မန္တလေးမြို့တွင် ပထမဆုံး ပြုလုပ်မည့် မီးပုံးပျံ ခရီးစဉ်ကို ရာသီဥတု အခြေအနေကြောင့် နိုဝင်ဘာ ၁၅ ရက်သို့ ရွှေ့ဆိုင်း

ပို့စ်တင်ချိန် - 10/25/2013 11:27:00 AM


(မီးပုံးပျံခရီးစဉ် တစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြစဉ်)


အောက်တိုဘာ ၂၅ ရက်တွင် မန္တလေးတိုင်း ဒေသကြီး၌ ပထမဆုံးအကြိမ် ပြုလုပ်မည့် မီးပုံးပျံ ခရီးစဉ်ကို ရာသီဥတု အခြေအနေကြောင့် နိုဝင်ဘာ ၁၅ ရက်သို့ ပြောင်းရွှေ့ ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

''မိုးမပြတ်သေးတော့ ပျံသန်းဖို့ အဆင်မပြေလို့ပါ။ နိုဝင်ဘာ ၁၅ ရက်လောက် ပျံပါမယ်။ အခုလောလောဆယ်မှာတော့ ပိုင်းလော့တွေနဲ့ စမ်းသပ်ပျံသန်း နေပါတယ်။ ဧည့်သည်တော့ မပါသေးပါဘူး။ အခုက မန္တလေးမှာ စလုပ်မှာပေါ့။ ပြီးရင်တော့ အင်းလေးနဲ့ ပုဂံကို ခွင့်ပြုချက် တောင်းထားတာ ရရင်တော့ အဲဒီဘက်ကိုလည်း ပျံသန်းဖြစ်ပါမယ်။ ပျံသန်းဖို့ အတွက်က အားလုံးအဆင်သင့်ပါပဲ။ ပိုင်းလော့တွေကော၊ မီးပုံးပျံတွေပါ အကုန်အဆင်သင့်ပါပဲ။ လေကြောင်း ဦးစီးဌာနက ခွင့်ပြုပေးတာနဲ့ ပျံသန်းဖြစ်မှာပါ။'' ဟု Oriental Ballooning Myanmar ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းအောင်က ပြောကြားသည်။

အဆိုပါ မီးပုံးပျံ ခရီးစဉ်တွင် မီးပုံးပျံ ၆ လုံးဖြင့် ပျံသန်းရန် စီစဉ်ထားပြီး မီးပုံးပျံ စီးနင်းခ အနေဖြင့် တစ်ဦးလျှင် ဒေါ်လာ ၃၀၀ ၀န်းကျင်ခန့် ကျသင့်မည် ဖြစ်သည်။ ထို့ပြင် လေလမ်းကြောင်းပေါ် မူတည်ကာ ပျံသန်းမည့် ခရီးစဉ် ကွာခြားချက် ရှိသည့်အပြင် ဈေးနှုန်းပါ အနည်းငယ် အပြောင်းအလဲ ရှိကြောင်း သိရသည်။ ခရီးစဉ် ကွာခြားချက် ရှိသော်လည်း ပျံသန်းမှု ကြာချိန်မှာ တစ်နာရီသာ ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပုဂံရှိ မီးပုံးပျံ ခရီးစဉ် တစ်ခုတည်းသာရှိပြီး၊ မီးပုံးပျံနှင့် ဧည့်သည်များမှာ လောက်ငမှု မရှိကြောင်း၊ ခရီးသွားဧည့်သည် အများစုမှာ အဆိုပါ မီးပုံးပျံ စီးနင်းချင်ပါက ကြိုတင်စာရင်း ပေးသွင်းထားရ သောကြောင့် အများစုသော ခရီးသွား ဧည့်သည်များမှာ စီးနင်းခွင့် မရရှိကြောင်း ဧည့်လမ်းညွှန်များ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများသည် ယဉ်ကျေးမှုအခြေခံ ခရီးသွားလာခြင်း၊ သဘာဝအခြေခံ ခရီးသွားလာခြင်း တို့ကိုရွေးချယ်လေ့ ရှိကြပြီး မီးပုံပျံဖြင့် စီးနင်းလေ့လာရသော ခရီးအတွေ့အကြုံ မှာလည်း ခရီးသွားများ စိတ်ဝင်စားမှု များပြားကြောင်း သိရသည်။
Eleven Media Group