ဆရာကြီး ဂိုအင်ကာ၏ အရိုးပြာ ဧရာဝတီမြစ်အတွင်း ရေမျှောခြင်းကို မန္တလေးမြို့၌ ကျင်းပ

ပို့စ်တင်ချိန် - 10/11/2013 11:53:00 AM



ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာ ရေမျှောပွဲကို အောက်တိုဘာ ၁၀ ရက်က မန္တလေးမြို့ ဧရာဝတီမြစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အရိုးပြာအိုးကို ရေတံခွန်တောင် ဓမ္မဏ္ဍလရေတံခွန် တောင်ရိပ်သာမှ သယ်ဆောင်ကာ မွန်းလွဲ ၃ နာရီခန့်တွင် ဂေါဝိန်ဆိပ်ကမ်းမှတစ်ဆင့် မန္တလေး-စစ်ကိုင်း ဧရာဝတီ မြစ်ပြင်အတွင်း ရေယာဉ်များ ဖြင့်လှည့်လည်ကာ ညနေ ၆ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် မန္တလေးဆိပ်ကမ်း ရေပေါ်ဟိုတယ် အနီးရှိ မြစ်ရေပြင်၌ အရိုးပြာ ရေမျှောခြင်းနှင့် မီးမျှောခြင်းများကို ဆောင်ရွက်ခဲ့သည်။

''အရိုးပြာအိုးကို ရေယာဉ်ပေါ်တင်ပြီး မန္တလေးကနေ စစ်ကိုင်းဘက်ထိ လှည့်လည်ခဲ့ကြတယ်။ စစ်ကိုင်းတံတား မရောက်ခင် ရေကြောင်းအတိုင်း မန္တလေးဘက်ကို ပြန်ဆန်တက်လာပြီး ဘောဂကြီးဆိပ်နဲ့ ရေပေါ်ဟိုတယ်ကြားရှိ မြစ်ရေပြင်မှာ ဆရာကြီးရဲ့ ဆွေတော်မျိုးတော်တွေ ကိုယ်တိုင်ရေမျှော ခဲ့ကြတယ်။ ဖယောင်းတိုင် မီးထွန်းထားတဲ့ မီးကြာခွက် တွေကိုလည်း ရေမျှောပူဇော်ခဲ့ကြပြီး မီးရှူးမီးပန်းတွေလည်း ပစ်ဖောက်ခဲ့ကြတယ်'' ဟု ဆရာကြီး ဂိုအင်ကာ၏ အမျိုးတော်စပ်သူ တစ်ဦးက ပြောကြားသည်။

ဆရာကြီး ဂိုအင်ကာသည် မန္တလေးတွင် မွေးဖွားခဲ့သည့် စက်မှုလုပ်ငန်းရှင် တစ်ဦးဖြစ်ကာ ဆရာကြီး ဦးဘခင်ထံမှ ၀ိပဿနာ တရားတော်များကို ၁၄ နှစ်ကြာသင်ယူ ကျင့်ကြံပြီးနောက် ၁၉၆၉ ခုနှစ်မှ စတင်ကာ အိန္ဒိယနိုင်ငံတွင် ၀ိပဿနာ တရားတော်များ ပို့ချသင်ကြား ပေးခဲ့သည်။ ဆရာကြီး ဂိုအင်ကာသည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်၌ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဆရာကြီး ဂိုအင်ကာသည် အသက် ၉၀ နှစ် ရှိပြီဖြစ်သည်။

ဆရာကြီး အရိုးပြာအိုးကို အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၇ ရက်က သယ်ဆောင်ခဲ့ပြီး ၈ ရက်တွင် ရန်ကုန်မြစ် အတွင်း၊ ၉ ရက်တွင် မြစ်ကြီးနားမြို့မှ ဧရာဝတီမြစ်အတွင်း ရေမျှောခဲ့ကြောင်း သိရသည်။

(၀ိပဿနာ တရားပြဆရာကြီး ဂိုအင်ကာ၏ အရိုးပြာအိုး တင်ဆောင်လာသည့် ကရ၀ိတ်ယာဉ်ကို တွေ့ရစဉ်)
Eleven Media Group