ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲ မြ၀တီမြို့တွင် ပြုလုပ်

ပို့စ်တင်ချိန် - 10/28/2013 10:45:00 AM


ကရင်ပြည်နယ် မြ၀တီမြို့ သောင်ရင်းခန်းမ၌ အောက်တိုဘာ ၂၆ ရက်က ပြုလုပ်သည့် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် အချက်ငါးချက်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ကရင်ဘာသာရေး အဖွဲ့အစည်းများ၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကရင်လူထု အခြေပြု အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေး ပါတီများ၊ ပြည်တွင်းပြည်ပရှိ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ပြီး ကရင်အမျိုးသား စည်းလုံးရေး၊ ခိုင်မြဲတည်တန့်သော ငြိမ်းချမ်းရေး၊ ကရင်အနာဂတ်ရေး၊ ကရင်လက်နက်ကိုင်များ ညီညွတ်ရေး၊ ကရင်နိုင်ငံရေး ပါတီများ ညီညွတ်ရေး စသည့်အချက်များကို အဓိကထား ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က "နှစ်ပေါင်း ၆၀ အတွင်း ကရင်တစ်မျိုးသားလုံး ဆန္ဒပြင်းပြစွာ တောင့်တလာခဲ့တဲ့ ငြိမ်းချမ်းရေးရောင်ခြည် သန်းလာပြီ ဖြစ်သလို နှစ်ဖက်ပစ်ခတ်မှုတွေလည်း ချုပ်ငြိမ်းခဲ့ပြီ။ ရာနှုန်းပြည့်နီးပါး ယုံကြည်မှု ရရှိနေပြီဖြစ်တဲ့အတွက် ရှေ့ဆက်သွားရမယ့် ခရီးလမ်းမှာ အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးကြီး မလွဲမသွေ ရရှိတော့မှာ သေချာသလောက် ဖြစ်နေပြီ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ကရင်အနာဂတ် လှပရေးအတွက် ကရင်တိုင်းရင်းသားများ အားလုံးအတွက် အာမခံချက် မရှိသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို လက်ခံမည် မဟုတ်ပါ။ အာမခံချက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကရင်အမျိုးသားများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုတို့ကို အာမခံချက်ပေးနိုင်မည့် အခြေအနေ တစ်ရပ်ကို ဖန်တီးတည်ဆောက်ရန် လိုအပ်သည်။ ကရင်လက်နက်ကိုင်များ ညီညွတ်ရေးအတွက် ကရင်တစ်မျိုးသားလုံး အကျိုးစီးပွားကို ရှေးရှုကာကွယ်သော ကရင်အမျိုးသား တပ်မတော်အဖြစ် ဖွဲ့စည်းတည်ထောင်ရန် လိုအပ်သည်ဟု သဘောတူညီမှု ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကရင်နိုင်ငံရေး ပါတီများ ညီညွတ်ရေးအတွက် ကရင်နိုင်ငံရေး ပါတီများ အနေဖြင့် ၎င်းတို့၏ မူဘောင်များကို ကရင်တစ်မျိုးသားလုံး တိုးတက်ရေးကို ဦးတည်ချက်ထား၍ ညှိနှိုင်းဆောင်ရွက်မှုအားဖြင့် ကရင်နိုင်ငံရေး ပါတီများ ညီညွတ်ရေးကို ဆောင်ရွက်ရန် ဖြစ်သည်ဟု သဘောတူညီမှု ချမှတ်ခဲ့ကြကြောင်း သိရသည်။  
Eleven Media Group