ပျောက်ဆုံးဖို့ အန္တရာယ်ကြုံ တွေ့လာနိုင်တဲ့ နိုင်ငံတော်ရဲ့ သဘာဝ အမွေတစ်ခု

ပို့စ်တင်ချိန် - 10/24/2013 11:18:00 AM


ပြက္ခဒိန်တစ်ခုမှစခဲ့တဲ့ သမိုင်းကြောင်းတစ်ခု ၁၉၈၃ ခုနှစ်တွင် ပန်းရိုးမနှင့် ရွှေမင်းဝံပြက္ခဒိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ တွင်းတောင်အင်းရဲ့ ဓာတ်ပုံပါရှိခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို ထိုအချိန်က မော်လမြိုင်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဌာနမှ ကထိကဒေါက်တာမင်းသိန်းက တွေ့မြင်ခဲ့ပါတယ်။ ဓာတ်ပုံမှာမြင်တွေ့ရတဲ့ အနေအထားအရ တွင်းတောင်အင်းမှာ စပီရူလိုင်းနားစိမ်းပြာရေညှိများ ရရှိနိုင်ကြောင်း သုံးသပ်မိခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဒေါက်တာမင်းသိန်း ဦးဆောင်ပြီး မော်လမြိုင်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဌာနမှ ကျောင်းသူ၊ကျောင်းသားတွေဟာ သုတေသနလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြပါတော့တယ်။ တစ်ဆက်တည်းမှာပဲ ထုတ်လုပ်မှုနဲ့ အသုံးချမှုလုပ်ငန်းတွေကိုပါ သုတေသနပြုလုပ်ဆောင်ခဲ့ကြပါတော့တယ်။

၁၉၈၅ ခုနှစ် ၀န်ကြီးဌာနကိုယ်စားလှယ်များ ပါဝင်ပြီး ထပ်မံသုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လေ့လာစိစစ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပြန်ပါတယ်။

ဒီနောက် ၁၉၈၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်မှာ စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(BPI)မှာပဲ စပီရူလိုင်းနားဌာနခွဲတစ်ခုအဖြစ် စတင်ထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လက်တွေ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တွင်းတောင်မှာပဲ စခန်းချပြီး စပီရူလိုင်းနား(Spirulina)များကို တွင်းတောင်အတွင်းမှ စတင်ဆယ်ယူပြီး ထုတ်လုပ်ရေးကို ဆောင်ရွက်ခဲ့ကြပါတယ်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလမှာ စပီရူလိုင်းနားအာဟာရဆေးပြားများကို ပရိုဗီမင် (Provimin)အမှတ်တံဆိပ်နဲ့ ပြည်တွင်းဈေးကွက်များမှာ စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှစတင်ပြီး ဂျာမနီနိုင်ငံ IGV GmbH ကုမ္ပဏီနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အကျိုးအမြတ်အနေနဲ့တော့ အရည်အသွေးထိန်းသိမ်းမှုတွေနဲ့ အာမခံနည်းစနစ်များ (QC&QA)ကို ၂၀၁၀ ခန့်မှစတင်ကာ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ ကျင့်သုံးနိုင်ခဲ့ပါတယ်။ ဂျာမန်ပညာရှင်များကလည်း ယနေ့အချိန်အထိ အကြံပေးများအဖြစ် ဆောင်ရွက်ပေးနေကြပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ ထုတ်လုပ်လာနိုင်ပြီဖြစ်တဲ့ စပီရူလိုင်းနား (Spirulina) ရေညှိခြေညက်နဲ့ ဆေးပြားတွေကို ဂျာမနီ၊ ကိုရီးယား၊ ဘယ်လ်ဂျီယမ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနိုင်ငံများကို တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။

