ငွေကို ရေလို တကယ်ချိုးပြသည့် ဓာတ်ပုံကြောင့် အခွန်ရှောင်မှုပေါ်

ပို့စ်တင်ချိန် - 10/12/2013 02:58:00 PM


အောက်တိုဘာ ၁၂။

ဖိလစ်ပိုင်သူ Jeane Napoles သည် ရေချိုးကန်ထဲတွင် ငွေအပြည့်ထည့်ကာ ငွေကိုရေလို တကယ် သုံးပြထားသည့် ဓာတ်ပုံကို အွန်လိုင်းပေါ် တင်မိရာမှ အခွန်ရှောင်သည့် အမှုတစ်ခု ပေါ်ပေါက်ခဲ့သည်။

လက်တလောတွင် အမေရိကန်တွင် နေထိုင်နေသော ဖိလစ်ပိုင်နိုင်ငံသား Jeane Napoles  အသက် ၂၃ နှစ်သည် ငွေကန်ထဲတွင် စိမ်နေသည့်ပုံများ၊ အကောင်းစား ကွန်ဒိုတိုက်ခန်းတွင် ပျော်ရွှင်နေသည့် ပုံများနှင့် အဖိုးတန် လက်ဝတ်ရတနာများ ၀တ်ဆင်ကာ ရိုက်ကူးထားသည့် ပုံများကို သူမ၏ လူမှုကွန်ရက်တွင် တင်မိရာမှ ပြည်တွင်းအခွန်ဌာနမှ သတိပြုမိကာ အခွန်ရှောင်သည့် အမှုနှင့် စွဲဆိုခံနေရသည်။

ဖိလစ်ပိုင် နိုင်ငံသားများအနက် ၂၈ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရသည်။ ပြည်တွင်း အခွန်ဌာနမှ အကြီးအကဲဖြစ်သူ Kim Henares အင်တာနက်မှ တစ်ဆင့် သူမကိုခြေရာခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လော့စ်အိန်ဂျလိတွင် ဖက်ရှင်ဒီဇိုင်းပညာ သင်ယူနေသည့် Jeane Napoles  ၏ တိုက်ခန်းမှာ အမေရိကန်ဒေါ်လာ ၁.၃သန်းတန်ကြောင်းနှင့် သူမ ပေးဆာင်းရမည့်အခွန်များကို ၂၀၀၈ ခုနှစ်ကလည်းက ပျက်ကွက်ခဲ့ ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

Jeane Napoles  သည် အမေတူ သမီး ဟု ဆိုရမည်လားမသိ။ လက်ရှိအချိန်တွင် သူမ၏ မိခင် Janet Napoles သည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမားဆုံး ငွေအလွဲသုံးစားမှုဖြင့် အချုပ်ထဲတွင် အမိန့်ချမည့် ရက်ကို စောင့်နေရသူ ဖြစ်သည်။ Janet Napoles အလွဲသုံစားလုပ်သည့် ငွေပေါင်းမှာ ဒေါ်လာ၂၃၂သန်း အထိ ဖြစ်သည်။

ဖိလစ်ပိုင်တွင် ယင်းသို့သော အမှုမျိုးဖြင့် ထောင်ဒဏ် အပြစ်ပေးခံရသူများထဲတွင် သမ္မတဟောင်း ဂလိုရီယာအာရိုယို သည်လည်း တစ်ဦး အပါအ၀င်ဖြစ်သည်။ Henares က ယခု Jeane Napoles ကိုစွဲဆိုချက်သည် နိုင်ငံရေးကိစ္စ တစ်စုံတစ်ရာမပါဘဲ အခွန်ဥပဒေသက်သက်ကြောင့်သာ ဖြစ်သည်ဟု အတိအလင်း ဆိုထားသည်။

Ref; Mail-online(UK)