးနှင့်လည်း အမွေဆက်ခံဖို့ရာ သားသမီးသွေးသားရင်း မထွန်းကားခဲ့ပေ။ ယခုလက်ရှိတွင် အသက်(၆၅)နှစ်ခန့်ရှိသော စိတ်ဝေဒနာသည် အစ်မဖြစ်သူအား အလုပ်အကျွေးပြု အတူနေထိုင်သည်ဟုဆိုသည်။

“အသက်(၄၀)လောက်ရှိတဲ့ သူ့ညီမကလည်း ရွာထဲမှာ ရ၀မ်တစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ သားတွေသမီးတွေ အရွယ်ရောက်ကုန်ပြီ။ အားလုံးသာမာန်အရပ်ပဲ။ အရပ်မပုကြတော့ဘူး”ဟု ကိုဒါဝိ၏မိတ်ဆွေဖြစ်သူ ခါကာဘိုရာဇီရေခဲတောင် ပထမဆုံးတက်နိုင်ခဲ့သော မြန်မာနိုင်ငံသားအဖြစ် မှတ်တမ်းတင်ခံရသူ ကိုနမားဂျွန်ဆင်ကပြောသည်။

“သူတို့ အရပ်ရှည်တာကောင်းတယ်”ဟု သူ့ညီမ၏သားသမီးများဖြစ်သော တူ၊ တူမများနှင့်စပ်လျဉ်း၍ ကိုဒါဝိကပြန်လည်ချေပသည်။

အလွန်နည်းပါးသော အရေအတွက်ရှိသည့် ထရုံတိုင်းရင်းသားများနှင့်ပတ်သက်၍ တစ်နှစ်ပတ်လုံး နှင်းများဖုံးလွှမ်းနေသော တောင်တန်းများရှိ မြန်မာနိုင်ငံ၏ အမေ့ပျောက်ခံတိုင်းရင်းသားဟု ဂျာမန်လူမျိုး Wolfgang H.Trost က ၂၀၀၂ ခုနှစ်က ခရောင်းကျေးရွာတွင် ကိုဒါဝိတို့မိသားစုနှင့်တွေ့ဆုံခဲ့မှုကို မှတ်ချက်ပြုထားသည်။

ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာန၏ ၁၉၉၇ ခုနှစ်တွင် ကွင်းဆင်းသုတေသနပြုမှုအရ မြန်မာနိုင်ငံတွင် ထရုံလူပုတိုင်းရင်းသား ခြောက်ဦးသာ ကျန်ရှိတော့သည်ဟု ဖော်ပြထား၏။

“သူတို့သုံးယောက်မရှိရင်တော့ မြန်မာနိုင်ငံမှာ ထရုံလူပုဆိုတာ မရှိတော့ဘူး”ဟု ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တွင် နှစ်ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းအောင်ကပြောပါသည်။

ခရောင်းကျေးရွာတွင် မိဘများရှိစဉ်ကပင် ရ၀မ်တိုင်းရင်းသားများနှင့်အတူ နေထိုင်လာခဲ့ခြင်းသည် ကိုဒါဝိအဖို့ “ပျောက်ကွယ်တော့မည်”ဟု မှတ်ချက်ပြုချက်က စိုးရိမ်စရာကိစ္စတစ်ရပ် မဟုတ်ခဲ့ပါ။ နံနက်လင်းလျှင် အများနည်းတူ တောင်ယာလုပ်ငန်းခွင်ဝင်မည်။ ဆတ်၊ ဂျုံ၊ ပြောင်းကို အဓိကထား စိုက်ပျိုးစားသောက်၏။ ဆန်ရှားပါးပြီး ဆန်နီကြမ်းသာရှိသည်ဟု ကိုဒါဝိကပြောသည်။ တောင်ယာလုပ်ငန်းခွင်တွင် သူ့ဘ၀ကို ပျော်ပျော်ပါးပါးမြှုပ်နှံထားပြီး တစ်ခါတစ်ရံ အမဲလိုက်သည်ဟုဆိုသည်။

“သူ့ဘ၀ကတော့ ထူးထူးခြားခြားမရှိပါဘူး။ အလုပ်ကလည်း အများတွေလိုပဲ တောင်ယာစိုက်တယ်။ ပေါင် ၁၀၀ လောက်ကို အလွယ်တကူထမ်းနိုင်တယ်”ဟု ဦးသိန်းအောင်က ကိုဒါဝိနှင့်ရင်းနှီးခဲ့စဉ်က အကြောင်းအရာအချို့ကို ပြောပြသည်။

