အိမ်

ပို့စ်တင်ချိန် - 10/25/2013 08:24:00 AM


ကျွန်တော်တို့အားလုံး အတူနေထိုင် ကြီးပြင်းခဲ့ကြတဲ့ ‘အိမ်’ ပါ။ ဒီလောက် ယိုယွင်း ပျက်စီးနေတာ မြင်လို့တောင်မှ မတော်လောက်အောင် ပါပဲ။ ပြင်စရာတွေ သိပ်များတယ်။ မြန်မြန်ကြီးကို ချက်ချင်း ပြင်ရမှာတွေက အပုံ အပင်။ အိမ်ကြီးက အချိန်ဆွဲခွင့် ထပ်မပေးနိုင်တော့ဘူး။ နေ့ကောင်း ရက်သာ၊ နေလနက္ခတ် ရွေးနေဦးမယ် ဆိုရင်တော့ တချို့အစိတ်အပိုင်း တွေက ပြိုမကျသေးအောင် ဆက်တောင့်ခံထားဖို့ မသေချာတော့ပါဘူး။
per_aein-YKYGအိမ်ပြင်ဖို့ကိစ္စ သိပ်အရေးတကြီး ဖြစ်ချိန်မှာတောင် ကျွန်တော်တို့တွေက ရန်ဖြစ်ကောင်းတုန်း ဆိုရင်… မြန်မြန်ပြိုအောင် သိပ်အားစိုက်လိုက်ရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အိမ်ကြီး ဒီလောက် မြန်မြန်နဲ့ ဆိုးဆိုးရွားရွားပျက် သွားခဲ့ရတာလည်း ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ ရန်ဖြစ် ကောင်းခဲ့ကြလို့ပဲ မဟုတ်လား။ အရင်ကဆို တစ်လမ်းလုံးမှာ အကောင်းဆုံးနဲ့ အခံ့ထည်ဆုံး အိမ်ကြီးလေ။ အိမ်အသစ်လေးတွေက ဆောက်ခါနီး ကျွန်တော်တို့အိမ်ကြီးကို လာငေးပြီး တုပ ဆောက်ခဲ့ကြတာ မဟုတ်လား။ အခုတော့ ဘေးအိမ်ကလေးတွေက လှလိုက်ကြတာခင်ဗျာ။ နေချင့်စဖွယ်။ ဧည့်လည်း စည်လို့။ ကျွန်တော်တို့ အိမ်ကြီးကတော့ လမ်းထဲမှာရော၊ ရပ်ကွက်မှာပါ … အစုတ်ဆုံး၊ အချည့်နဲ့ဆုံး ဖြစ်နေခဲ့ပေါ့။
စည်းလုံးခြင်း ၊ ညီညွတ်ခြင်းဆိုတဲ့ စကားတွေက စာထဲမှာသာ ရှိတာမျိုးမဟုတ်ပါ။ ဒီအိမ်ကို အတူတူ ပြင်ကြမယ့်သူတွေကြားမှာ တကယ်ရှိနေမယ့် အရှိတရားဖြစ်ပါတယ်။ အိမ် ပြင်မယ်ဆိုတဲ့သူတွေက ရန်ဖြစ်လို့ ကောင်းနေတုန်းဆိုရင် ညီညွတ်ခြင်းအကြောင်း ပြောစရာလည်း မရှိတော့ပါဘူး။ ပြင်တော့ ပြင်မယ် ၊ မီးဖိုချောင်ကစမှ ဆိုတာနဲ့ ဘုရားစင်က စမှဆိုတာ ငြင်းကြရင်း အိမ်ပြိုသွားရင် …။ အိမ်ရှေ့က ပန်းခင်းလေးကို အရင်ပြင်ဖို့လို့နဲ့ပဲ အိမ်သားတွေ အိုသွားရင် …။ ကျွန်တော်တို့ စိုက်ထုတ်ရမယ့် အားတွေကို အရေးအကြီးဆုံး အစိတ်အပိုင်းတွေ ပြင်ဖို့အတွက် သတိပြု အသုံးချသင့်တယ် မဟုတ်လား။ ကိုယ့်ထက်ပို သိနားလည်တဲ့ ညီအစ်ကိုက ပိုအရေးကြီးတယ်လို့ ပြောပါလျက်နဲ့ ကိုယ်မကြိုက်သေးလို့ ဘေးဖယ်လိုက်ဦးမယ်ဆိုရင် …။စည်းလုံးခြင်း ၊ ညီညွတ်ခြင်း ဆိုတဲ့စကားတွေက စာထဲမှာသာ ရှိတာမျိုး မဟုတ်ပါ။
