ရသင့်ရထိုက်သည့် အခွန်အခများကို ဖိဖိစီးစီး ကောက်ခံမှု အားနည်းပြီး သုံးစွဲသင့်သည့် ရန်ပုံငွေထက် ပိုမိုသုံးစွဲခြင်းတို့ကြောင့် တိုင်းပြည်၏ လိုငွေနှင့် ဂျီဒီပီ အချိုးမှာ ကျသင့်သလောက် မကျဆင်းဘဲ ရှိနေသည်ဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

ပို့စ်တင်ချိန် - 10/28/2013 10:54:00 AM


နေပြည်တော်တွင် ကျင်းပနေသော လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်
ရသင့်ရထိုက်သည့် အခွန်အခများ ဖိဖိစီးစီး ကောက်ခံမှု အားနည်းပြီး သုံးစွဲသင့်သည့် ရန်ပုံငွေထက် ပိုမိုသုံးစွဲခြင်းတို့ကြောင့် တိုင်းပြည်၏ လိုငွေနှင့် ဂျီဒီပီ အချိုးမှာ ကျသင့်သလောက် မကျဆင်းဘဲ ရှိနေသည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်က ထောက်ပြပြောကြားသည်။
အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်တွင် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပေါ် မူနှင့်အခြေခံ သဘောများ ဆွေးနွေးခြင်း ပြုလုပ်ရာတွင် ဦးမျိုးမြင့်က ယင်းကဲ့သို့ ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က ရငွေဖြစ်သော ပြည်ပမှ ကားတင်သွင်းမှု အခြေအနေများ၊ အောင်ဘာလေထီ ရောင်းချမှု၊ လျှပ်စစ်စွမ်းအား ကဏ္ဍမှ ကောက်ခံရရှိသည့် အခွန်အခများ၊ အရင်းအမြစ် သစ်များမှ အကောက်တော် တိုးကောက်ရေး၊ ရေခွန်၊ တာတမံခွန် စသည့်ကဏ္ဍရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ရေခွန်၊ တာတမံခွန်နှင့် စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးမှ တာဝန်ယူ ရေခွန်နှင့် ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ယူ တာတမံခွန်များ ဘဏ္ဍာနှစ်အတွင်း မူလနှင့် ပြုပြင်ပြီး ခန့်မှန်းခြေများ ကျပ်သန်း ၁၁၀၅ အား အညီအမျှ ခွဲဝေဖော်ပြထားရာ ဆည်မြောင်းနှင့် မြစ်ရေတင် စီမံကိန်းများ၏ လက်ရှိရေသွင်းစိုက် ဧရိယာ၊ ရေဘေးကာကွယ် တာတမံများမှ အကျိုးပြု ဧရိယာများ၊ ဆက်စပ်စိုက်ပျိုး ဧရိယာများနှင့် ချိန်ထိုးလျှင် လွန်စွာနည်းပါးကြောင်း ဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။
အလေအလွင့် ဆိုတာကတော့ ပေါ့လျော့တာရော၊ လာဘ်ပေးလာဘ်ယူ လုပ်တာရော၊ ခိုးတာဝှက်တာရော ပါတာပေါ့။ တစ်ဖက်က ပြန်ပြီးထိန်းညှိတာလုပ်မှ အခွန်တိုးကောက်တာကို အထောက်အကူပြုပြီး ဂျီဒီပီလိုငွေ လျော့ကျသွားမှာ ဖြစ်ပါတယ် . . . . .
