ကြွေးတင်ရင် ရှင်ဘုရင်ဆပ်မှာလား

ပို့စ်တင်ချိန် - 10/25/2013 07:09:00 PM


ရှေးစကားပုံတစ်ခုကို ကြားဖူးသည်။ “ကြွေးတင်ဘုရင်ဆပ် လိမ့်မည်”တဲ့။ ဟုတ်မဟုတ်တော့မသိ အလွန်နားထောင်ကောင်းလွန်းသော စကားပုံဖြစ်သည်။ အကြွေးရလျှင် ဆင်တောင်ဝယ်စီးချင်သော မြန်မာလူမျိုးများနှင့် အလွန်လိုက်ဖက်သော စကားပုံကလေးဖြစ်သည်။ ကျွန်တော်၏အစ်မကြီး ဒေါ်မာလာဝေသည် အကြွေးယူရတာကို အလွန် ဝါသနာပါသည်။ ဘာပစ္စည်းပဲဖြစ်ဖြစ် အကြွေးလာရောင်းလျှင် ငြင်းသည်မရှိ ဝယ်ယူလေ့ရှိသည်။ အကြွေးသာရပါက ဘာ မဆိုဝယ်သည်။ ကျွန်တော်တို့က ဘယ်ကပိုက်ဆံနှင့် အကြွေးကို ပြန်ဆပ်မည် နည်းဟုမေးတော့ “ဒါလေးများ လွယ်ပါတယ် ကြွေးတင်ဘုရင်ဆပ်မှာပေါ့” ဟု အဖြေပေးလေ့ရှိသည်။ ကျွန်တော်သည် ငယ်သေးသည်ဖြစ်ရာ တိုင်းသူပြည်သားများ အကြွေးတင်ပါက တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသော ရှင်ဘုရင်ကြီးက ပြည်သူတွေကိုယ်စား အကြွေးတွေကို ဝင်၍ဆပ်ပေးလိမ့်မည်ဟု တကယ်ပင် ယုံကြည်ခဲ့သည်။ ဒါကြောင့် မာလာဝေက ကြွေးတင် ဘုရင်ဆပ်လိမ့်မည်ဟု ပြောခြင်းဖြစ်နိုင်သည်ဟု ကလေးအတွေး တွေးခဲ့ဖူးပါသည်။

ဟိုးရှေးပဒေသရာဇ်ခေတ်က တိုင်းသူပြည်သားများ အကြွေးမဆပ်နိုင်လျှင် ရှင်ဘုရင်ကြီးက ဝင်ကူဆပ်ပေးရသော ဓလေ့မြန်မာနိုင်ငံမှာ ထွန်းကားခဲ့သလားတော့ သေသေချာချာမသိပါ။
ကလေးဘဝက ကြည်နူးမှုကလေးသည် ကြီးပြင်းလာသောအခါ တဖြည်းဖြည်းနှင့် ဖြစ်ရပ်မှန်နှင့်ကွာခြားနေကြောင်း သိရပေပြီ။ ကျွန်တော်တို့ အာရုံကိုပို၍ ကိုင်လှုပ်လိုက်သော ဖြစ်ရပ်မှာ ၂၄-၁၀-၂၀၁၂ နေ့က ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်အစည်းဝေးမှ အမေးအဖြေများကို ကြားရ၍ ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံခြားတိုင်းပြည်များ သို့ပေးဆပ်စရာကြွေးမြီ စုစုပေါင်း မည်ရွေ့မည်မျှရှိသည်ကို ဖြေကြားပေးပါရန် မင်းလှမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးမောင်တိုး၏ မေးမြန်းချက်ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိန်းက ဖြေကြားရာ၌ မြန်မာနိုင်ငံက ပေးဆပ်ရန်တင်ရှိနေသော နိုင်ငံခြားကြွေးမြီ(အတိုး၊အရင်းပေါင်း)မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း တစ်သောင်း ငါးထောင်ကျော်(USD 15089.434 million) ရှိသည်ဟု ဖြေကြားသွားပါသည်။ တဖန်ပြည်တွင်း ကြွေးမြီကျပ်သန်းပေါင်း ကိုးသန်းကိုးသိန်းကျော်(သန်းပေါင်း ၉၉၈၈၈၅၇ ကျပ်) တင်ရှိနေကြောင်း တရားဝင်ထုတ်ဖော်ပြောကြားသွားပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ပြည်သူလူထုမှာ ဟိုက်ခနဲ ဖြစ်သွားပါသည်။

