တကယ်ချစ်ရဲ့လား

ပို့စ်တင်ချိန် - 10/25/2013 07:17:00 PM


လူတွေက ငါမှ ငါ့တိုင်းပြည်ကို ချစ်တယ်လို့ ထင်ကြတယ်။ တခြား လူတွေဟာ ငါ့လောက် မချစ်ဘူးလို့လည်း တွေးကြတယ်။ လူတိုင်းဟာ ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်ကြတာပဲ။ ခွေးချင်း ကိုက်ရင်တောင် ကိုယ့်အိမ်က ခွေးကို ကိုယ်နိုင်စေချင်တာ။ နိုင်ငံချင်းယှဉ်လိုက်ရင် ကိုယ့်နိုင်ငံကို တခြားနိုင်ငံထက် သာချင်ကြတာပဲ။ ကိုယ့်တိုင်းပြည်ကို စော်ကားတာ၊ ကိုယ့်တိုင်းပြည်က နောက်မှကျန်ခဲ့တာ၊ ကိုယ့်လူမျိုးတွေ အောက်ကျနောက်ကျ ဖြစ်နေတာ၊ ဘယ်သူကများ ခံတွင်းတွေ့ချင်ကြပါ့မလဲ၊ ဘောလုံးပွဲမှာပဲ ဖြစ်ဖြစ်၊ လက်ဝှေ့ ထိုးရာမှာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံက နိုင်လိုက်ရမှ ကျေနပ်ကြတယ်။ အရင်ကလို မြန်မာနိုင်ပြီ သီချင်းတွေကြားရဖို့ ဝေးသွားခဲ့ပေမယ့် ကိုယ့်နိုင်ငံနဲ့ တခြားနိုင်ငံ ကန်တဲ့ ဘောပွဲတွေကို မျှော်လင့်ချက်ကြီးကြီး ထားပြီး ကြည့်ကြ၊ အားပေးကြမြဲ မဟုတ်လား။ ရှုံးမယ်မှန်း သိရက်နဲ့တောင် နိုင်များနိုင်ခဲ့ရင် ဆိုပြီး စောင့်ကြည့်ကြရတာ အမော၊ နောက်ဆုံး ဘောလုံးပွဲရှုံးလို့ ပြီးသွားရင်တောင် စိတ်ထဲမှာ ကတုန်ကရီဖြစ်ပြီး ကျန်ရစ်ခဲ့တာ။ လက်ဝှေ့ပွဲတွေကိုပဲ ကြည့် ကိုယ့်ဘက်က အလဲထိုးနိုင်လိုက်ရင် ကောင်းလိုက်တာကွာ၊ တွေ့မရှောင်ပဲ ဘယ်ရမလဲ၊ စောငမန်း ထိုးချက်တွေ ကောင်းလိုက်တာဆိုပြီး စားမြုံ့ပြန်ရတာ အမော။ လူပဲ … ကိုယ့်နိုင်ငံကို လူတိုင်းချစ်တယ်။
လူဟာ ပရော်ဖက်ဆာကြီး ဖြစ်ချင်မှ ဖြစ်မယ်။ အင်စတီကျူးရှင်းတွေ သိချင်မှ သိမယ်၊ ရယ်ဒီကယ်တွေ ပြောတတ်ချင်မှ ပြောတတ်မယ်၊ မိုင်းဆက် ဆိုတာတွေ နားလည်ချင်မှ နားလည်မယ်၊ ဒီမိုကရေစီဆိုတာ ဘာမှန်းတောင် သိမှာမဟုတ်ဘူး။ လွှတ်တော်အမတ် ဖြစ်ဖို့ဆိုတာ ဝေလာဝေး၊ ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်ကြပါတယ်။ အမေဟာ ဂျပန်ခေတ်မှာ ကြီးပြင်းလာရပြီး လေးတန်းတောင် မအောင်ပေမယ့် ကိုယ့်တိုင်းပြည်ကို ချစ်တဲ့နေရာမှာ အောက်စဖို့ဒ်တို့၊ ကိန်းဘရစ်တို့က