လောင်းရိပ်

ပို့စ်တင်ချိန် - 10/11/2013 06:57:00 PM


ရှမ်းတောင်တန်း အချို့အား တွေ့ရစဉ်

ပြီးခဲ့တဲ့ အပတ်က ရှမ်းပြည်နယ်ဘက်ကို အလုပ်ကိစ္စနဲ့ ခရီးတစ်ခေါက် ရောက်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကို တစ်ခါမှ မရောက်ဖူးတော့ မှိုင်းညိုညို ရှမ်းတောင်တန်း တွေရဲ့ကြားက ဖြတ်သန်း တိုက်ခတ်လာတဲ့ လေပြေနုသွေးရဲ့ ပွတ်တိုက်ကျီစယ်မှုကို ခံစားရင်း ဒီဒေသမှာ နေထိုင်သူတွေရဲ့အေးချမ်းတဲ့ ဘ၀လေးကို တွေးတော အားကျလာပါတယ်။ တောရိပ် တောင်တန်းတွေ ကြားထဲက ရှမ်းပြည်နယ်ရဲ့ အလှက စံတင်လောက်ပါတယ်။ ဒေသတွင်း တက္ကသိုလ်၊ ကောလိပ်တွေ အများကြီး ရှိတာကို တွေ့ရပေမယ့် စက်ရုံ၊ အလုပ်ရုံ အားနည်းတာတွေ လူငယ်တွေအတွက် အကျိုးရှိတဲ့ သင်တန်းတွေ အားနည်းတာကို သတင်းသမား တစ်ယောက်အနေနဲ့ အကဲခတ်မိတော့ မျိုးဆက်သစ် လူငယ်တွေအတွက် ရင်လေးမိပါတယ်။

ရှမ်းပြည်နယ်မှာ နေတာ တစ်ပတ်လောက် ကြာတော့ မြို့တော်တောင်ကြီးမှာ အပေါဆုံးက ဘီယာဆိုင် ဆိုတာကို သတိပြု မိပါတယ်။ ညနေပိုင်း နေညိုချိန်ဆို လူငယ်လူရွယ် အများအပြား ဘီယာဆိုင် အခြေပြု နေတာကို တွေ့ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ပတ်ဝန်းကျင်က အင်တာနက်ဆိုင်ကို သွားသုံးမိတော့ အင်တာနက်ဆိုင် ဖွင့်ထားတဲ့ ရင်းနှီးလာတဲ့ ရှမ်းတိုင်းရင်းသား သူငယ်ချင်းက ပြောပြပါတယ်။

''ရန်ကုန်ကိုတက်ပြီး အလုပ်လုပ်ချင်တာပေါ့ ကျွန်တော်တို့လည်း ဘွဲ့ရပညာတတ်ပါပဲ။ ဒါပေမဲ့ ဘွဲ့တစ်ခုရှိရုံနဲ့တော့ ရန်ကုန်မှာ အလုပ်လုပ်ဖို့ မလွယ်ဘူးဗျ။ အခြား ဘာသာစကား တစ်ခုခုတော့တတ်မှ အဆင်ပြေတာ၊ မဟုတ်ရင် နေစရိတ်၊ စားစရိတ်နဲ့ ကျွန်တော်တို့အတွက် အဆင်မပြေဘူးတဲ့'' သူ့အပြောကို ကျွန်တော့်မှာ ပြန်လည်ချေပ ဖို့အတွက် စကားစ ရှာမရ ဖြစ်နေပါတယ်။ မမှားတဲ့ အမှန်တရား တစ်ခုကို ပြန်လည်ငြင်းဆိုနိုင်စွမ်း ကျွန်တော့်မှာ မရှိပါဘူး။

လူငယ်လူရွယ် ဖြစ်တဲ့အတွက် သူတို့မှာလည်း ကြီးပွားတိုးတက်ချင်စိတ် အထိုက်အလျောက် ရှိမှာပါပဲ။ ရန်ကုန်ကိုတက်မှ အသိအမြင်ပိုမို ပွင့်လင်းလာမယ် ဆိုတဲ့စကားက တိုးတက်ချင်တဲ့ လူငယ်လူရွယ်တွေ၊ သူတို့ရဲ့ လူကြီးမိဘတွေက တဖွဖွ ပြောနေတာကို တောင်ကြီးကနေ ပင်လုံမြို့လေးကိုအသွား ကားပေါ်မှာလည်း ကြားလာရပါတယ်။ ဒါပေမဲ့ မိသားစု အခြေအနေအရ ရှမ်းလူငယ်တွေတင် မကပါဘူး။ မြန်မာတစ်နိုင်ငံလုံးက လူငယ်လူရွယ်တွေဟာ ဘွဲ့ရပညာတတ် တစ်ယောက်ဆို တစ်နေ့ကို လုပ်ခလစာ ကျပ် ၂၀၀၀ နှုန်းလောက်နဲ့ ရန်ကုန်လို မြို့ကြီးမှာ လာရောက် အလုပ်လုပ်ဖို့ မလွယ်ကူ လှပါဘူး။ နေစရိတ်၊ စားစရိတ်တွေက သူတို့ကို ကန့်သတ်ထားပါတယ်။ ဘာသာစကားတစ်ခု ထပ်ပြီး တတ်မြောက်ဖို့ လိုအပ်တယ်ဆိုပြီး သူတို့အပြောအရတောင် တစ်ဖက်တရုတ် (သို့) ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင် ကြပါတယ်။ သွားရောက် အလုပ်လုပ်ကိုင်သူ အရေအတွက်က ရန်ကုန်မှာ လာရောက် အလုပ်လုပ်ကိုင် တာထက်များပါတယ်။

မြေမျက်နှာသွင်ပြင် ပထ၀ီအနေအထားအရ ကြည့်လိုက်ရင် ရှမ်းပြည်နယ်ဟာ မြန်မာပြည်ရဲ့ လေးပုံတစ်ပုံလောက် ကျယ်ဝန်းတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် လူသုံးကုန်ပစ္စည်း တော်တော်များများဟာလည်း နယ်စပ်က ၀င်လာတာချည်းပါပဲ။ လူငယ်လူရွယ် တော်တော်များများဟာ ဒေသထွက်ကုန်ထက် တစ်ဖက်နိုင်ငံက ၀င်လာတဲ့ ကုန်ပစ္စည်းတွေကို ပိုမိုသုံးစွဲ ကြတာကို တွေ့ရပါတယ်။

ရှမ်းရိုးရာ အ၀တ်အထည်ဆိုရင် ဒေသထွက်လည်း ရှိပါလျက်နဲ့ ထိုင်းနိုင်ငံက ပြန်ဝင်တဲ့ ပေါင်းပြီးသား ဈေးနှစ်ဆလောက် ပိုပေးရတဲ့ ရှမ်းရိုးရာ ၀တ်စုံကိုသာ မက်မောကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ထွက်သွားတဲ့ ကုန်ကြမ်းတွေဟာ ရှမ်းပြည်နယ်က ဆိုတာ သံသယ ၀င်စရာတောင် မလိုပါဘူး။ အခြား အသီးအနှံတွေ အစားအသောက်တွေ ဆိုလည်း ဒါကဒေသထွက် ဒီဘက်ကထိုင်း(သို့) တရုတ်ကဆိုပြီး အသီးအနှံ ပါကင်လှလှ ထုပ်ပြီးသားတွေက ဈေးနှစ်ဆလောက် တင်ရောင်းထားတာကို တွေ့ရပါတယ်။ ဒီအသီးအနှံ ကုန်ကြမ်းတွေက သယံဇာတ ပေါကြွယ်ဝတဲ့ ရှမ်းပြည်နယ်ကပဲ ဆိုတာ စဉ်းစားစရာတောင် မလိုပါဘူး။

ရှမ်းပြည်နယ်ဆိုတာ နိုင်ငံခြားသား ခရီးသွား ဈေးကွက်ရပြီးသား ဒေသကြီးပါ။ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ ဒေသထွက် ကုန်ကြမ်းတွေကို အဆင့်မြင့် ကုန်ချောအဖြစ် ပြန်လည်ထုတ်လုပ်နိုင်တဲ့ နည်းပညာကို အခြေခံထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေသာ ရှိမယ်ဆိုရင် ကိုယ့်ကုန်ကြမ်းနဲ့ ကိုယ်မို့လို့ နိုင်ငံခြားကို ကိုယ့်ပြည်တွင်းကရမယ့် ၀င်ငွေတွေ စိမ့်ထွက်သွားစရာ မရှိတဲ့အတွက် စက်မှုဇုန်တွေ စက်ရုံ၊ အလုပ်ရုံ ကောင်းကောင်းတွေသာ ရှိမယ်ဆိုရင် နိုင်ငံတော်အတွက်၊ ရှမ်းပြည်နယ်အတွက် အကျိုးများမှာပဲလို့ သတင်းထောက် တစ်ယောက်ပီပီ တွေးကြည့်ပါသေးတယ်။