အိမ်ရှေ့က ပန်းခင်းလေးကို အိမ်သားတိုင်း လှစေချင်တာပါပဲ။ ဘုရားစင်လေးလည်း ပြန်ပြင်ချင်တာပါပဲ။ ဒီည ကောင်းကောင်းအိပ်နိုင်ဖို့ မိုးယိုတာ သိပ်ဆိုးနေတဲ့ အိမ်ခေါင်မိုးကို အရင်မဖာထေးသင့်ဘူးလား ခင်ဗျာ။ မိုးစိုထဲ အိပ်ခဲ့တဲ့ညတွေက များလှ မဟုတ်ပါလား။ ကောင်းကောင်းလေး အိပ်ရ၊ အိပ်ရေးဝ၊ အားရှိတဲ့လက်တွေနဲ့ အတူတူ ဆက်ပြင်လိုက်ကြရင် ဘုရားစင်နဲ့ အိမ်ရှေ့က ပန်းခင်းလေးဟာ အလွယ်ကလေးပေါ့ဗျာ။ ချစ်ခင် စည်းလုံးတတ်တဲ့ ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ တစ်ယောက် အကြံဉာဏ်ကို တစ်ယောက်က လေးစားတတ်ကြဖို့လည်း လိုမှာပါ။
ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ရုပ်ပုံကို မြင်ချင်တာ လူတိုင်းပေါ့ခင်ဗျာ။ တစ်ကိုယ်တည်းဆန္ဒ ပြောရရင် ခြင်္သေ့တစ်ထောင်ကျပ် တွေကို ဗိုလ်ချုပ် တစ်ကျပ်တန်တွေနဲ့ လဲပေး။ ငါးရာတန်တွေဆို ငါးမူး (ပြားငါးဆယ်) ပေါ့ဗျာ။ တစ်ချိန်ကလို မြန်မာငွေတစ်ကျပ် ယူအက်စ်တစ်ဒေါ်လာ ဆိုတာမျိုး အထိ ပြန်ရချင်ပါတယ်။ ဟုတ်ပါတယ် … ဆန္ဒဆိုတာ လူတိုင်းကိုယ်စီ ရှိကြစမြဲ မဟုတ်ပါလား။ ဒါပေမဲ့ အရှိတရားထဲမှာ ဖြစ်သင့် မသင့်ဆိုတာ စဉ်းစား တတ်ရပါမယ်။ မစဉ်းစားတတ်ရင်လည်း စဉ်းစားတတ်သူများရဲ့ ဦးဆောင်မှုကို ရိုးသားစွာနဲ့ လိုက်နာခံယူတတ်သင့် ကြပါတယ်။ ဒါဟာ တိုင်းပြည်ကို ချစ်ခြင်းပါပဲ။
တစ်နိုင်ငံလုံးသုံးဖို့ ငွေစက္ကူအသစ်တွေ ရိုက်နှိပ်မယ်ဆိုတာ … ကုန်ကျ ခံရမယ့် တိုင်းပြည်ရဲ့ငွေ၊ ကုန်ကျခံရမယ့် ကိုယ့်လူမျိုးတွေရဲ့လုပ်အား၊ ကုန်ကျခံလိုက်ရမယ့် အဖိုးတန်လှတဲ့ အချိန်တွေကို ထည့်မစဉ်းစားဘဲ ဖြစ်နိုင်ပါ့မလား။ အဆိုပါ ငွေတွေ ၊ လုပ်အားတွေ၊ အချိန်တွေအတွက် ပိုအရေးကြီးတဲ့ လုပ်ဆောင်ဖွယ်ရာတွေက ရေတွက်လို့တောင် မကုန်နိုင်ပါ။ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး … ဆက်မရေးလိုတော့ပါ။ ဘယ်ဟာတွေကို ပိုအရေးကြီးခွင့် ပေးကြမှာလဲလို့ မေးပါရစေတော့။ အခုပဲ ဆန္ဒပြဖို့ ပြင်နေကြတဲ့ မိုးစက်ဝိုင်ကလေး ကပဲ သိပ်အရေးကြီး နေပြန်ပါရောလား ခင်ဗျာ။ ဦးဆောင်နိုင်သူ၊ ဦးဆောင်သင့်သူများရဲ့ ဦးဆောင်လမ်းပြမှု တွေကို ငါတကောကောပြီး လျစ်လျူ ရှုတတ်လာရင်တော့ ကျွန်တော်တို့ရဲ့ အသိပညာ ရေချိန်နဲ့ ထိုက်တန်တဲ့ ‘အိမ်’ ပဲ ရနိုင်လိမ့်မယ် ထင်ပါရဲ့။
ရန်မဖြစ်ကြဖို့ အရေးကြီးပါတယ်။ တစ်အိမ်တည်းသားဆိုတာ အကျိုးစီးပွား တစ်ခုတည်း ဖြစ်ပါတယ်။ အိမ်သူအိမ်သား ညီအစ်ကိုများပါပဲ။ စစ်သား တစ်ယောက်သေတာဟာ ကျွန်တော်တို့အိမ်သား တစ်ဦးဆုံးရှုံးတာပါ။ တိုင်းရင်းသား လက်နက်ကိုင် တစ်ဦးသေတာလည်း ကျွန်တော်တို့ အိမ်သား တစ်ဦး ဆုံးရှုံးတာပါပဲ။ မြန်မာနိုင်ငံသား တရုတ်တစ်ဦး သေတာဟာလည်း ကျွန်တော်တို့ အိမ်သားတစ်ဦး ဆုံးရှုံးတာပါပဲ။ ဟုတ်ပါတယ် … မြန်မာနိုင်ငံသား မွတ်ဆလင်တစ်ဦး သေဆုံးတာဟာလည်း ကျွန်တော်တို့ အိမ်သားတစ်ဦး ဆုံးရှုံးတာပါပဲ။