ဘွဲ့ရလာသူတွေထက် နိမ့်လိမ့်မယ်လို့ မထင်ဘူး။ အဖေဟာ ဘဝ ပေးအခြေအနေကြောင့် ဆိုက်ကားနင်းခဲ့ရပေမယ့် ဝတ်လုံတော်ရမင်းထက် တိုင်းပြည်ကို ချစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝတ်လုံတော်ရမင်းလို အခြေအနေ အဆင့်အတန်းတွေဟာ တိုင်းပြည်ထက်ကို သူ့ခုံပေါ်က မဆင်းရဖို့က အရေးကြီးနေပြီး အဖေကတော့ သူ့လို ထိုင်ခုံ မလိုလို့ပါပဲ။ ပညာတတ်တွေထဲမှာ ဒီလိုလူမျိုးတွေ ရှိရင်တော့ အကောင်းဆုံးပေါ့။ ဖရန်စစ်ဘေကွန်လို ပညာရှိဖြစ်ပြီး လာဘ်စားခဲ့သူ၊ ကျေးဇူးရှိဖူးသူကို ကျဆုံးချိန်မှာ သေတွင်းတွန်းပို့ခဲ့သူ၊ ကိုယ့်တက်လမ်းအတွက် ရွှေနားတော်သွင်း ဧချင်းတွေ ရေးခဲ့သူဆိုရင်တော့ ပညာမတတ်တာမှ ပိုကောင်းဦးမယ်။
တချို့ကလည်း ကိုယ်က အထက်စီးမှာနေရတော့ သူတို့လောက် တိုင်းပြည်ကို ချစ်တဲ့သူမရှိဘူး ဆိုပြီး အော်ခဲ့ဖူးတယ် မဟုတ်လား။ ဒီလူတွေကပဲ တိုင်းပြည်မှာ ဆန်တွေဈေးကြီးချိန်၊ ဆန်ဈေးကြီးတာ ဆန်ကုန်သည် ကြီးများတာဝန်ပဲ၊ အစိုးရတာဝန် မဟုတ်ဘူးလို့ ပြောခဲ့ဖူးသေးတယ်။ အစိုးရ လုပ်ပြီး ပြည်သူတွေ ဒုက္ခရောက်တာ အစိုးရတာဝန် မဟုတ်ဘူး ပြောရဲခဲ့သူ တွေကပဲ တိုင်းပြည်ကို သူတို့လောက် ချစ်တဲ့သူမရှိဘူးလို့ ကြွေးကြော်ခဲ့တာ အတော် ရယ်စရာကောင်းတဲ့ ပြက်လုံးတစ်ခုပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလူတွေဟာ ဒုက္ခဆိုတာကို တကယ် ကြုံဖူးသူတွေ မဟုတ်ပါဘူး။ ဒီလူတွေ ကျဆုံးခဲ့ တယ်ဆိုပေမယ့် ဆင်ပိန် ကျွဲလောက် ရှိသေးတယ်။ ငရုတ်သီးစပ်တာကို လူတိုင်းသိပေမယ့် စားဖူးသူမှ တကယ်စပ်တာကို တကယ်သိတာ၊ မစားဖူးဘဲ စပ်တယ်ဆိုတဲ့ အသိက ဟာသအသိပဲ။ ဒီလူတွေက ဒုက္ခဆိုတဲ့အစပ်ကို တကယ်မသိခဲ့တော့ ခုထက်တိုင်အောင် လိပ်ပြာသန့်တဲ့အကြောင်း ပြောရဲတုန်းပဲ။ လူတွေကလည်း ကိုယ့်အပေါ် ဘာတွေလုပ်ခဲ့ လုပ်ခဲ့ လေချိုသွေးရင် ယုံလို့ကောင်းတုန်းပဲ။
