မူဆယ်မြို့ မှာ ဓါးနှင့် ခုတ် လိုက်လံ လုယက်သူကို ဖမ်းမိ

ပို့စ်တင်ချိန် - 10/23/2013 05:53:00 PM


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြည်သူလူထုအား ဓါးဖြင့်ခုတ် နာကျင်အောင် ရန်ပြုပြီး လိုက်လံ လုယက်ခဲ့သော  တရားခံ လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့မှ စုံစမ်း ဖေါ်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ၂၃.၉.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် မူဆယ်မြို့၊ ခိုင်သစ္စာ ကားပစ္စည်း အရောင်းဆိုင် လမ်းကြားတွင် ဈေးဝယ် ပြန်လာသော အမျိုးသမီး တစ်ဦးအား အမည်မသိ လူငယ်တစ်ဦးမှ ဓါးဖြင့် ခုတ်သဖြင့် ၀ဲ/ယာပါးနှင့် နှာခေါင်းတို့တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး လူငယ်မှာ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ သဖြင့် မူဆယ်မြို့မ ရဲစခန်း မှာ (ပ)၂၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် ထားသည်။

အလာတူ ၂၄.၉.၂၀၁၃ ရက်နေ့ ၀၇၀၅ အချိန် မူဆယ်မြို့၊ သင်္ချိုင်းသွားလမ်း လူပြတ်သည့်နေရာတွင် ဆိုင်ကယ်စီးလာသော အမျိုးသမီးနှင့် သမီး ဖြစ်သူအား အမည် မသိလူငယ်တစ်ဦးမှ ဓါးဖြင့်ခုတ်သဖြင့် သမီးဖြစ်သူ၏ မျက်နှာတွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိ၍ ဆိုင်ကယ် တိမ်းမှောက်သွားပြီး ပတ်ဝန်းကျင်အား အော်ဟစ် အကူအညီတောင်းခံရာ အမည်မသိ လူငယ်မှာ ဆိုင်ကယ်အား ရယူနိုင်ခြင်း မရှိဘဲ ထွက်ပြေး တိမ်းရှောင်သွား ခဲ့သဖြင့် မူဆယ်မြို့မ ရဲစခန်းမှာ (ပ)၂၁၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၃၈၆ ဖြင့်လည်းကောင်း အမှုများ ဖွင့်လှစ်ထား ရှိကြောင်း သိရပါသည်။

အဆိုပါ အမှုများကို တရားခံ ဖေါ်ထုတ်ရရှိရေး အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ နေ့/ည မပြတ် အလေးထား စုံစမ်းဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်နေ ဦးအောင်ရွှေ၏သားဖြစ်သူ အိုက်ထွန်း(ခ)၀င်းထွဋ်(ခ)ထွန်းထွန်းသည် ဆိုးသွမ်းသဖြင့် နေအိမ်သို့ပြန်လာမခံကြောင်း၊ အခင်းဖြစ်ပြီး တရုတ်ပြည်ကျယ်ဂေါင်မြို့သို့ တိမ်းရှောင်နေကြောင်း၊ ယခင်ကလည်း လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦးအား ပါးရိုက်သည့်ကိစ္စဖြင့် ထောင် ၆ လ ကျခံခဲ့ပြီး ထောင်မှလွတ်သောအခါ တာချီလိတ်မြို့နေ ဦးလေးဖြစ်သူထံ သွားရောက်နေထိုင်ခဲ့ရာမှ ယိုးဒယားပိုင်နယ်မြေအတွင်း ပြဿနာဖြစ်ပြီးပြန်လာခဲ့ကြောင်း၊ မူဆယ်မြို့သို့ အခင်းမဖြစ်မီ ၅ ရက်ခန့်က ပြန်လည်ရောက်ရှိကြောင်း သတင်းများရရှိခဲ့သဖြင့် သတင်းများအတည်ပြု တင်ပြကာ တစ်ဖက်နိုင်ငံ ကျယ်ဂေါင်မြို့သို့ (ပ)၂၁၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၃၈၆ အမှုမှ မျက်မြင်သက်သေ  တစ်ဦးအား ခေါ်ယူ၍သွားရောက်စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ အိုက်ထွန်း ကျက်စားရာ နန်းတော်ပေါက်အနီး ဈေးဆိုင်ဝန်းကျင်တွင် တွေ့ရှိရ၍ မျက်မြင်သက်သေအား မနီးမဝေးမှ ပြသခဲ့ရာ အခင်းဖြစ်နေရာတွင် ပြစ်မှုမကျူးလွန်မီတွေ့ရှိခဲ့သော လူနှင့်တူညီကြောင်း ပြောပြသိရှိရ၍ အိုက်ထွန်းအား မိမိ အမာခံသတင်းပေး၏ အကူအညီဖြင့် မူဆယ်မြို့သို့ပြန်လည်ရောက်ရှိအောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

၁၉.၁၀.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန်တွင် မသင်္ကာတရားခံ အိုက်ထွန်းမှာ မူဆယ်မြို့၊ ကောင်းမူး လွယ်ရပ်ကွက်၊ ဖူလီလိုက်တည်းခိုခန်းလမ်းကြားတွင် ရောက်ရှိနေကြောင်း အမာခံသတင်းပေးချက်အရ သွားရောက်ဖမ်းဆီးခဲ့ပြီး အမှုစစ်အဖွဲ့မှအသေးစိတ်စစ်ဆေးခဲ့ရာ ဖြစ်စဉ်နှစ်ခုလုံးအား ၄င်းကိုယ်တိုင် ကျူးလွန် ခဲ့ကြောင်း ၀န်ခံထွက်ဆိုပြီး သက်သေခံပစ္စည်းများအား လိုက်လံပြသ သဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခြင်း၊ အမှုအား ခိုင်မာစွာတည်ဆောက်၍ တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းရရှိပါသည်။

yapaya media

by Myanmar News Now