ကျွန်တော်တို့တိုင်းပြည်သည် ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး (တည့်တည့်ပြောရလျှင် ကမ္ဘာ့အဆင်းရဲဆုံး) နိုင်ငံစာရင်းထဲမှာ ပါနေတာတော့ သိသည်။ သို့သော် အစိုးရအဆက်ဆက်က တစ်ခါမှယခုလို တိတိကျကျ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိ၍ ကိုယ့်နိုင်ငံက အကြွေးတွေကို သေသေချာချာ သိလိုက်ရသောအခါ ပက်လက်လန်သွားပါသည်။ နိုင်ငံခြားကြွေးမြီ ဒေါ်လာ ၁၅ ဘီလျံအနက် အများစုဖြစ်သော ၈ ဒသမ ၄ ဘီလျံဒေါ်လာမှာ ဦးနေဝင်း အစိုးရလက်ထက် ၁၉၆၂ နှင့် ၁၉၈၈ ခုနှစ်ကြားတွင် ချေးယူထားခဲ့သည် ဆိုသည်။ ကျန်ချေးငွေများမှာ ၁၉၈၈ နောက်ပိုင်း တက်လာသော အစိုးရလက်ထက်က ချေးငွေများဖြစ်သည်။ အကြွေး ထုံးစံအရ အရင်း မဆပ်နိုင်သောအခါ အတိုးပါ ထပ်ပေါင်းလျက် ဤမျှအထိ များပြားလာခဲ့ခြင်းဖြစ်ဟန်တူသည်။

နိုင်ငံတော်ကို အလွန်ချစ်ပါသည်ဟု တဖွဖွပြောကာ အာဏာသိမ်းယူခဲ့သော အာဏာရှင်ကြီးများသည် သူတို့အုပ်ချုပ်စဉ်က တိုင်းပြည်၏ ဘဏ္ဍာရေးရှင်းတမ်းကို အမြဲလျှို့ဝှက်ထားခဲ့ပြီး ဆင်းသွားသောအခါမှ တိုင်းပြည်က ဤရွေ့ဤမျှပေးဖို့ရှိပါသည်ဆိုခြင်းမှာ ဘုန်းကြီးအမှုရွာပတ် ဆိုသကဲ့သို့ ဘုန်းကြီးတစ်ပါးရှုပ်ထားခဲ့သော ကိစ္စမှာ သူလူထွက်သွားကမှ ရွာသားများက စိုက်၍လျော်ရမည့် ကိန်းဆိုက်နေပေသည်။ သူတို့ အုပ်ချုပ်ခဲ့စဉ် ကာလတစ်လျှောက် တစ်ခါဖူးမျှ တိုင်းသူပြည်သားများကို လူရာသွင်း၍ ရှင်းမပြခဲ့သော ချေးငွေများမှာ ဘယ်ကရ၍ ဘယ်လိုကုန်သွားမှန်းလဲ မသိရပေ။ ကုန်ငွေ(သုံးငွေ)ကို မသိရသော်လည်း ရငွေ(ချေးငွေ) များ ဘယ်သူ့ထံမှ ဘယ်လောက်ကို ဘယ်လိုရရှိခဲ့သလဲဆိုတာတော့ (အစိုးရက မကြေညာ၍ အသေးစိတ်မသိရသည့်တိုင်) အောက်ပါအတိုင်း အကြမ်းဖျင်းပေါ်လာပေသည်။ စာရင်းတွင် အကြောင်းပြထားခဲ့သော ခေါင်းစဉ်များအတိုင်း တကယ်သုံး မသုံး ကတော့စဉ်းစားစရာပင်။

