မန္တလေးမြို့တွင် ကိုးလကျော်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂၀၀၀ ၀န်းကျင်ရှိခဲ့ပြီး လေးနှစ်အတွင်း ဖြစ်ပွားမှု အများဆုံးဖြစ်

ပို့စ်တင်ချိန် - 10/29/2013 08:16:00 AM


မန္တလေးကုတင် ၅၀၀ ဆံ့ ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ကလေးများအား တွေ့ရစဉ်

မန္တလေးမြို့တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလ နောက်ဆုံးပတ် အချိန်ထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေ ၂၀၀၀ ၀န်းကျင်ခန့် ရှိခဲ့ပြီး လေးနှစ်တာ ကာလအတွင်း၌ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ စုံစမ်းသိရသည်။

"သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုက မန္တလေးမြို့မှာ ဖြစ်ပွားမှုနှုန်းက အရင်နှစ်တွေထက်စာရင် များခဲ့ပါတယ်။ ရောဂါခံစားရနိုင်ခြေများတဲ့ ကလေးတွေကတော့ အသက် ၁၃ နှစ်ကနေ ၁၄ နှစ်အတွင်းမှာ သတိထားပေးနိုင်ဖို့ လိုပါတယ်။ ကလေး ဖျားနာလာချိန်မှာ ခြေဖျားလက်ဖျားတွေ အေးစက်လာမယ်။ သွားဖုံးအတွင်းကနေ သွေးယိုစီးကျလာမယ်။ ၀မ်းဗိုက်အောင့်လာမယ်။ စတဲ့ရောဂါ လက္ခဏာတွေ ပြသလာမယ်ဆိုရင် နီးစပ်ရာ ကလေးဆေးရုံကြီးတွေမှာ တက်ရောက်ကုသဖို့ လိုအပ်ပါတယ်" ဟု ကလေးအထူးကု ဆရာဝန်ကြီး တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း လျော့ကျစေရန်အတွက် တိုင်းကျန်းမာရေးမှ abate ဆေးမှုန့်များ ဖျန်းပေးနေသည့်အပြင် ကျန်းမာရေး အသိပညာပေးများလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်းအထိ မန္တလေးမြို့၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေ ၁၉၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ပြီး သေဆုံးသူအချို့ ရှိခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး အတွင်း၌ ၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားသူ ၂၉၅၉ ဦးနှင့် သေဆုံးသူ သုံးဦး၊ ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပွားသူ ၈၅၈ ဦးနှင့် သေဆုံးသူ နှစ်ဦး၊ ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားသူ ၂၄၄ ဦးနှင့် သေဆုံးသူ တစ်ဦး၊ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားသူ ၂၂၄ ဦးနှင့် တစ်ဦးသေဆုံးခဲ့ပြီး ယခု ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလ နောက်ဆုံးပတ်အထိ ဖြစ်ပွားသူ ၁၉၀၀ ကျော်နှင့် သေဆုံးသူ ၁၀ ဦးခန့် ရှိခဲ့ကြောင်း သိရသည်။


Eleven Media Group