ရမ်းကားခွင့်လိုင်စင် ဘယ်သူတွေ တီထွင်ထားသလဲ

ပို့စ်တင်ချိန် - 10/28/2013 02:42:00 PM

[ Letter to Editor ]

အယ်ဒီတာခင်ဗျား

ရန်ကုန်မြို့ အချက်အချာကျသော ၃၂ လမ်းထိပ်နှင့် ရသာပန်းခြံထောင့်၊ ဆူးလေဘုရား ခုံးကျော်တံတားအောက်၊ မီးသတ်လမ်း တစ်လျှောက်တွင် နိုင်ငံခြားသား ဧည့်သည်များ လာပါက အတင်းလိုက်ဆွဲခြင်း၊ ငွေလဲလှယ်ရန် လိုက်ပြီး အတင်းဆွယ်ခြင်း၊ ငွေလဲလှယ်သည့် အခါတွင်လည်း ကလိမ်ကကျစ် လဲလှယ်မှုများကြောင့် နိုင်ငံခြားသားများ အခက်ကြုံရခြင်းများကို နေ့စဉ် မြင်တွေ့နေရပါသည်။

ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်ရာတွင် တန်ကြေးထက် မတရား ပိုပေးသော်လည်း မြန်မာငွေကို ပေးချေရာ၌ ကလိမ်ကကျစ် ပြုလုပ်ကာ ပိုက်ဆံကို ခေါက်ပေးခြင်း၊ မိမိတို့ လူအများနှင့် ဝိုင်းအုံပြီး အတင်းဆွဲငင် အနိုင်ကျင့်နေခြင်းများသည် မြန်မာနိုင်ငံအပေါ် တိုင်းတစ်ပါးက အထင်သေးစရာ ဖြစ်နိုင်ပါသည်။

ဧမာနွေလ ဘုရားကျောင်းရှေ့တွင် လုပ်စားနေသော ယခင်အုပ်စုသည် ယခုအခါ နေရာများ ပြောင်းရွှေ့ပြီး ဆူးလေ ပတ်ဝန်းကျင်၌ ဂိုဏ်းဖွဲ့ကာ လုပ်စားနေမှုမျိုးကို တာဝန်ရှိ နယ်မြေ လုံခြုံရေးများ အနေနှင့် မသိဟုဆိုလျှင် ယုံကြည် လက်ခံနိုင်စရာ မရှိပါ။ လုံခြုံရေးများ ရှေ့တွင်ပင် ပေါ်ပေါ်ထင်ထင် ဗြောင် လုပ်စားနေကြသည်မှာ နိုင်ငံနှင့် လူမျိုးအတွက် ဂုဏ်သိက္ခာ ကျဆင်းစရာ ဖြစ်နေပါသည်။

ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် ငွေလဲလှယ်ဌာန အမြောက်အမြား ဖွင့်လှစ်ခွင့် ပေးထားသော်လည်း လမ်းပေါ်ရှိ ထိုကလိမ်ကကျစ်များကို အရေးယူ မနှိမ်နင်းနိုင်လျှင် အောင်မြင်နိုင်မည် မဟုတ်ပါ။ မတရား အနိုင်ကျင့် ရမ်းကားသည့် အုပ်စုများကို လုပ်စားခွင့်လိုင်စင် မည်သူတွေက ခွင့်ပြုပေးထားသည်ကို သိချင်ပါသည်။

(မြို့တော်သားတစ်ဦး)
The Voice Weekly