လုပ်ငန်းများတွင်ကျယ်လာတာနဲ့အမျှ လုပ်ငန်းများကိုလည်း တိုးချဲ့လာနိုင်ပါတယ်။ ၂၀၀၃ ခုနှစ်၊ ဇွန်လ ၆ ရက်မှာတော့ စစ်ကိုင်းမြို့နယ်၊ ခိုတောင်ကျေးရွာအနီးမှာ မြန်မာ့စပီရူလိုင်းနားစက်ရုံ အမှတ်(၃)ဆေးဝါးစက်ရုံကို သီးခြားထပ်မံတည်ဆောက်နိုင်ခဲ့ပါတယ်။ ပရိုဗီမင်အပါအ၀င် စပီရူလိုင်းနားထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ မြန်မာ့စပီရူလိုင်းနားမျိုး(Strain)ဟာ ကမ္ဘာအရပ်ရပ်ရှိ အခြားသောစပီရူလိုင်းနားမျိုးများထက် ဗိုင်းရပ်စ်ပိုးဟန့်တားနိုင်စွမ်းတွင် ပိုမိုသာလွန်အားကောင်းကြောင်း ဂျာမနီနိုင်ငံမှာပြုလုပ်တဲ့ သုတေသနစမ်းသပ်ချက်အရ တွေ့ရှိရမှုစာတမ်းကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ မလေးရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ကိုင်းဆေးဝါးစက်ရုံအမှတ်(၃)ကို နိုင်ငံတကာအသိအမှတ်ပြု (GMP) လက်မှတ်ကို အပ်နှင်းပေးခဲ့ပါတယ်။ ယခုအခါမှာတော့ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်ကာ စက်မှုဝန်ကြီးဌာန၊ ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်းနှင့် ဇွန်ဆေးဝါးကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းကာ စစ်ကိုင်း၊ ဇွန်ဆေးဝါးနှင့် စားသောက်ကုန်ထုတ်လုပ်ရေးလီမိတက်အမည်နဲ့ ဖက်စပ်ဆောင်ရွက်လျက်ရှိနေပါတယ်။

ပတ်ဝန်းကျင်ထိခိုက်မှုရဲ့အကျိုးသက်ရောက်မှုတွေ

တွင်းတောင်မှ နှစ်အလိုက် စပီရူလိုင်းနားထုတ်လုပ်မှု (မက်ထရစ်တန်ပေါင်း)ကို စတင်ထုတ်လုပ်သည့် ၁၉၈၇-၈၈ မှစတင်ကာ လက်ရှိကာလ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်ကုန်အထိ လေ့လာခဲ့ရာတွင် စပီရူလိုင်းနားထုတ်လုပ်မှုမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ထုတ်လုပ်မှုများမှာ အံ့အားသင့်ဖွယ်ရာ ကျဆင်းလာခဲ့တာကို တွေ့ကြရပါတယ်။ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်အတွက် ထုတ်လုပ်မှု မက်ထရစ်တန် ၁၄၀၊ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ထုတ်လုပ်မှု ၁၃၈ မက်ထရစ်တန်ခန့် ရှိနေခဲ့ရာမှ ၂၀၁၁- ၁၂ ဘဏ္ဍာရေးနှစ်တွင် ထုတ်လုပ်မှု ၇၈ မက်ထရစ်တန်ခန့်အထိ ကျဆင်းခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာတော့ ပိုမိုဆိုးရွားလာကာ ထုတ်လုပ်မှု ၂၄ မက်ထရစ်တန်ခန့်သာ ထုတ်လုပ်နိုင်တော့ကြောင်း တွေ့လာခဲ့ရပါတယ်။ ၂ နှစ်ခန့်အတွင်း ထုတ်လုပ်မှု ၈၃ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့တာကို တုန်လှုပ်ဖွယ်ရာ တွေ့ရှိလာရပါတယ်။

