အစိုးရ၏ စီးပွားရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ

ပို့စ်တင်ချိန် - 10/24/2013 08:27:00 AM


မည်သည့်နိုင်ငံ၏ အစိုးရမဆို မိမိနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိနိုင်ငံသားများ၏ အမှန်ဝင်ငွေ (Real Income) နှင့်တကွ လူနေမှုအဆင့် မြင့်မားတိုးတက်စေရန် အစိုးရ၏ လုပ်ပိုင်ခွင့် များနှင့် မူဝါဒများမှ တစ်ဆင့် မိမိနိုင်ငံက ကျင့်သုံးသော စီးပွားရေးစနစ် (ဈေးကွက် စီးပွားရေးစနစ်) အပေါ် သက်ရောက်မှု ပေးနိုင်သည်။ ယင်းတို့အနက်မှ အချက်အချို့မှာ-

(၁) ဥပဒေပိုင်းဆိုင်ရာ အခြေခံများ၊ လူမှုပတ်ဝန်းကျင် အခြေခံများကို အထောက်အပံ့ ပြုပေးရပြီး ဈေးကွက်ယန္တရား၏ လည်ပတ်မှုကို ထိထိရောက်ရောက် ဖြစ်စေရန် လုပ်ဆောင်ပေးခြင်း။

(၂) ဈေးကွက်၏ တရားမျှတသော ပြိုင်ဆိုင်မှုကို ဖြစ်တည်စေခြင်းနှင့် ထိန်းသိမ်းပေးခြင်း
(ဈေးကွက်အတွင်းတွင် မတရားသော လက်ဝါးကြီးအုပ်မှုများ၊ ဈေးကွက်သတင်း အချက်အလက်များကို လက်ဦးမှု ရယူပြီး ဈေးကစားခြင်းနှင့် ဈေးနှုန်း ဆွဲတင်မှုများ၊ အစိုးရနှင့် မူဝါဒ ချမှတ်သူများကို ချဉ်းကပ်ပြီး မိမိတို့ စီးပွားရေးလုပ်ငန်းများ အတွက် ရည်ရွယ်သော အကျိုးအမြတ်နှင့် အခွင့်အရေး တောင်းဆိုမှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဂေဟ စနစ်များ ပျက်စီးစေကာ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို အတားအဆီးအဟန့် အတား ဖြစ်ပေါ်စေနိုင်သော စီးပွားရေး လုပ်ငန်းများနှင့် အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သော စီးပွားရေးလုပ်ငန်း များကို ထိန်းကျောင်းပေးခြင်းတို့ ပါဝင်ပါသည်။)

(၃) ဝင်ငွေနှင့် ချမ်းသာကြွယ်ဝမှုကို ပြန်လည်ခွဲဝေခြင်း (ဝင်ငွေကွာဟမှု ဆိုးရွား ကြီးမားလာလျှင် လူမှုရေး မတည်ငြိမ်မှုများနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာ တတ်သောကြောင့် ဖြစ်သည်။)

(၄) နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ဖွဲ့စည်း တည်ဆောက်ပုံကို ပြောင်းလဲနိုင်ရန် လိုအပ်သော သွင်းအားစုများ ခွဲဝေမှုများကို လိုအပ်သလို ထိန်းညှိခြင်း။

(၅) မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းပေးခြင်း (ဆိုလိုသည်မှာ အလုပ်လက်မဲ့ နှုန်းကို လျှော့ချခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို မြင့်မားစေခြင်း) တို့ကို အခြေခံအားဖြင့် ပြုလုပ်ပေးရသည်။
၎င်းအပြင် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှု (Multi-Sectors Development) နှင့် ဒေသအားလုံး ဖွံ့ဖြိုးတိုးတက်မှု (All round Regional Development) တို့ကို အစိုးရ၏ အထက်ပါစီးပွားရေး စီမံခန့်ခွဲမှု တို့ဖြင့် ဖော်ဆောင်ပေးရလေ့ ရှိပြီး တည်ငြိမ်မှု (Stability) နှင့် ဖွံ့ဖြိုးတိုးတက်မှု (Development) ကို ဟန်ချက်ညီညီ ရှိနေစေရန် ထိန်းကျောင်းပေး နိုင်ရန်လည်း လိုအပ်ပေသည်။

