အိမ်ဖြူတော်အနီး အရှိန်ဖြင့်လာသော ကားတစ်စီးကို ပစ်ခတ်တားဆီး၊ ကားမောင်းသူ အမျိုးသမီး သေဆုံး

ပို့စ်တင်ချိန် - 10/06/2013 10:36:00 AM


အမေရိကန်ပြည်ထောင်စု ဝါရှင်တန် မြို့တော် သမ္မတနေ အိမ်ဖြူတော်ရှေ့နှင့် လွှတ်တော်အနီးတွင် ရဲကားနောက်မှ လိုက်လာပြီး တလကြမ်း မောင်းလာသည့် ကားတစ်စီးက အိမ်ဖြူတော် လုံခြုံရေး ဂိတ်ကိုပါ ဝင်တိုက်သွားသဖြင့် ရဲကပစ်ခတ် တားဆီးခဲ့ရာ ကားမောင်းသူ အမျိုးသမီး သေဆုံးသွားခဲ့ပြီး ရဲအရာရှိ နှစ်ဦးဒဏ်ရာ ရရှိသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ကားပေါ်တွင် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ပါလာသော လူမည်း အမျိုးသမီး၏ ကားကိုတားဆီးရန် ကြိုးစားကြရာမှ ရဲများက ပစ်ခတ်စဉ် အနီးတစ်ဝိုက်တွင် ရှိနေသော ဥပဒေပြုအမတ်များ၊ ခရီးသွား ဧည့်သည်များ ကျည်ကွယ် မျက်ကွယ်ရှာပြီး အမြန် တိမ်းရှောင်ခဲ့ရသည်။

ကားမောင်းသူ အမျိုးသမီး သေဆုံးသွားပြီ ဖြစ်ကြောင်း၊ အဘယ့်ကြောင့် ယင်းသို့ ရဲကားနောက်က လိုက်လာသည်၊ အစိုးရ ရုံးများရှေ့သို့ ယင်းအမျိုးသမီးက ဦးတည် မောင်းလာသည်ကို အကြောင်းရင်း မသိရသေးကြောင်း၊ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဝါရှင်တန် ရဲချုပ် ကေသီလာနာက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကလေးက တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ အခြေအနေ ကောင်းပါတယ်။ သူ့ကို ကာကွယ် ထိန်းသိမ်းထားပါတယ်” ဟု ရဲချုပ်က ကားပေါ်ပါ ကလေးငယ်နှင့် ဆက်စပ်ပြီး ပြောကြားသည်။

“အိမ်ဖြူတော်နဲ့ လွှတ်တော် အဆောက်အအုံတို့မှာ လုံခြုံရေးစည်း ရှိပါတယ်” ဟု ပြောကြားရင်း ရဲချုပ်လာနာက လွှတ်တော်လုံခြုံရေး ရဲအရာရှိတစ်ဦးနှင့် လျှို့ဝှက် လုံခြုံရေးတစ်ဦးတို့ ဒဏ်ရာရရှိ သွားကြောင်း ထပ်လောင်းပြောဆိုသည်။

ကားမောင်းလာသူ အမျိုးသမီးမှာ လူမည်းအရွယ်ရောက် အမျိုးသမီးဖြစ်ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်၍ မည်သူမည်ဝါ ဆိုသည်ကို မပြောနိုင်သေးကြောင်း အမေရိကန် ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရ အရာရှိ ဘရိုင်ယန်လယ်ရီက ဆိုသည်။

အိမ်ဖြူတော် လုံခြုံရေး ဧရိယာ၏ အပြင်ဘက်တွင် ရဲကားက အဆိုပါ အမျိုးသမီး၏ ကားကို လိုက်ခဲ့ခြင်း ဖြစ်သော်လည်း ယင်းကားက လုံခြုံရေး အကာများနှင့် ဂိတ်ကို ဝင်တိုက်သည့်အပြင် ယူနီဖောင်းဝတ် လုံခြုံရေးဝန်ထမ်းတစ်ဦးကို ပါတိုက်သွားသဖြင့် ပစ်ခတ် တားမြစ်ရခြင်း ဖြစ်ကြောင်း အရာရှိများက ဆိုသည်။

ယခုဖြစ်ရပ်သည် မြို့တော် ဝါရှင်တန်တွင် သုံးပတ်အတွင်း ဒုတိယအကြိမ်မြောက် လုံခြုံရေးဆိုင်ရာ တပ်လှန့်မှု မတော်တဆ ဖြစ်ရပ် ဖြစ်ပြီး မကြာသေးခင်က သေနတ်သမား တစ်ဦးက ရေတပ်ဝင်း အတွင်းသို့ ဝင်ရောက် ပစ်ခတ်သွားသဖြင့် ၁၂ ဦး သေဆုံးထားသည်။

ရဲအရာရှိများနှင့် FBI အဖွဲ့ဝင်များက ကွန်နက်တီကပ်ရှိ စတန်းဖို့အရပ် နေအိမ်တစ်အိမ်ကို ဝင်စီးခဲ့ပြီး ယင်းအိမ်ကို အဆိုပါ အမျိုးသမီး နေသည့်နေအိမ်ဟု ယူဆကြရသည်။

မည်သည့် အတွက်ကြောင့် ယင်းသို့ ပြုမူရသည်ကို ယခုအချိန်အထိ မရှင်းလင်းသေးသော်လည်း အကြမ်းဖက်မှု၊ မတော်တဆမှု မဟုတ်ကြောင်းကိုမူ ရဲအရာရှိများက အတည်ပြုကြသည်။
The Voice Weekly