ဒေသတွင်း စီးပွားရေး အခွင့်အလမ်းတွေကို ပြည်နယ် အစိုးရက သိမှာပါပဲ။ ဘာဖြစ်လို့များစက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်မှု အားနည်းနေတာလဲဆိုတဲ့ အတွေးက စိတ်ထဲမှာ လွှမ်းမိုးလာပါတယ်။

ဖြန့်ကြက်လာတဲ့ အတွေးတွေကို စုစည်းလိုက်တဲ့ အခါမှာတော့ ပင်လုံမြို့လေးကို ရောက်လာ ပါတော့တယ်။ ဒေသခံတွေကို စေ့ငုကြည့်လိုက်တော့ ရိုးသားတဲ့ ပအို့ဝ်လူမျိုးတွေ အများစု ဖြစ်တာကို တွေ့ရပါတယ်။ တောင်ကြီးမြို့နဲ့ ၆၃ မိုင်ဝေးကွာတဲ့ လွိုင်လင် ခရိုင်ထဲမှာပါတဲ့ ပင်လုံမြို့လေးမှာ စိုက်ပျိုးရေး မွေးမြူရေး အားနည်းနေတာကို တွေ့ရပါတယ်။

မြို့ပေါ်လူငယ်တွေမှာ မျှော်လင့်ချက် အိပ်မက်တွေ ရှိရဲ့သားနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုက ပိတ်ဆို့ထားသလို တစ်ဖက်ကလည်း မူးယစ်ဆေးဝါးက ထပ်မံထိုးနှက် တိုက်ခိုက်နေပြန်တော့ ဒေသခံ လူငယ်တွေအတွက် မစဉ်းစားရဲ လောက်အောင်ပါပဲ။ လူငယ်တွေရဲ့ မျှော်လင့်ချက် အိပ်မက်တွေ တတ်နိုင်သမျှ မက်ခွင့်ရဖို့ဆိုတာ လူကြီးလုပ်နေတဲ့ သူတွေရဲ့ ဖေးမကူညီမှုတွေ နည်းပေး လမ်းညွှန်မှုတွေ လိုအပ်ပါတယ်။

ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ အိပ်မက်တွေကို မျှော်လင့်နိုင်ဖို့ အတွက် အခွင့်အရေးတွေရဖို့ လိုအပ်ပါတယ်။

လူငယ် လူရွယ်တွေဟာ အညှောင့်ထွက်စ ပင်ပျိုလေးတွေနဲ့ တူပါတယ်။ ရှမ်းတောင်တန်းကြီးရဲ့ အရိပ်အာဝါသ ကတော့ အေးချမ်းလှပါတယ်။ ဆောင်းရနံ့ပါတဲ့ လေပြည် လေညင်းရဲ့ ထွေးပွေ့မှုအောက်မှာ ရှမ်းတိုင်းရင်း သားတွေက အေးအေးဆေးဆေး နေကြပါတယ်။

ရှမ်းတောင်တန်းကြီးကို ရစ်သိုင်းခြုံလွှမ်းနေတဲ့ မြူမင်းတိမ်လွှာကို အံမတု နိုင်ရှာတဲ့ နေမင်းရောင်ဝါရဲ့ နွေးထွေးတဲ့ နေရောင်ခြည်ကိုတော့ ရှမ်းပြည်မှာ ထိတွေ့ခံစားနိုင်ဖို့ ခဲယဉ်းလှပါတယ်။ နေရောင်ခြည် အထိအတွေ့ကို မရလို့များ ပျိုးပင်လေးတွေ ရှမ်းတောင်တန်းရဲ့ လောင်းရိပ်အောက်မှာ မရုန်းထွက် နိုင်တာလားလို့ တွေးတောမိရင်း။

Eleven Media Group
Written by ကိုထက်