ပြဿနာကိုအဖြေရှာကြတဲ့အခါ

အခုလို စပီရူလိုင်းနားတွေ ထုတ်လုပ်မှုကျဆင်းလာရတဲ့အကြောင်းကို သက်ဆိုင်ရာစက်ရုံမှ ပညာရှင်များက ပဏာမလေ့လာမှုတွေ လေ့လာခဲ့ရာမှ အကြောင်းရင်းတစ်ခုကို ရှာတွေ့ခဲ့ကြပါတယ်။ အဲဒါကတော့ တွင်းတောင်အတွင်းမှာရှိနေတဲ့ ရေမျက်နှာပြင်အမြင့်တွေနဲ့ တွင်းတောင်မှာ ရွာသွန်းခဲ့တဲ့မိုးရေချိန်တို့ကို လေ့လာခဲ့ကြတာပဲဖြစ်ပါတယ်။ တွေ့ရတာကတော့ ၂၀၀၇ ခုနှစ်လောက်ကစပြီး တွင်းတောင်ရဲ့ရေမျက်နှာပြင်အမြင့်တွေဟာ ရွာသွန်းတဲ့မိုးရေချိန်တွေထက် ပိုများလာနေတာဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၀၈ ကစပြီး ၂၀၁၃ အထိကာလဟာ အဆိုးဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၂ နှစ်တာကာလဖြစ်တဲ့ ၂၀၁၁-၁၂ နဲ့ ၂၀၁၂-၁၃ နှစ်တွေဟာ အဆိုးဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ်မှာ မိုးရေချိန်ဟာ ၂၀ ဒသမ ၈ လက်ခန့်သာ ရှိခဲ့ပေမယ့် တွင်းတောင်ရေမျက်နှာပြင်အမြင့်ကတော့ ၆၅ လက်မ ရှိနေခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ မိုးရေချိန်ဟာ ၁၁ ဒသမ ၂ လက်မခန့်သာ ရှိခဲ့ပေမယ့် တွင်းတောင်ရေမျက်နှာပြင်အမြင့်ကတော့ ၅၄ ဒသမ ၄ လက်မ ရှိနေခဲ့ပါတယ်။ ဒီအနေအထားဟာ တွင်းတောင်အတွင်းရှိ စပီရူလိုင်းနားမွေးမြူရမယ့် ရေထဲမှာ pH တန်ဖိုးတွေကို အပြောင်းအလဲဖြစ်လာ (ကျဆင်းလာ)စေပါတယ်။ ဒါဟာ စပီရူလိုင်းနားဖြစ်ထွန်းစေနိုင်တဲ့ လိုအပ်တဲ့ pH Level ကို ထိန်းမထားနိုင်တော့တဲ့အတွက် စပီရူလိုင်းနားပေါက်ပွားမှုနှုန်းတွေ ကျဆင်းလာရခြင်းဖြစ်တယ်လို့ စက်ရုံပညာရှင်များက သုံးသပ်ခဲ့ကြပါတယ်။

ဒီရေတွေဘယ်ကလာသလဲ

မိုးရွာသွန်းမှုတွေ လျော့နည်းလာပါလျက်နဲ့ တွင်းတောင်အတွင်းက ရေမျက်နှာပြင်အမြင့်တွေ မြင့်တက်လာနေခြင်းဟာ ရုပ်ဝတ္ထုသဘောအရတော့ ပုစ္ဆာဆန်နေပါတယ်။ ဒီရေတွေ ဘယ်ကရောက်လာသလဲဆိုတဲ့အမေးကို အဖြေရှာဖို့ လိုအပ်လာပါတယ်။ သဲလွန်စတစ်ခုရလာတာကတော့ အဖြစ်နိုင်ဆုံး အကြောင်းတရားအနေနဲ့ စက်ရုံပညာရှင်များ တွေ့ကြရတာကတော့ တွင်းတောင်အနီးမှာ တည်ဆောက်လာခဲ့တဲ့ မြစ်ရေတင်စီမံကိန်းကို သံသယတစ်ခုအဖြစ် တွေ့လာကြရပါတယ်။

