အင်းလေး ဖောင်တော်ဦးဘုရား ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီ ကြွချီရာ ညောင်ရွှေမြို့သို့ ဆိုက်ရောက် (ရုပ်/သံ)

ပို့စ်တင်ချိန် - 10/12/2013 03:10:00 PM

(အင်းလေး ဖောင်တော်ဦးဘုရား၊ ရုပ်ပွားတော်များ ညောင်ရွှေမြို့သို့ ဆိုက်ရောက်လာစဉ် )


ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ နန်းဟူးရွာစံ ကျောင်းတော်မှ ဆင်းသက်၍ အင်းတိမ်၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစားကုန်း၊ ပွဲစားကုန်း၊ လင်းကင်း စသည့် ကျေးရွာစံ ကျောင်းများမှ တစ်ဆင့် အပူဇော်ခံ ဒေသစာရီခရီး ကြွချီလာရာ အောက်တိုဘာ ၁၁ ရက်၊ နံနက် ၈ နာရီခွဲတွင် ညောင်ရွှေမြို့၊ နမ့်ကတ်ချောင်း၊ ဖောင်တော်ဆိုက် ကျောင်းတော်သို့ ရောက်ရှိလာသည်။

အောက်တိုဘာ ၁၀ ရက်၊ ညကျိန်းစက် အပူဇော်ခံရာ လင်းကင်းကျေးရွာ စံကျောင်းမှ နံနက် ၇ နာရီတွင် စတင်ကြွချီ ခဲ့ခြင်းဖြစ်ပြီး အင်းလေး ကန်မကြီးကို ဖြတ်ကာ အနောက် ချောင်းလမ်းမှ တစ်ဆင့် နမ့်ကတ်ချောင်းသို့ တစ်စင်းလျှင် လှေလှော်သား ၆၀ မှ ၁၀၀ ကျော်အထိ ပါဝင်သည့် အင်းသားရိုးရာ မတ်တတ်ရပ်၍ ခြေထောက်ဖြင့် လှော်ခတ်သည့် ဆွဲလှေ ၂၉ စင်းဖြင့် ဖောင်တော်ဦး ရုပ်ပွားတော်များ တင်ဆောင်ထားသည့် ကရ၀ိက် ဖောင်တော်အကြီးနှင့် အငယ်ကို ဆွဲယူခဲ့ခြင်း ဖြစ်ကြောင်း ပင့်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။

ညောင်ရွှေ နမ့်ကတ်ချောင်းဆိပ်ကမ်း ဖော်တော်ဆိုက် ကျောင်းတော်သို့ အရောက်တွင် ဆရာတော်၊ သံဃာတော်ကြီးများ၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသား ၀န်ကြီးဦးဝင်းမြင့်၊ စစ်ဘက်နှင့် ဌာနဆိုင်ရာ အရာရှိများက ရွှေဝေါများဖြင့် ပင့်ဆောင်၍ ကမ်းခြေရှိ ဘော်နန်းပြာသာဒ် ယာဉ်ပေါ်သို့ တင်ဆောင်ပေးခဲ့ကြပြီး ဖောင်တော်ဦး ရုပ်ပွားတော်များ တင်ဆောင်ထားသည့် ဘော်နန်းပြာသာဒ် ယာဉ်အား ဆရာတော် သံဃာတော်များ၊ ယောဂီအဖွဲ့၊ ဓမ္မစကြာအဖွဲ့များ၊ ဌာနဆိုင်ရာ အရာရှိများ၊ ကျောင်းသူ ကျောင်းသားများနှင့် လုပ်သား ပြည်သူများက ပိတ်ဖြူကြိုးဖြင့်ဆွဲ၍ ညောင်ရွှေမြို့တစ်ပတ် အပူဇော်ခံပြီး ညောင်ရွှေမြို့ စံကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြသည်။

ညောင်ရွှေမြို့ စံကျောင်းတော်သို့ ရောက်ရှိပြီး ဆရာတော်၊ သံဃာတော်များ၊ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသ ခံပြည်သူများ၊ ဧည့်သည်တော်များက နေ့ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေနှင့် ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်ကြသည်။

ဆက်လက်၍ ညောင်ရွှေမြို့၊ နမ့်ကတ်ချောင်းတွင် အင်းသားရိုးရာ ခြေထောက်နှင့် မတ်တတ်၍ လှော်ခတ်သည့် လှေပြိုင်ပွဲကို ကျင်းပရာ အမျိုးသမီး ၂၆ တက်၊ အမျိုးသား ၄၆ တက်၊ အမျိုးသားရာကျော် လှေပြိုင်ပွဲများ ကျင်းပခဲ့ပြီး ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့ကြသည်။

အင်းလေးဖောင်တော်ဦး ဗုဒ္ဓ ရုပ်ပွားတော်မြတ်များသည် ညောင်ရွှေမြို့တွင် အောက်တိုဘာ ၁၁၊ ၁၂၊ ၁၃ ရက် သုံးရက်သုံးည ကျိန်းစက် အပူဇော်ခံမည်ဖြစ်ပြီး ဇာတ်၊ အငြိမ့်၊ ရုပ်ရှင်၊ ကြည့်ချင်ပွဲများ၊ ချား၊ ရဟတ်၊ ဘော်လီဘော ပြိုင်ပွဲများ၊ ပြခန်းများ၊ ဒေသခံ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ဒေသခံရိုးရာ အစားအသောက် ဆိုင်များ၊ ရပ်နီး၊ ရပ်ဝေးမှ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များဖြင့် စည်ကားစွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၁ ရက်၊ နံနက် ၈ နာရီက အင်းလေး ဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီရာ ညောင်ရွှေမြို့၊ နမ့်ကတ်ချောင်းတွင် လူ ၄၀ ဦးခန့် စီးနင်းလိုက်ပါသည့် ဆွမ်းတော်ပို့ သရုပ်ပြလှေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖောင်တော်ဦး ရုပ်ပွားတော်မြတ်များ မကြွလာမီ ၀န်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ လုပ်သား ပြည်သူများအား ရွာမကျေးရွာမှ ဆွမ်းတော်ပို့ ယိမ်းအကများဖြင့် ဖျော်ဖြေရင်း လှေအတွင်းသို့ ရေ၀င်ရောက် တိမ်းမှောက် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး လှေနောက်မြီး အနည်းငယ် ကျိုးပဲ့သွားသည်မှအပ အခြားပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ကြောင်း၊ လူသေဆုံးမှု မရှိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

EMG