ဤစာရင်းမှာ ၁၉၅၀ မှ ၁၉၈၈ ခုနှစ်အထိ စာရင်း(အကြမ်း)မျှသာရှိ၍ မည်မျှ မှန်ကန်မှုရှိသလဲဆိုတာ ကာယကံရှင်များပင် သိပေလိမ့်မည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အာဏာသိမ်းသော ၁၉၈၈ မှစကာ သမ္မတကြီး ဦးသိန်းစိန်တက်လာသော ၂၀၁၀ ခုနှစ်အထိ ကြားကာလ(၂၂နှစ်) နိုင်ငံတကာ ထောက်ပံ့ငွေစာရင်းကတော့ မည်ရွေ့မည်မျှဟု ဘယ်သောအခါမှ ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ပျောက်နေခဲ့ကာ ၂၀၁၂ သို့ရောက်မှ ဗြုန်းခနဲ အကြွေးများကို ကြားရခြင်းဖြစ်သည်။ တိုင်းသူပြည်သားများမှာ မုန့်ဝေရာတွင်မပါ တုတ်(ဒုတ်)ဝေတော့မှ ပါရသည် ဆိုသလိုဖြစ်နေပေသည်။ လွှတ်တော်တွင် ဘဏ္ဍာရေးနှင့်အခွန် ဒု/ဝန်ကြီး တင်ပြသလိုဆိုပါက မြန်မာနိုင်ငံ၏ အ ကြွေးထုထည်မှာ ကြီးမားလှပေသည်။ နှစ် ၅၀ နီးပါး တိုင်းပြည်ကိုအုပ်စိုးခဲ့စဉ်က သစ်တောများ၊ ကျောက်မျက်ရတနာများ၊ သဘာဝဓာတ်ငွေ့များကို ရောင်းချစဉ်ကရခဲ့သော ဝင်ငွေနှင့်သုံးငွေကို တိုင်းသူပြည်သားတို့ စိုးစဉ်းမျှမသိခဲ့ကြ။ ယခုအခါ သစ်တောများလည်း ကုန်သလောက်ရှိ၊ သဘာဝတွင်းထွက်များလည်း အားလုံးလက်လွှဲ ရောင်းချပြီးကာမှ အကြွေးတွေ ဤရွေ့ဤမျှရှိသည်ဟု စာရင်းတင်လာခြင်းမှာ ဒေးဗစ်ကော်ပါဖီး မျက်လှည့်ထက်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းပေသည်။ ၂၀၁၂ က လွှတ်တော်တွင် အစီရင်ခံတင်ပြခဲ့သော်လည်း ယခုမှ ဤဆောင်းပါးကို ရေးရခြင်းမှာ မကြာမီက ပေါ်ပေါက်ခဲ့သော မြန်မာနိုင်ငံသားအချို့သည် ဒေါ်လာ ၁၁ ဘီလျံကို နိုင်ငံခြားဘဏ်များတွင် ပုဂ္ဂလိက စာရင်း(၅)ခုဖြင့် လျှို့ဝှက်စွာ အပ်နှံထားခြင်းရှိသည်ဟူသော ကောလာဟလ ပေါ်ပေါက်လာမှုကြောင့် နောက်ဆက်တွဲစဉ်းစားကြည့်ရင်း အတွေးပေါ်လာရခြင်း ဖြစ်သည်။ ဒေါ်လာ ၁၁ ဘီလျံ ပုဂ္ဂလိက အမည်နှင့်အပ်ထား၊ မထားကတော့ မရေရာမသေချာမှုများဖြင့် မည်သူကမှ လက်ဆုပ်လက်ကိုင်မဖော်နိုင်ပါ (ဖော်ဖို့တာဝန်မှာ အစိုးရတာဝန်ဖြစ်သည်)။ လက်ဆုပ်လက်ကိုင်ပြနိုင်သည်ကတော့ တိုင်းပြည်သည် အကြွေးနွံထဲမှာ မပိသင့်ပဲ ပိခဲ့ရခြင်းဖြစ်သည်။

