ကျပ်သိန်း ၄၈၀၀ ကျော် အကုန်အကျခံ ကြက်၊ ဘဲဈေး တည်ဆောက်မည် ဟု ဆို

ပို့စ်တင်ချိန် - 10/13/2013 01:46:00 PM


မန္တလေး၊ အောက်တိုဘာ ၁၂

မန္တလေးမြို့တော် ကြက်၊ ဘဲဈေးကို လာမည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ကျပ်သိန်းပေါင်း ၄၈၀၀ ကျော် အကုန်အကျခံ တည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးနှင့် သားသတ်ဌာန အကြီးတန်း အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“နေရာကိုလည်း ရွေးချယ်ပြီးပြီ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ခွင့်ပြုထားပါတယ်။ အခုလောလောဆယ် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် မြေညှိဖို့ လုပ်နေပေမယ့် မိုးရွာထားတော့ မြေတွေက ဗွက်ထနေလို့ လုပ်ငန်းစလို့ မရသေးဘူး” ဟု အဆိုပါ ကော်မတီဈေးနှင့် သားသတ်ဌာန တာဝန်ရှိသူက ဆိုသည်။

အဆိုပါ မန္တလေး ကြက်၊ ဘဲဈေးကို ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာနှင့် ကျွဲရည်ကုန်း ကျေးရွာအနီး ကွင်းအမှတ် ၄၉၅ ရှိ မြေဧရိယာ ၄ ဒသမ ၃၅ ဧကပေါ်တွင် တိုင်းဒေသကြီး အစိုးရ၏ ဘတ်ဂျက် ကျပ်သိန်းပေါင်း ၄၈၀၀ ကျော် အကုန်အကျခံပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနက တာဝန်ယူ တည်ဆောက်မည် ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။
“ကြက်ဘဲဈေးရှိတော့ ကောင်းတာပေါ့။ အခုဟာက အသားထုတ်လုပ်ဖို့ထက် ကြက်မွေး၊ ကြက်တောင်၊ ကြက် အညစ်ကြေးကို ဘယ်လို စွန့်ပစ်ရမှန်း မသိရတာက ဒုက္ခတစ်ခုလို ဖြစ်နေတယ်။ အိမ်ရှေ့ ရေနုတ်မြောင်းထဲကို ကြက် အညစ်ကြေးတွေကျရင် စည်ပင် သန့်ရှင်းရေးဌာနက အရေးယူတယ်။ အခုဆောက်မယ့် ဈေးမှာ အမှိုက်သန့်စင်စနစ် ပါတဲ့အတွက် အနည်းဆုံးတော့ အမှိုက်သရိုက် ကိစ္စကို သိပ်အာရုံ မစိုက်ရတော့ဘူးပေါ့” ဟု မဟာအောင်မြေ မြို့နယ် အခြေစိုက် ကြက်ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးဝင်းက ဆိုသည်။

အဆိုပါ တည်ဆောက်မည့် ကြက်၊ဘဲ ဈေးတွင် လူနှင့် ကြက်နေရန်အတွက် အဆောက်အအုံ ၁၂ လုံး တည်ဆောက်ရန် အစီအစဉ် ရှိထားသော်လည်း ဘတ်ဂျက် အနေအထားအရ ကနဦးအနေနှင့် ခန့်မှန်း ကြက်ကောင်ရေ ၅၀,၀၀၀ ကျော်နှင့် လူ ၆၀ ကျော် နေထိုင်နိုင်သည့် အဆောက်အအုံ ခြောက်လုံး၊ အိမ်သာ၊ လျှပ်စစ် ထစရန်စဖော်မာ၊ ရေဆိုးမြောင်း၊ ရေသန့်ရှင်းရေး စနစ်နှင့် အိမ်သာ၊ ဝန်ထမ်း အိမ်ရာတို့ကို ဦးစွာ တည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံသိရသည်။
“သားသတ်ရုံတွေမှာ တိ/ကု ဆရာဝန်တွေ ရှိတယ်လေ။ အဲဒီဆရာဝန်တွေက အသားထုတ်လုပ်မယ့် တိရစ္ဆာန်မှာ ရောဂါကင်းရှင်းမှ အသား ထုတ်လုပ်ခွင့်ပေးတာ။ အခုကြက်သတ်ရုံ မရှိတော့ လူတွေက ကြက်ကို ဖြစ်သလို ကြုံတဲ့နေရာမှာသတ်ပြီး ဈေးမှာ ရောင်းနေကြတာ။ ကြက်သတ်ရုံ တကယ် ဖြစ်လာမယ်ဆိုရင် ဆရာဝန် တစ်ယောက်အနေနဲ့ပဲ ဖြစ်ဖြစ်၊ မန္တလေးသား တစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ် ကြိုဆိုတယ်” ဟု မဟာအောင်မြေမြို့နယ်ရှိ ပွင့်ဦးဆေးခန်းမှ ဒေါက်တာဇော်ဇော်က ဆိုသည်။
The Voice Weekly