တိုင်းပြည်ကို လူတိုင်းချစ်ပါတယ်။ ငါက လွှတ်တော်အမတ်ပဲ၊ ငါက အာဏာရပါတီပဲ၊ ငါက အုပ်ချုပ်ရေးအဖွဲ့ပဲ၊ တို့ကမှ တိုင်းပြည်ကိုချစ်တယ်။ တိုင်းပြည်ကို ချောက်ထဲမကျအောင် ကယ်ခဲ့တယ်ဆိုတဲ့ စကားတွေက တကယ်တမ်းမှာ ကိုယ်ရည်သွေးမှုတွေပါ။ တိုင်းပြည်ကိုချစ်ရင် တိုင်းပြည်ရဲ့ ဘေးကို ကယ်တင်ရ၊ ကာကွယ်ရမှာ အုပ်ချုပ်သူတွေရဲ့ တာဝန်ပဲ မဟုတ်လား။ ဒါကို မလုပ်ချင်ရင် အစကတည်းက ဒီနေရာကို မယူဖို့ပဲရှိတယ်။ တိုင်းပြည်ကို တကယ်ချစ်ရင် လူတိုင်း လူတိုင်း မျှတမှုကို လိုလားရမယ်။ ငါက လူကြီးမို့ ပိုယူမယ်ဆိုတာ မရှိရပါဘူး။ ကိုယ့်ပြည်ကို တကယ်ချစ်ရင် မဟတ္တမဂန္ဒီလို ခြိုးခြံပြီး နေရဲရမှာပေါ့။ ဟိုချီမင်းလို အရိုးရှင်းဆုံး နေရဲရမှာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းလို ပိုင်ဆိုင်မှု အနည်းဆုံး နေရဲရမှာပေါ့။ ဘယ်လွှတ်တော် အမတ်တွေကများ ပိုင်ဆိုင်မှုကို ပြရဲကြလို့လဲ။ အရိုးရှင်းဆုံး ကိစ္စမှာတောင် ဘာကြောင့် မရိုးသားရဲလဲဆိုတာ စိတ်ညစ်ဖို့ ကောင်းလိုက်တာ။ လီကွမ်ယုကို အတိုက်အခံပါတီတွေက မကြိုက်ကြပေမယ့် သူဟာ သူ့နိုင်ငံကိုကောင်း အောင်လုပ်ပေးထားတယ်။ အရေးအကြီးဆုံး အချက်က သူဟာ သူ့နိုင်ငံကို တကယ်ချစ်ပြီး၊ သူ့နိုင်ငံကို သူများထက် သာစေချင်တာပဲ။ တစ်လောက အင်တာဗျူးတစ်ခုမှာ သူဝတ်တဲ့ ဂျာကင်အင်္ကျီနဲ့ ပတ်သက်ပြီး သူပြောတာကို သဘောကျမိတယ်။
‘ဒီအင်္ကျီက တော်တော် သက်သောင့်သက်သာ ရှိတယ်။ ဒီအင်္ကျီချုပ်တဲ့ စက်ဆရာတောင် မရှိတော့ဘူး’ ၊ ဟုတ်တယ် အင်္ကျီတစ်ထည်ကို အနှစ် နှစ်ဆယ်လောက် သူ ဝတ်ခဲ့တာပါ။ သူ သစ်ပင်စိုက်ပွဲတွေ သွားတယ်၊ အင်္ကျီတွေကို ရှိုးနဲ့မိုးနဲ့ မဝတ်ပါဘူး။ ပြီးတော့ သူလာမယ့်လမ်းမှာ အပိုကုန်တဲ့ ကော်ဇောခင်းဖို့ မလိုပါဘူး။ သူ ဆေးရုံသွားတယ်၊ အခြားလူနာတွေလိုပဲ၊ သူ့ အလှည့်ကို ထိုင်စောင့်တယ်။ သူ့ကိုယ်သူ ဗီအိုင်ပီလို မလုပ်ဘူး။ အင်တာဗျူးသူက ‘ကျွန်တော်မစ္စတာလီရဲ့ အိမ်ကို မရောက်ဖူးပါဘူး။ ဒါပေမဲ့ ရောက်ဖူးသူတွေက အိမ်ကို ပြင်ဆင်မွမ်းမံတာ မရှိဘူးပြောတယ်’ ဆိုတော့ ‘ကက်ဘိနက် အဖွဲ့ကို မှာထားတယ်။ ငါသေရင် ဒီအိမ်ကို ဖျက်လိုက်တော့’ လို့ မစ္စတာလီ က ဆိုပါတယ်။ သူ့ရဲ့ အင်တာဗျူးတစ်ခုလုံးမှာ သူဟာ သူ့နိုင်ငံ ကျရှုံးသွားမှာ အလွန်ပဲစိတ်ပူ နေခဲ့တယ်။ တစ်ခါတစ်ခါတော့ ကိုယ့်နိုင်ငံက လူတွေ သူ့လို စိတ်ပူတတ်ရင် သိပ်ကောင်းမှာပဲလို့ တွေးကြည့်မိတယ်။ မြန်မာပြည်ရဲ့ လူတစ်ကိုယ်၊ တိုက်တစ်လုံး၊ ကားတစ်စီး စီမံကိန်းကို သွားရည်ကျသွားပြီး လီကွမ်ယုက သူ့ပြည်ကို ကောင်းအောင်လုပ်နေချိန်၊ ကိုယ့်နိုင်ငံ ခေါင်းဆောင်တွေက သူ့နိုင်ငံမှာ မြင်းပွဲ သွားလောင်းနေခဲ့တယ်။
နောက်ပိုင်းမှာတော့ မြင်းပွဲလောင်းတာထက် ဆိုးတဲ့အဖြစ်တွေက နိုင်ငံကို ချစ်တဲ့လူတွေရဲ့ လက်ထဲကို ရောက်သွားခဲ့တယ်။ နန်းတော်တမျှ ခမ်းနားတဲ့ အိမ်တွေကို ရပိုင်ခွင့်ပဲဆိုပြီး မြို့တွေတိုင်းမှာ လိုက်ဆောက်နေချိန်၊ ပြည်သူ့ဆေးရုံတွေမှာ ပြည်သူတွေက ဆေးဝယ်သုံး နေရတယ်။ ရပ်ကွက်တွေမှာ ကျောင်းတွေဟာ ဂရန်မရှိသလို၊ ကန်စွန်းခင်းထဲမှာ ရေမြုပ်နေတုန်း။ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းဖို့ ကျောင်းအားကစားကွင်း ဆိုတာ ဝေလာဝေး။ ကလေးတွေရဲ့ စာရိတ္တကို ပြုပြင်ပေးရမယ့် ကျောင်းအုပ်ကြီးဆိုတာကလည်း သင်္ဘောသားထက် ဝင်ငွေကောင်းသွားတယ်။ တချို့မိဘတွေကတောင် ကလေးတွေကို ကျောင်းဆရာပဲ လုပ်ခိုင်းမယ်။ ကျောင်းအုပ်ဖြစ်ရင် ထောပြီ ဆိုပြီး အတွေးတွေက ပျက်စီးကုန်တယ်။
နိုင်ငံတော်က ကျောင်းဆောက်ဖို့ ငွေချပေးရင် မြို့နယ်ပညာရေးမှူးကို ဝေစုပေးခဲ့ရတယ်။ သူ့ဆီမှာ ကျူရှင် လာမတက်တဲ့ ကလေးတွေကို ကျောင်းဆရာမက အတန်းထဲမှာ ပညာပြတယ်။ ဝန်ထမ်းဆိုတာ လုပ်ငန်းခွင်က ဘာအကြံအဖန်များ ရနိုင်မလဲဆိုတာ ကြည့်တတ်တဲ့ အဆင့်ထဲကို ရောက်သွားတယ်။ ဒီလူတွေကို ဘယ်အရာက ဖျက်ဆီးခဲ့တာပါလဲ။ တွံတေးသိန်းတန်ရဲ့ သီချင်းတွေကို သတိရတယ်။ သူ့သီချင်းတွေထဲမှာ တပ်မတော် သားတွေအတွက် သီချင်းတွေ အများကြီး။ ‘လှမ်းနေချင်သပ၊ အားတက် မာန်ချီ၊ ကျွမ်းလေခင် နှမထားခဲ့ပြန်သည်၊ စစ်မြေဆီလှမ်း၊ လက်ကမ်းပြရမ်း၊ ကျန်လေပြီ’ ဆိုတဲ့ သီချင်းတွေကို မြတ်မြတ်နိုးနိုး နားထောင်ခဲ့ဖူးတုန်းက တပ်မတော်သားတွေရဲ့ဘဝကို အားကျမိခဲ့တယ်။ အခုတော့လည်း တပ်မတော်နဲ့ ပြည်သူကြား ဘယ်အရာက အမြင်မှုန်ဝါးစေပါသလဲ။ တပ်မတော်ကို