ချင်းတွင်းမြစ်ရေတင်စီမံကိန်း

ချင်းတွင်းမြစ်ရေတင်စီမံကိန်းဟာ ချင်းတွင်းမြစ်ရေတွေကို Pump Station 2 ကနေတစ်ဆင့် ရေတွေပေးဝေနေတဲ့စနစ် ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ရေမျက်နှာပြင်ရဲ့ အမြင့်ဟာ ပင်လယ်ပြင်အထက် အမြင့်ပေ ၂၅၀ ရှိပြီး၊ အဲဒီရေတွေကို ရေစုပ်စက်တွေနဲ့ ပင်လယ်ပြင်အထက် အမြင့်ပေ ၄၄၄ ရှိတဲ့ Pump Station 2 ကို တင်ယူပါတယ်။ တစ်နေ့ကို ရေဂါလန်ပေါင်း ၄၃ သန်းခန့် တင်ယူပါတယ်။ အဲဒီကမှတစ်ဆင့် လယ်ယာမြေတွေကို တစ်နေ့လျှင် 135 acre foot/day (43 million gallon/day) ပြန်လည်ဖြန့်ဝေပေးနေပါတယ်။ အဲဒီဖြန့်ဝေပေးတဲ့ water distribution network area ဟာ တွင်းတောင်ရဲ့ အနီးပတ်ဝန်းကျင်မှာရှိနေတယ်။ ပိုဆိုးတာက တွင်းတောင်ရဲ့ ရေမျက်နှာပြင်အမြင့်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၅ပေသာမြင့်တော့ Pump Station 2 အမြင့်အောက် နိမ့်နေတယ်။ ဒီတော့ ပညာရှင်တွေက ရေပေးဝေနေတဲ့ Canal Line နဲ့ တွင်းတောင်ကြားမှာ အက်ကြောင်း Carck Line တစ်ခု(သို့မဟုတ်) နှစ်ခုလောက်ပေါ်လာပြီး အဲဒီအက်ကြောင်းများမှတစ်ဆင့် Gravity Flow နဲ့ တူးမြောင်းမှ ရေတွေဟာ တွင်းတောင်ထဲကို စီးဝင်နေတာဖြစ်မယ်လို့ အဖြေထုတ်ကြပါတယ်။

