ငြိမ်းချမ်းရေးကို ထိခိုက်စေသော စကားလုံး မသုံးရန် ပြည်ထောင်စု လွှတ်တော် ကြေညာ

ပို့စ်တင်ချိန် - 10/25/2013 07:15:00 PM


နေပြည်တော် အောက်တိုဘာ ၂၄

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းနေချိန်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိခိုက်စေသော အပြောအဆို၊ အပြုအမူများ မပြုလုပ်ကြရန် ပြည်ထာင်စုလွှတ်တော်က အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေညာချက်သည် လွှတ်တော်နှင့် အစိုးရ အဖွဲ့အစည်းသာမက နိုင်ငံအတွင်းရှိ ပြည်သူများမှ မိမိနိုင်ငံကို ချစ်ခင်သူများ၊ ပြည်ထောင်စုစနစ်ကို လိုလားကြသူများ၊ ဒီမိုကရေစီကို မြတ်နိုးသူများသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် ပေါင်းစည်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်ထောင်စု ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆိုပါ ကိစ္စများကို ပြုလုပ်ခြင်း မရှိစေရန် ရည်ရွယ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုအချိန်တွင် နိုင်ငံ၏ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် အဓိကသော့ချက် ဖြစ်နေကြောင်း အဆိုပါ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် ပြည်တွင်း ငြိမ်ချမ်းရေးကို အထောက်အကူပြုမည့် တိုင်းရင်းသားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လုပ်ကိုင် ဆောင်ရွက်နေကြောင်း၊ တိုင်းရင်းသားအရေး ကိစ္စများကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်သည် ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံသားအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်ရေးနှင့် ပတ်သက်သော ကြေညာချက် (၁/၂၀၁၃) ကို သြဂုတ်လ ၃၁ ရက်တွင် ပထမတစ်ကြိမ် ထုတ်ပြန်ခဲ့ဖူးသည်။

The Voice Weekly