ရက်သတ္တပတ်တိုင်း၏ တနင်္ဂနွေနေ့ကို အားလပ်ရက်အဖြစ် ခရောင်းရွာတွင် သတ်မှတ်ထားသည်။ ကိုဒါဝိ အပါအ၀င် ရွာသားအားလုံးနီးပါးက ရွာထဲရှိ ဘုရားကျောင်းတက်ကြသည်။ စာသင်ကျောင်းမရှိသော သူတို့ရွာအတွက် ဘုရားကျောင်းသည် သူတို့အတွက် ဗဟုသုတပေါင်းစုံ ပေးစွမ်းနိုင်သော နေရာတစ်ခုဖြစ်သည်။ ကျန်းမာရေးအတွက် ကျေးလက်ဆေးပေးခန်းမရှိ။ ကျန်းမာရေးဝန်ထမ်းမရှိ။ မိရိုးဖလာတိုင်းရင်းဆေးကိုသာ အားကိုးအားထားပြုကြသည်။

ရောင့်ရဲတတ်သော စိတ်အခံရှိသည့်အားလျော်စွာ သူတို့ဘ၀မှာ လိုအပ်ချက်များစွာမရှိပါ။ စားဝတ်နေရေး အခြေခံလိုအပ်ချက် အနည်းငယ်အတွက် တစ်ခါတစ်ရံတွင် ရွာနှင့်အနီးဆုံးရှိရာဒေသသို့ သွားကြသည်။ ဦးခေါင်းတွင်ကြိုးသိုင်း၍ နောက်ကျောဘက်တွင်ချထားသော ခြင်းအရှည်ထဲသို့ ဒေသထွက်ကုန်ပစ္စည်းများ၊ ဆေးဖက်ဝင်အပင်အမြစ်များ အပြည့်အလျှံထည့်သွားလေ့ရှိသည်။ တောတောင်ထူထပ်သောကြောင့် မော်တော်ကားလမ်း၊ ဆိုင်ကယ်လမ်းမရှိ။ မြန်မာပြည်၏ ရွာတိုင်းနီးပါးတွင်ရှိသော လှည်းလမ်းလည်းမရှိပါ။ ဘယ်နေရာ၊ ဘယ်ဒေသသွားသွား သူတို့အတွက် ခြေလျင်ခရီးသာဖြစ်သည်။

ကိုဒါဝိတို့ ခရောင်းရွာအတွက် အနီးဆုံးဈေးရှိရာမြို့မှာ မြန်မာနိုင်ငံ မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် နောင်မွန်းဖြစ်သည်။ အသွားအပြန် ၁၅ ရက်ခရီးဖြစ်သည်။ (သို့မဟုတ်) အမြင့်ပေ တစ်သောင်းခွဲရှိသော တောင်များကိုကျော်၍ တရုတ်နိုင်ငံ နယ်စပ်မြို့သို့သွားပါက အသွားအပြန် ၇ ရက်သာ ကြာမည်ဖြစ်သည်။

ထို့ကြောင့် သူတို့လက်ထဲတွင် တရုတ်ငွေအရေအတွက်က မြန်မာငွေထက် ပိုများကြသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် ကိုဒါဝိအတွက် နေပြည်တော်နှင့် မန္တလေးတို့ကိုမသိပါ။ တစ်ခါတစ်ရံ လာရောက်လေ့ရှိသည့် တောင်တက်အဖွဲ့များထံမှ “ရန်ကုန်”ဟူသောအသံကို ကြားဖူးရုံမျှသာရှိသည်။ ယခုတော့ ရန်ကုန်ကို ခြေချလည်ပတ်နေပါပြီ။ နေပြည်တော်၊ မန္တလေးနှင့် အခြားနေရာများကိုလည်း လည်ပတ်ဦးမည်ဖြစ်သည်။

ရန်ကုန်ရောက်တာ ဘယ်လိုခံစားရလဲဟု မေးသောအခါ ကိုဒါဝိက “ခြေထောက်တွေနာတယ်။ လမ်းမလျှောက်ရလို့”ဟု သူ၏ခြေသလုံးများကို နှိပ်နယ်ပြရင်း ညည်းညူပြောဆိုသည်။

ထရုံလူမျိုးကိုဒါဝိက သူ့ထံ လာရောက်လည်ပတ်သူများကို ရေနွေးကြမ်းတွင်ဆားခတ်၍ နွားနို့ထည့်သောက်ရသော တိဗက်လက်ဖက်ရည်တိုက်မည်ဟု ကတိပြုထားပါသည်။ ခရောင်းရွာသို့ သွားရောက်လိုပါက ရန်ကုန်မှမန္တလေး၊ မန္တလေးမြို့မှတစ်ဆင့် မြစ်ကြီးနား၊ မြစ်ကြီးနားမှပူတာအို၊ ထိုမှတစ်ဆင့် လေ့ကျင့်သားရှိသော ခြေထောက်ဖြင့် အနည်းဆုံး ရက်ပေါင်း ၂၀ ခန့် ခရီးနှင်ရမည်ဖြစ်ပါသည်။

ဓာတ်ပုံ- ဒေါက်တာစောလွင်
7Day News Journal