ဒီလိုအက်ကြောင်းမျိုးရော ဖြစ်လာနိုင်သလား

တွင်းတောင်ဟာ မီးတောင်သေဟောင်းတစ်ခုရဲ့ တွင်းဝဖြစ်ပါတယ်။ ဒါကြောင့် မြေအမျိုးအစားတွေဟာ မီးသင့်ကျောက် (Igneous Rock) တွေဖြစ်နေတယ်။ မီးတောင်ဒေသတစ်ခုရဲ့ မီးသင့်ကျောက်တွေနဲ့ပတ်သက်လို့ အတိတ်ကအဖြစ်အပျက်တစ်ခုကို သတိရမိတယ်။ ၁၉၉၈ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ ရာစုနှစ်အတွင်း အပြင်းထန်ဆုံးလို့သတ်မှတ်ရတဲ့ အလွန်ပူပြင်းတဲ့ အယ်နီညိုနှစ်ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ၁၉၉၇ နဲ့ ၁၉၉၈ ခုနှစ်တွေဟာ အပူချိန်စံချိန်တင်လောက်အောင် မြင့်တက်ခဲ့ပြီး မိုးရေချိန်လည်း စံချိန်တင်အောင်နည်းခဲ့တယ်။ တစ်ပြည်လုံး အပူဒဏ်ကို အလူးအလဲ ကျောကော့ခံခဲ့ကြရတဲ့ အလွန်ပူပြင်းခြောက်သွေ့တဲ့နှစ်ဖြစ်တယ်။ ဒါနဲ့ ၁၉၉၉ ခုနှစ်ရဲ့ နွေလတွေ(မတ်လ၊ ဧပြီလနဲ့ မေလတွေ)ဟာလည်း အရှိန်မသေသေးဘဲ အလွန်ပူနေခဲ့ပါတယ်။ ဒါနဲ့ ၂၀၀၉ ခုနှစ် မိုးဦးကျလည်းရောက်ရော ပြန်ကျမိုးလေးတစ်ချက်ရွာလိုက်တာ မိုးတိမ်တောင်ဆိုတော့ ရေတော်တော်ပါသွားခဲ့တယ်။ အဲဒီမှာ ပုပ္ပားတောင်စောင်းကြီးရဲ့ ကျောင်းတွေ၊ ဈေးဆိုင်တွေရှိတဲ့အခြမ်းကတောင် စောင်းကြီးဟာ အပိုင်းလိုက်ကြီးပဲ့ပြီး မြေသားနိမ့်ဆင်းကျသွားလိုက်တာ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ဈေးဆိုင်နှစ်ဆိုင်၊ သုံးဆိုင်တောင်ပါသွားခဲ့တယ်။ ဒီအကြောင်း ကျွန်တော်ကြားသိရတော့ အလွန်စိတ်ဝင်စားသွားခဲ့ပါတယ်။ အဲဒီမှာ ပုပ္ပား Resort ကိုဆောက်တော့ ပါဝင်ခဲ့တဲ့ မိတ်ဆွေအင်ဂျင်နီယာတစ်ဦးက “ဟာ အစ်ကိုကြီး ပုပ္ပားမှာ ဆောက်လုပ်ရေးလုပ်တော့ မြေကြီးကိုကျင်းတူးရင် တူးရွင်းကိုမတိုးဘူး ဆရာရေ။ နောက်မှ ဒေသခံတွေက ကျင်းတူးချင်ရင် မြေကို အရင်မီးဖိုပြီး မီးနဲ့အရင်ဖုတ်ရတယ်။ နောက်မှ ရေလောင်းချပြီးမှ တူးရမယ်လို့ပြောတော့မှ အဲဒီအတိုင်းလုပ်မှ ကျွန်တော်တို့ ကျင်းတူးလို့ရတော့တယ် အစ်ကိုကြီးရဲ့”
လို့ ပြောပါတယ်။ ဒါ မီးတောင်မြေရဲ့သဘာဝတစ်ခုပါလားလို့ မှတ်သားမိတယ်။ ၁၉၉၇- ၁၉၉၈-၁၉၉၉ နွေတွေဟာ အလွန်ပူခဲ့တယ်။ ဒီအပူဒဏ်ကိုခံစားခဲ့ရတော့ ပုပ္ပားတောင်ခြေရဲ့မြေသားဟာ မီးနဲ့ဖုတ်ခံရသလို ဖြစ်သွားစေပါတယ်။ အဲဒီမှာ မိုးလေးလည်း ရေများများနဲ့ရွာချလိုက်ရော ပုပ္ပားမြေဟာ ခံနိုင်ရည်လျော့ကျပြီး ပဲ့ကျ(ကျွံကျ)သွားခဲ့ရတာဖြစ်ပါတယ်။ တွင်းတောင်ကလည်း မီးတောင်မြေဖြစ်လေတော့ ဒီသဘောပတ်သက်မှု ရှိ၊ မရှိကို ဆန်းစစ်သင့်တယ်လို့ ထင်ပါတယ်။