နှလုံးသားထက် ဦးနှောက် ပိုကြီးကြရမယ့်၊ ပိုကြီးကြသင့်တဲ့ အချိန် ဖြစ်ပါတယ်။ ရန်ဖြစ်မနေ သင့်ဘူး။ ခေတ်သစ် ကမ္ဘာ့နိုင်ငံရေးဆိုတာ နိုင်ငံသား ဖြစ်သည်၊ မဖြစ်သည်နဲ့ပဲ ဆုံးဖြတ်ကြတာပါ။ ဆုံးဖြတ်ကြရမှာပါ။ မြန်မာနိုင်ငံသား မွတ်ဆလင်တစ်ဦးဟာ ကုရ်အန်ကျမ်းကို ဦးထိပ်ထားခွင့် ရှိသော်လည်း အပြစ်သားတစ်ဦးကို ကျောက်တုံးနဲ့ ပေါက်သတ်ခွင့်မရှိပါဘူး။ သူဟာ မြန်မာနိုင်ငံသား ဖြစ်လို့ပါပဲ။ မြန်မာနိုင်ငံသား မွတ်ဆလင်တစ်ဦးဟာ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ တရားဥပဒေအတိုင်း လိုက်နာရပါမယ်။ သူဟာ မြန်မာနိုင်ငံသား ဖြစ်လို့ပါပဲ။ မြန်မာနိုင်ငံသား မွတ်ဆလင်တစ်ဦးဟာ တရားဥပဒေရဲ့အောက်မှာ ဘယ်လူမျိုး ဘယ်ဘာသာဝင် ဖြစ်စေ၊ တခြားသော မြန်မာနိုင်ငံသားတစ်ဦးနဲ့ တန်းတူ အခွင့်အရေး ရှိရပါမယ်။ တန်းတူ လုံခြုံစိတ်ချခွင့် ရှိစေရပါမယ်။ သူဟာ မြန်မာနိုင်ငံသား ဖြစ်လို့ပါပဲ။
ရွှေဝါရောင်တော်လှန်ရေး၊ ၈၈ အရေးတွေမှာ ဗမာတွေ၊ တခြား တိုင်းရင်းသားတွေနဲ့ တန်းတူ တိုက်ပွဲဝင်ခဲ့တဲ့ မြန်မာနိုင်ငံသား အစ္စလာမ္မစ် တွေကို မေ့မပစ်သင့်ပါ။ သူတို့ဟာ … ကျွန်တော်တို့ပဲ ဖြစ်ခဲ့တယ် မဟုတ်လား။ တစ်မိုးတည်းအောက်မှာ တစ်ခရီးတည်းလျှောက်ခဲ့ကြတဲ့ ဘဝတူတွေ မဟုတ်ဘူးလားဗျာ။ သူတို့ကို ရောထွေးပြီး နာကျင်စေတာဟာ တရားမျှတ ပါ့မလား။ လူဆိုးဟာ လူဆိုးပဲဖြစ်ပြီး … ဘာသာ၊ လူမျိုးနဲ့တွဲပြီး မသတ်မှတ် အပ်ဘူး မဟုတ်လား ခင်ဗျာ။
ဒါ ကျွန်တော်တို့ အိမ်ဖြစ်ပါတယ်။ ‘ကျွန်တော်တို့’ ဆိုတာက ဗမာ မဟုတ်ဘူး။ ရှမ်း မဟုတ်ဘူး။ တရုတ် မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ဘူး။ ကျွန်တော်တို့ဆိုတာက ‘မြန်မာနိုင်ငံသားများ’ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့လည်း အပါအဝင်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒါ သူတို့အိမ်လည်း ဖြစ်ပါတယ်။
တစ်အိမ်တည်းသားတွေဟာ ညီအစ်ကိုများပဲ မဟုတ်ဘူးလား ခင်ဗျာ။ ကျွန်တော်တို့အိမ်ကြီးရဲ့ အခြေအနေလည်း အားလုံးသိကြပါရဲ့။ အရေးကြီးဆုံးတွေကနေ မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီး စပြင်ဖို့ အိမ်သား အားလုံး တက်ညီလက်ညီ ရှိကြရမယ့် အချိန်မဟုတ်ဘူးလားဗျာ။ ဖြူတာ၊ မည်းတာထက် တွဲလို့ရတဲ့ လက်ဖြစ်ဖို့က အရေးကြီးတာပါ။ ဖြူတဲ့ လက်ဖြစ်ဖြစ်၊ မည်းတဲ့ လက်ဖြစ်ဖြစ် အတူတွဲပြီး မိုးယိုယိုင်နဲ့နေတဲ့ ‘အိမ်’ ကို မြန်မြန် ပြင်ကြဖို့ပဲ စဉ်းစားသင့်တယ် မဟုတ်လား။
(ယက္ခ) ရဲကြီး
thevoicemyanmar