ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေး နည်းဥပဒေ ရက် ၉၀ အတွင်း ထွက်ရန်မဖြစ်နိုင်ဟုဆို

ပို့စ်တင်ချိန် - 10/28/2013 02:33:00 PM


ရန်ကုန်၊ အောက်တိုဘာ ၂၇

ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး နည်းဥပဒေကို ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ ပညာရှင်များ၏ အကြုံပြုချက်နှင့် အသေးစိတ် ရေးဆွဲနေမှုများကြောင့် အောက်တိုဘာလကုန်တွင် ထုတ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (MSEC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စတော့အိတ်ချိန်း ဈေးကွက်တွင် ပါဝင်မည့် ဆက်စပ် အဖွဲ့အစည်းများအတွက် လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို အသေးစိတ် ရေးဆွဲခြင်း၊ နိုင်ငံတကာ ပညာရှင်များ၏ အကြံပြုချက်များနှင့် ပိုမိုကောင်းမွန်သည့် နည်းဥပဒေ ဖြစ်လာရန် ထပ်ဖြည့် ရေးဆွဲနေမှုများကြောင့် ငွေချေး သက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေပြဋ္ဌာန်းပြီး ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေကို ထုတ်ပြန်ရန် မဖြစ်နိုင်ကြောင်း ၎င်းကရှင်းပြသည်။
“ခန့်မှန်းခြေအားဖြင့် နိုဝင်ဘာလကုန်၊ ဒါမှမဟုတ် ဒီဇင်ဘာ လလယ်လောက်မှ ထွက်နိုင်မယ်” ဟု MSEC မှ အငြိမ်းစား ယူသွားသော အကြီးတန်း ဒါရိုက်တာဟောင်း ဦးစိုးသိန်းက ဆိုသည်။

ယင်းနည်းဥပဒေထွက်ရှိချိန်သည် Securities Exchange Commission (SEC) ဖွဲ့စည်းပြီးချိန်နှင့် တစ်ပြိုင်တည်း ဖြစ်ရန် ခန့်မှန်းထားသော်လည်း လက်ရှိအချိန်ထိ SEC တွင် ပါဝင်မည့်သူများကို အပြီးသတ် ရွေးချယ်ဖွဲ့စည်းနိုင်ခြင်း မရှိသေးကြောင်း MSEC မှ တာဝန်ရှိသူက ပြောကြားသည်။

ငွေချေး သက်သေခံလက်မှတ် ဥပဒေနှင့် နည်းဥပဒေများ ရေးဆွဲရာတွင် ဒိုင်ဝါ လုပ်ငန်းစုနှင့် တိုကျို စတော့အိတ်ချိန်းမှ ပညာရှင်များ ပါဝင်ပြီး SEC တွင် ပါဝင်မည့်သူများကို အသိပညာ သင်တန်းပေးခြင်း၊ စိစစ်ကြီးကြပ်သူများကို သင်ကြားပေးခြင်းတို့ကို ဒိုင်ဝါ ပညာရှင်များက ကူညီ လုပ်ဆောင်လျက် ရှိသည်။

ဒိုင်ဝါလုပ်ငန်းစုသည် စတော့ဈေးကွက်တွင် ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီအဖြစ် ဝင်ရောက် လုပ်ကိုင်ခြင်းသည် ရှုပ်ထွေးမှုတချို့ ဖြစ်လာနိုင်ကြောင်း Thura Swiss ကုမ္ပဏီအမှုဆောင် အရာရှိချုပ် ဒေါက်တာအောင်သူရက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံသည် စတော့အိတ်ချိန်း ဈေးကွက် အတွေ့အကြုံ မရှိသည့်အတွက် SEC သည် ယင်းဈေးကွက် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ် ထိန်းသိမ်းရန် အရေးကြီးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် (လသာ) က ပြောကြားသည်။
“ဒီ SEC မှာ ပါလာမယ့်သူတွေက မြန်မြန်ဆန်ဆန်နဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အမှုဆောင် အရာရှိတွေ ဖြစ်ဖို့လိုတယ်။ မြန်မာနိုင်ငံမှာက ရှားနေသေးတယ်။ နှစ် ၅၀ ပုံစံကျနေတဲ့ သူတွေပဲ ဆိုရင်တော့ မလွယ်ကူဘူး” ဟု ၎င်းကဆိုသည်။

ငွေချေး သက်သေခံလက်မှတ် ရောင်းဝယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
The Voice Weekly