ထို့အပြင် ရေခွန်၊ တာတမံခွန် ဥပဒေ အသစ်များ ပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေဆဲ အချိန်တွင် ယခင်အချိန် ကတည်းက ကျင့်သုံးလာသည့် လက်ရှိရေခွန်၊ တာတမံခွန် ဥပဒေပါအရ သတ်မှတ်ကောက်ခံနှုန်း နည်းပါးနေရာ ခေတ်ကာလနှင့်အညီ ၀န်ကြီးဌာန၏ လျာထားသတ်မှတ်နှုန်းဖြင့် တိုးမြှင့်ကောက်ခံလျက် ရှိနေသော်လည်း အခွန်ဆောင်ရမည့် ပုဂ္ဂိုလ်များထံမှ ရရှိရမည့် ငွေကြေးပမာဏ၏ ရာခိုင်နှုန်း ၅၀ ရှိသင့်ကြောင်းနှင့် အခွန်များ တိုးတက်ရရှိရေးကို ပြန်လည်သုံးသပ် ဆောင်ရွက်သင့်ကြောင်း ၎င်းကပင် သုံးသပ်ပြောကြားသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ လျှပ်စစ်စွမ်းအားကဏ္ဍ အနေဖြင့်မူ လခန့်မှန်းခြေ (BE) ရငွေမှာ ကျပ်ဘီလျံ ၁၃၇၅ ဒသမ ၈၁ ဖော်ပြထားပြီး ဘတ်ဂျက်နှစ်ကုန်တွင် ဖြစ်ပေါ်လာမည့် ပြုပြင်ပြီး ခန့်မှန်းခြေ (RE) ရငွေကို ကျပ်ဘီလျံ ၁၅၁၃ ဒသမ ၃၆ လျာထားသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော် ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး၊ သယ်ပို့၊ ပျောက်ဆုံးမှုတို့သည် တည်ငြိမ်သည့် ရာခိုင်နှုန်း မရှိသေးဟု သုံးသပ်လိုကြောင်းနှင့် တရားမ၀င် မီးခိုးယူ သုံးစွဲကြမှုကြောင့် ၀န်ကြီးဌာနမှ ငွေကြေးမရရှိဘဲ ဆုံးရှုံးမှု ဖြစ်ပေါ်ရပြီး အဆိုပါ ဆုံးရှုံးမှုများကို ဖိဖိစီစီး ကြပ်မတ်ကောက်ခံပါက ရငွေသိသိသာသာ တိုးတက်ရရှိမည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က ဆွေးနွေးပြောကြားသည်။
"ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် ရရှိရမယ့်၊ ရရှိသင့်တဲ့ အခွန်အရပ်ရပ် ပိုမိုရရှိရေး အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက် ထားသော်လည်း လက်ရှိထက် ပိုမိုအားထည့်ပါက လိုငွေနှင့် ဂျီဒီပီ အချိုးမှာ ပြုပြင်ပြီး ခန့်မှန်းခြေ (RE) တွင် ရရှိသည့် ၄ ဒသမ ၈၇ ရာခိုင်နှုန်းအောက်သို့ လွယ်လွယ်ကူကူ ရောက်ရှိမယ်လို့ သုံးသပ်လိုပါတယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က ပြောကြားသည်။
ထို့အပြင် ပြုပြင်ပြီး ခန့်မှန်းခြေ စာရင်း၏ အသုံးစရိတ်တွင် ကာကွယ်ရေး ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနတို့သည် သိသာစွာ များပြားသည်ကို တွေ့ရသည့်အတွက် ရငွေပိုမို ရရှိနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း ဦးမျိုးမြင့်၏ ဆွေးနွေးချက်အရ သိရသည်။
"ကျွန်တော်တွေ့တာက ဘတ်ဂျက်ဆိုတာကတော့ သုံးလို့ရှိရင် တိုင်းပြည်စီးပွားရေး တိုးတက်တယ်ဗျ။ သုံးတာလျှော့ဖို့ မပြောလိုဘူး။ သုံးတဲ့နေရာမှာ ထိရောက်ဖို့နဲ့ အလေအလွင့် အပျောက်အဆုံး အဲဒီနှစ်ချက်ကို အဓိက ထိန်းရမှာ။ တစ်ဖက်က အခွန်အကောက်ကို ကြိုးစားပြီး တိုးကောက်ရမယ်။ တစ်ဖက်က သုံးစွဲမှုကို နည်းနည်းနဲ့ ထိရောက်အောင် သုံးစွဲရမယ်။ အလေအလွင့် ဆိုတာကတော့ ပေါ့လျော့တာရော၊ လာဘ်ပေးလာဘ်ယူ လုပ်တာရော၊ ခိုးတာဝှက်တာရော ပါတာပေါ့။ တစ်ဖက်က ပြန်ပြီးထိန်းညှိတာလုပ်မှ အခွန်တိုးကောက်တာကို အထောက်အကူပြုပြီး ဂျီဒီပီလိုငွေ လျော့ကျသွားမှာ ဖြစ်ပါတယ်" ဟု လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က သုံးသပ်ပြောကြားသည်။

Eleven Media Group