လှိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံရသည့်အပြင် ဓါးထိုးခံခဲ့ရ

ပို့စ်တင်ချိန် - 10/08/2013 08:39:00 AM


လှိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံရသည့်အပြင် ဓားဖြင့်ထိုးခံရမှုတစ်ခု အောက်တိုဘာ ၄ ရက် ညကဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်တွင် ယင်းနေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်က လှိုင်မြို့နယ်၊ အင်းစိန်လမ်းနေဈေးသည် ဒေါ်မြင့်မြင့်စိန်သည် အပြင်မှပြန်လာပြီး တိုက်ခန်း (၃)လွှာအရောက်တွင် နောက်မှလိုက်လာသော အသက် (၂၀)နှစ်ခန့် လူငယ်တစ်ဦးက လည်ပင်းအားသိုင်းဖက်၍ ၀မ်းဗိုက်အားဓားဖြင့်ထောက်ကာ တန်ဘိုးကျပ်သိန်း (၇၅၀, ၀၀၀)ခန့်ရှိ ပုလနှစ်လုံး ဆွဲသီးပါ ရွှေဆွဲကြိုးကို လုယူပြီး လှေကားအတိုင်း ဆင်းပြေးခဲ့သည်ဟု တရားလိုက တိုင်တန်းထားသည်။

ထို့ကြောင့် သူမက “ဆွဲကြိုးလုပြေးတယ်” ဟု အော်ဟစ်ပြီး နောက်မှ ဆင်းလိုက်ရာ နေအိမ်အောက်လမ်းမ အရောက်တွင် အဆိုပါ လူငယ်မှ နောက်သို့ လှည့်လာပြီး အသင့်ပါလာသော ဓားဖြင့်ထိုးခဲ့သည်ဟုလည်း ရဲအား ထွက်ဆိုထားသည်။

ထို့ကြောင့် ဒေါ်မြင့်မြင့်စိန်တွင် ၀မ်းဗိုက်ယာဘက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာလက် ညိုးပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ကုသခဲ့ရသည်ဟုသိရသည်။

ထို့ကြောင့် ဆွဲကြိုးလုပြီး ဓားဖြင့် ထိုးသူလူငယ်ကို ဖမ်းဆီးအရေးယူပေးရန် ဒေါ်မြင့်မြင့်စိန်ကပင် တရားလိုပြုလုပ် တိုင်တန်းခဲ့သည်။ အဆိုပါ တိုင်တန်းမှုကို လှိုင်ရဲစခန်းက (ပ)၄၀၃/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး လုပ်ဆောင်လျက်ရှိပြီး ဖမ်းဆီးရမိပါက ပုဒ်မ ၃၉၄ ဖြင့် တရားစွဲဆို မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။

Mizzima - News in Burmese