၂၀၁၅-၂၀၁၆တွင် ဆက်သွယ်ရေးဝန်ဆောင်မှု ၈၀ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟုဆို

ပို့စ်တင်ချိန် - 10/28/2013 02:52:00 PM


ရေခဲ(ပြည်)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ တိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင်မည်ဟု ရည်မှန်းထားကြောင်း ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒု-၀န်ကြီး ဦးဝင်းသန်းက အောက်တိုဘာလ ၂၆ရက်က ပြောကြား လိုက်သည်။

၎င်းက ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တိုဘာလ ၂၆ရက်က ပြုလုပ်သော ပို့ဆောင်ဆက်သွယ် ရေးနှင့် ဆောက်လုပ်ရေး ကော်မတီတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ၇၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ကျွန်တော်တို့ တယ်လီဖုန်း ၀န်ဆောင်မှု တိုးတက်အောင်လုပ်ဖို့ စီမံကိန်းချပြီး ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒု-၀န်ကြီး ဦးဝင်းသန်းက ပြောသည်။

ထို့အပြင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် တယ်လီဖုန်းဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း၏ တယ်လီဖုန်းသိပ်သည်းဆကို ၂၇ရာခိုင်နှုန်းအထိ တိုးတက်လာစေရန်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅တွင် ၅၀ရာ ခိုင်နှုန်းအထိ ဆောင်ရွက်ကာ ၂၀၁၅-၂၀၁၆ တွင်မူ ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာရန် အမျိုး သားစီမံကိန်းရေးဆွဲကာ အဆင့်ဆင့် ဆောင်ရွက်မည်ဟုဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၊ ရတနာပုံတယ်လီပို့စ်တို့မှ လုပ်ကိုင်နေခြင်းဖြစ်ပြီး ကာတာနိုင်ငံမှ Ooreedo ကုမ္ပဏီနှင့် နော်ဝေနိုင်ငံရှိ တယ်လီ နော ကုမ္ပဏီတို့ကလည်း လုပ်ပိုင်ခွင့်ရရှိထားသည်။ ထိုကုမ္ပဏီများသည် ဆက်သွယ်ရေးနည်း ဥပဒေ ထွက်ရှိလာပါက အကောင်အထည် ဖော်လုပ်ကိုင်မည်ဖြစ်သည်။ ဆက်သွယ်ရေး ဥပဒေ သည်လည်း အောက်တိုဘာလထဲတွင် ထွက်ရှိခဲ့ခြင်းဖြစ်သည်။

“မရှေးမနှောင်းဘဲ အားလုံးလုပ်မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းချက်ကို ပြည့်မီ လိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။ ကျော်လည်း ကျော်လွန်သွားနိုင်ပါတယ်” ဟု ဒု- ၀န်ကြီး ဦးဝင်းသန်းက ပြောသည်။
Mizzima - News in Burmese