တွင်းတောင်အနီးတစ်ဝိုက် မိုးရွာသွန်းပုံ

နောက်တစ်ချက်က မုံရွာခရိုင်ရဲ့ မိုးရွာသွန်းပုံ။ ကျောက်ဆည်တက္ကသိုလ် ပထ၀ီဝင်ဌာနမှာ ပါရဂူဘွဲ့အတွက် စာတမ်းလုပ်နေတဲ့ ညီမတစ်ဝမ်းကွဲတစ်ဦးရှိပါတယ်။ သူ့ရဲ့လေ့လာမှုအရ ချင်းတွင်းမြစ်အရှေ့ဘက်မှာရှိကြတဲ့ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဘုတလင်မြို့တွေနဲ့ ချင်းတွင်းမြစ်အနောက်ဘက်မှာရှိကြတဲ့ ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲမြို့တွေရဲ့ မိုးရွာသွန်းပုံတွေကို လေ့လာတဲ့အခါမှာ မိုးအများဆုံးက ချောင်းဦး၊ ဒုတိယအများဆုံးက ပုလဲ၊ မိုးအနည်းဆုံးက မုံရွာလို့ တွေ့ရပါတယ်။ (၁၉၉၀ မှ ၂၀၁၀ ကာလအထိ မှတ်တမ်း) တွင်းတောင်နဲ့နီးတဲ့ ကနီမြို့ရဲ့အခြေအနေကို လေ့လာတဲ့အခါမှာ ကနီမြို့ဟာ အဲဒီလေ့လာတဲ့မြို့ရှစ်မြို့နယ်ထဲမှာ PCI(Precipitation Concentration Index) 26.99 နဲ့ အများဆုံးဆိုတာကို တွေ့ရပါတယ်။ PCI>20 ရှိခဲ့ရင် Subst antial Monthly Variability မိုးအားပြင်းထန်တယ်။ လအလိုက် မိုးရွာသွန်းပုံ အပြောင်းအလဲများတယ်လို့ သတ်မှတ်ပါတယ်။

ဒီတော့ တွင်းတောင်ပတ်ဝန်းကျင်ဒေသဟာ ရာသီဥတုအပြောင်းအလဲဒဏ်ကို ထိရှလွယ်တဲ့မြေသားရှိတယ်။ ရာသီဥတုသဘောအရလည်း လအလိုက် ရာသီဥတုအပြောင်းအလဲအများဆုံးဖြစ်တဲ့ ဒေသဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြဿနာတစ်ရပ်ဖြစ်လာခဲ့ပြီ

အခုလိုဖြစ်လာရခြင်းမှာ ပြဿနာနှစ်ရပ်ရှိလာပါတယ်။ ပထမပြဿနာကတော့ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ လုပ်ငန်းတစ်ရပ်အတွက် ထိခိုက်မှုရှိလာပြီး ၀င်ငွေတွေ ကျဆင်းသွားနိုင်မှုပဲဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ နိုင်ငံတော်ရဲ့ သဘာဝသယံဇာတ အဖိုးတန်ရတနာတစ်ပါး ဆုံးရှုံးပျောက်ကွယ်သွားနိုင်တဲ့အန္တရာယ် ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်လောကပြုလုပ်ခဲ့ကြတဲ့ အလုပ်ရုံဆွေးနွေးပွဲအတိုင်း ပြောရရင်တော့ ပျောက်ကွယ်တော့မယ့်အမွေ (Vanisghing Treasure) တစ်ခု ဖြစ်လာနိုင်တာမို့ စိုးရိမ်စရာတစ်ခု ဖြစ်လာရပါပြီ။

လက်ရှိအခြေအနေမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သေသေချာချာ အဖြေကိုရှာရဦးမှာဖြစ်ပါတယ်။ ဒီတော့ ဒီပြဿနာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေအားလုံး ၀ိုင်းဝန်းအဖြေရှာကြရတော့မယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့တော့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ကြရာမှာ EIA, SIA တွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပြသနေတဲ့ သင်ခန်းစာတစ်ရပ်လို့သာ ဆိုလိုက်ချင်ပါတော့တယ်။

-Ref: www.junephermaceticals. com

ရေးသားသူ- မောင်ထွန်းလွင်(မိုးလေ၀သ)
7Day News Journal