ယနေ့မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ဘာသာရေးပဋိပက္ခများ အပါအဝင် ပဋိပက္ခများသည် အစိုးရအနေနှင့် သာမန်မျှသော အကဲစမ်းမှု အနေနှင့် ကြည့်မြင်နိုင်ရန် လိုအပ်ပြီး မိမိတို့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များကို မထိခိုက်စေရန်လည်း လိုအပ်ပေမည်။ အကြောင်းမှာ ယင်းအကဲစမ်းမှု များသည် နိုင်ငံ၏ အထွေထွေအင်အားတစ်ရပ် မတည်ဆောက်နိုင်ခဲ့ခြင်း ကြောင့်သာ ဖြစ်သောကြောင့် ဖြစ်မည်ဟု ယူဆသည်။
အာဏာရှင်စနစ်အောက်တွင် အာဏာလုပွဲများ၊ အခွင့်အရေး လုပွဲများက အထက်ပါအချက် ငါးချက်ကို နှေးကွေးသွားစေခဲ့ပြီး မတည်ငြိမ်မှု များမှာ ပုံသဏ္ဌာန်မျိုးစုံဖြင့် တည်ရှိလာ တတ်သောကြောင့် ဖြစ်သည်။
နိုင်ငံသားများ အနေနှင့်လည်း မည်သည့်လူမျိုး၊ မည်သည့်ဘာသာ ဖြစ်စေ၊ နိုင်ငံအပေါ်တွင် သစ္စာစောင့်ထိန်းရန် လိုအပ်သည်၊ မိမိနေထိုင် ကြီးပြင်းရာဒေသ အပေါ်တွင် သစ္စာစောင့်ထိန်း နိုင်မှသာ နိုင်ငံသားကောင်း တစ်ဦးဖြစ်သည် ဆိုသည်ကို အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ အစရှိသော မည်သည့်နိုင်ငံတွင်မဆို တူညီသောအချက် ဖြစ်သည်ဆိုသည်ကို တွေ့ မြင်နိုင်သည်။

ယနေ့ကမ္ဘာကြီးသည် သယံဇာတများ တရွေ့ရွေ့ရှားပါးလာပြီး သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဂေဟ စနစ်မှာလည်း တရွေ့ရွေ့ ယိုယွင်းပျက်စီး လာနေပြီ ဖြစ်သောကြောင့် လူသားတို့သည် ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်းနေထိုင် ကြသော်လည်း မိမိတို့၏ ဆန္ဒနှင့် အယူဝါဒတို့ကို မိမိတို့ ရွှေ့ပြောင်းနေထိုင်ရာ ဒေသများတွင် သဟဇာတ ရှိအောင် မနေထိုင်နိုင် သောကြောင့် ဖြစ်ပွားသည်များကို ယနေ့ကမ္ဘာနှင့် တစ်ဝန်းတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများတွင် အနည်းအများ တွေ့မြင်နိုင်သည်။
ထို့ကြောင့် အစိုးရသည် (မည်သည့်နိုင်ငံရေး ပါတီမဆို) မိမိနိုင်ငံ အဓွန့်ရှည်ရေး၊ မိမိနိုင်ငံနှင့် လူမျိုး ဗလငါးတန်ဖွံ့ ဖြိုးစေရေး၊ အာဏာရှင်စနစ်နှင့် အနည်းစု လက်ဝါးကြီးအုပ် ဈေးကွက်စီးပွားရေးစနစ် မပေါ်ထွန်းလာစေရေး တို့ကို ဆောင်ရွက်ကြရရင်း မိမိနိုင်ငံ၏ ရေရှည်အကျိုးစီးပွားကို စနစ်တကျ တည်ဆောက်ကြရလေ့ရှိသည်။
ဒေါက်တာအောင်ကိုကို
(စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

thevoicemyanmar