ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုပွဲများ ပြုလုပ်

ပို့စ်တင်ချိန် - 10/28/2013 08:58:00 AM


၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုပွဲကို အောက်တိုဘာ ၂၆ ရက်က ရှမ်းပြည်နယ်ရှိ SNLD ရုံးများရှိရာ မြို့နယ်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD) ကို ၁၉၈၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် စတင်တည်ထောင်ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ၂၅ နှစ် ပြည့်ခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်ရှိ ရုံးချုပ်တည်ရှိရာ မြို့နယ် ၂၆ မြို့နယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အားလုံးပါဝင်မည့် အထိမ်းအမှတ်ပွဲကို နိုဝင်ဘာ ၉ ရက်၊ ၁၀ ရက်များတွင် လားရှိုးမြို့၌ သီးသန့်ထပ်မံ ပြုလုပ်သွားမည် ဖြစ်သည်။

"ပြီးခဲ့တဲ့ ၂၅ နှစ်တာ ကာလကတော့ ရုန်းရကန်ရတဲ့ ကာလတွေပေါ့ဗျာ။ အောင်မြင်မှုတော့ သိပ်မရခဲ့ဘူး။ ဒါပေမဲ့ မဟာဗျူဟာ မပြောင်းမလဲဘဲ သွားခဲ့တဲ့အတွက် ဂုဏ်သိက္ခာတော့ အနည်းငယ် ရှိခဲ့ပါတယ်။ ၂၅ နှစ်တာလုံးမှာ ကျွန်တော်တို့ အခြေခံဥပဒေကို ဆန့်ကျင်ခဲ့တယ်။ အခုနောက်ဆုံး အခြေခံဥပဒေကိုလည်း ဆန့်ကျင်နေတုန်းပဲ။ အခု အနည်းဆုံးတော့ ပြင်တဲ့အဆင့်ကို ရောက်လာပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မျှော်လင့်တာ အပြည့်အ၀ ရချင်မှ ရနိုင်ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကတော့ ဖက်ဒရယ်၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ရရှိရေးပါပဲ။ အဲဒါတွေ ရဖို့တော့ ဆက်ရုန်းကန်ရဦးမှာပဲ" ဟု SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

SNLD သည် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ၅၈ ဦးဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၃ ဦး အနိုင်ရရှိခဲ့ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နောက် ဒုတိယအများဆုံး အနိုင်ရသည့် ပါတီဖြစ်သည်။
Eleven Media Group