လွှတ်တော်တွင် အစီရင်ခံခဲ့သလို မြန်မာနိုင်ငံသည် ကမ္ဘာသို့ပေးဆပ်ရန် ဒေါ် လာသန်းပေါင်း တစ်သောင်းငါးထောင်ခန့် အကြွေးတင်ရှိနေခဲ့သည်ဟုဆိုလျှင် တစ်ဦးချင်းအချိုးချကြည့်ပါက (မြန်မာနိုင်ငံ၏ လူဦးရေကို ပျမ်းမျှ သန်းခြောက်ဆယ်နှင့် တွက်လျှင်) လူတစ်ယောက်ကို ၂၅၁ ဒေါ်လာခန့် အကြွေးပေးစရာရှိနေသည့် သဘောဖြစ်သည်။ အကြွေးတင် ဘုရင်ဆပ်လိမ့်မယ်ဟု စာဆိုရှိသော်လည်း ဘုရင် ကြီးကြောင့် တိုင်းပြည်က အကြွေးနွံထဲမှာ နစ်နေသောအခါ ဘယ်သူကလာ၍ ဆပ် ကြမည်နည်း။ စားရသူက . . . လူဆယ် ဂဏန်း၊ ရာဂဏန်းမျှသာ။ ဆပ်ရမည့်သူက သန်း (၆၀) ဖြစ်နေလေပြီ။ နိုင်ငံတော် သီချင်းတွင်ပါဝင်သော “ဒို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ” ဟူသော စကားမှာ မှန်ပေသည်။ အဘိုးအဘွားနှင့်တူသော အတိတ်ကပုဂ္ဂိုလ်ကြီးများ အမွေပေးခဲ့သည်မှာ ပညာရေးလည်းမဟုတ်၊ ကျန်းမာ ရေးလည်းမဟုတ်၊ ရင်ခွင်ပိုက်နို့စို့ကလေးမှစကာ လေးဘက်ပြေးတတ်စ၊ မတ်တတ် ရပ်ခါစကလေးများ အပါအဝင် အဘိုးအဘွားအရွယ်အထိ၊ တိုင်းသူပြည်သားများသည် ဘုမသိဘမသိ တစ်ယောက်လျှင် အမေရိကန်ဒေါ်လာ ၂၅၀ နှင့် ညီမျှသော ၂ သိန်း ၄ သောင်းကျပ်ခန့် မွေးရာပါအကြွေးတင်ရှိနေကြပြီ မဟုတ်ပါလော (ဒါတောင် ပြည်တွင်း သုံးငွေဖြင့် တင်ရှိနေသော အကြွေးသန်းပေါင်း ကိုးသန်း ကိုးသိန်းကျော် မပါသေးချေ)။

ကျွန်တော့်မှာ ဇနီးမယားနှင့် သားနှစ်ယောက်ရှိသဖြင့် မိသားစုဝင်လေးဦးဖြစ်သောကြောင့် နိုင်ငံတကာသို့ပေးရန် မွေးရာပါအကြွေးမှာ (၂၄၀ဝ၀ဝ X ၄) နှင့်တွက်လျှင် မိသားစုအကြွေး ကိုးသိန်းခြောက်သောင်း ဖြစ်နေ ပေသည်။ နိုင်ငံသားတိုင်းသည် ထိုငွေကို ကျေအောင်မဆပ်နိုင်မီ ကမ္ဘာပျက်ခဲ့ပါက ကြွေးမကျေသောကြောင့် သံသရာပါကာ အားလုံးအဝီစိသို့သာ သွားရတော့မည့် ကိန်း ဆိုက်နေချေပြီတစ်မုံ့။

သရဝဏ် (ပြည်)
စောင့်ကြည့်ဂျာနယ် အတွဲ (၈) အမှတ် (၂၀)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)