ပြည်သူကြားက ပေါက်ဖွားလာတဲ့ ပြည်သူ့သားတွေအဖြစ် နွေးနွေးထွေးထွေး ပြန်တွေ့ရမယ့်နေ့ကို မျှော်လင့်ချင်လိုက်တာ။ တကယ် တော့ တပ်မတော်မှာ အပြစ်မရှိပါဘူး။ ‘တောကြီး နက်မှောင်၊ တောင်ခွေ ရစ်ဆင်း၊ စစ်ခင်းပေမယ့်၊ တစ်ခါတလေ စာခွေ လာမလားလို့၊ စောင့်စားရသည် စစ်မြေတစ်နေရာဆီ’ သီချင်းတွေကို ပြန်ဆိုချင်လိုက်တာ။
ဘယ်သူပဲဖြစ်ဖြစ်၊ ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်တာပေါ့။ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ဖို့၊ ပြည်သူကို မခန့်လေးစားလုပ်ဖို့ ဘယ်သူမှ စိတ်မကူးကြပါဘူး။ ဒါပေမဲ့ လူတွေကို ချစ်အောင် သင်ပေးတတ်ဖို့တော့ လိုပါတယ်။ နင် တစ်ဝက်၊ ငါ တစ်ဝက်၊ ဒီတောတွေကို အကုန်ဖျက် မလုပ်ခိုင်းဖို့တော့ လိုပါတယ်။ တိုင်းပြည် ပျက်စီးတာပဲ၊ ငါတို့ ပျက်စီးတာ မဟုတ်ဘူး၊ ဒီကျောက်တွေကို အကုန်သာတူး မလုပ်ကြဖို့တော့ လိုပါတယ်။ တစ်ဘဝမှာ အခွင့်အရေးဆိုတာ တစ်ခါလောက်ရတာ၊ ရသမျှဟာအကုန် ငါ့ဟာ မလုပ်ကြဖို့တော့ လိုပါတယ်။
တိုင်းပြည်ကို ချစ်တယ်ဆိုတာ အရူးတောင် ပြောတတ်သေးတယ်။ ပြည်သူတွေက တင်မြှောက်ခဲ့တဲ့ အစိုးရ၊ ပြည်သူတွေ ၀ိုင်းဝန်းရေးဆွဲခဲ့တဲ့ ဥပဒေဆိုတာ ပြောဖို့တောင် မသင့်တော့ချိန်မှာ ပြည်သူ့အတွက် တကယ်တမ်းလုပ်ဖို့ လိုအပ်လာပါပြီ။ လွှတ်တော်ထဲမှာ ခေါင်းပေါင်းကြီး ဆောင်းရရုံနဲ့ အမတ်မဖြစ်သလို ဌာနတစ်ခုက အရေးကြီးဆုံး ကုလားထိုင်မှာ ထိုင်ရလို့လည်း ဝန်ကြီးမဟုတ်ပါဘူး။ ပြည်သူတွေ လိုအပ်ချက်၊ တိုင်းပြည် ရဲ့ လိုအပ်ချက်ကို မမောမပန်း၊ စိတ်ထဲမှာထည့်ထားပြီး လုပ်နိုင်မှ အမတ်တွေ၊ ဝန်ကြီးတွေ ဖြစ်မှာပါ။ ဒီနေရာမှာ တိုင်းပြည်အတွက် သေရမယ်ဆိုရင်တောင် သေရဲတယ်ဆိုတဲ့ သတ္တိရှိမှ ပြည်သူ့ခေါင်းဆောင် ခေါ်ထိုက်မှာပါ။
နောက်ကျ ကျန်ရစ်ခဲ့ပါပြီ။ အမြန်ရောက်မယ်ဆိုရင် စီးနေကျ ခပ်ထုံထုံ ဖိနပ်တွေကို ချွတ်ပစ်ပြီး ခြေဗလာနဲ့ ပြေးချင်လည်း ပြေးရပါစေပေါ့။ ဒီအတွက်တော့ စူးလာမယ့် ဆူးတွေကို ထည့်တွက်ဖို့ မလိုတော့ပါဘူး။ တိုင်းပြည်ကို တကယ်ချစ်ကြရင်ပေါ့။
နေသစ်နီ
The Voice Weekly